လက်တို့ပြီးတော့ ပြောရအုံးမယ်(၇)
ဘလော့ဂါနှစ်ယောက် တစ်ယောက်ကို တယောက် အားပေးရင်း နေခဲ့ကြရတဲ့ အခြေအနေ ကနေပြီး ခုတော့ စာရေးဆရာလောင်းတယောက် ပါဝင်လာပြီဖြစ်လို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပထမ ပြောပါရစေ။
ကိုမောင်မောင်က သူ ၁၂နှစ်သား အရွယ်လောက်ကတည်းက ကဗျာ ဘယ်လိုရေးရတယ်ဆိုတာ သူ့အဖေက သင်ပေးခဲ့တယ်ဆိုတာသိရလို့ ၀မ်းသာ အံ့သြရပါတယ်။ အံ့သြရတာက ခုအချိန်ထိ သူရေးခဲ့တဲ့ ကဗျာ တပုဒ်မှမဖတ်ဖူးသေးလို့ပါ။ ကြုံကြိုက်ရင်တော့ သူ့ဘလော့မှာ ဖတ်ရမယ် ထင်ပါတယ်။
သူသင်ခဲ့ရတဲ့ "အစလေးလုံး၊ အလယ်သုံး၊ နောက်ဆုံး နှစ်၊ခွန်၊ငါး။" ဆိုတဲ့ လေးလုံးစပ် ကဗျာစပ်နည်းလေးကို ဖွဲ့ဆိုထားတာ ဘယ်မှာမှ မတွေ့ဘူးသေးပါဘူး။ သူ့အတွက် လေးလုံးစပ်ကဗျာ အလွယ်စပ်နိုင်အောင်ထွင်ပြီး နည်းပေးခဲ့တာနဲ့
တူပါတယ်။ လေးလုံးစပ်ကဗျာဟာ ဒီနည်းပါဘဲ။ ရှေးကသင်ရိုးရှိတာက သံပေါက်စပ်နည်းပါ။ " အစလေးလုံး၊ အလယ်သုံး၊ အဆုံး ငါး ခွန်နှစ်" ဆိုပြီး သံပေါက် စပ်နည်းကိုပေးခဲ့တာပါ။
ဥပမာပြရရင်ဖြင်................ဦးမောင်ရေးထား၊
ကဗျာများ၊
ဖတ်ကြားလိုပါဘိ။.... လို့စပ်လိုက်ရင် သံပေါက်ကဗျာဖြစ်တော့တာပေါ့။
အသစ်ပါဝင်လာတဲ့ ဘွဲ့မရသေးတဲ့ အင်ဂျင်နီယာလည်း စာရေးဆရာ ဖြစ်နိုင်ပါတယ်။သူရေးထားတဲ့ မှတ်ချက်တွေကို ဖတ်ကြည့်ရခြင်းအားဖြင့် " တောက်မည့်မီးခဲ၊တရဲရဲ" ဆိုတာတွေ့ရပါတယ်။ ဒါပေမဲ့ ကျောင်းကမပြီးသေးလို့
ကျောင်းစာကို ၉၉% ကျိုးစားပါအုံးလို့ပြောပါရစေ။
ဘဘကို မမြင်ဘူးလိုက်ဘူး ဆိုတော့ ဘဘရဲ့အဖေကိုဆို ပိုဝေးသွားပြီပေါ့။ မြင်ဘူးအောင် ပထမ ဘဘရဲ့ အဖေပုံကိုတင်ပေးလိုက်ပါတယ်။ သူက သြဂုတ်လ၊ ၁၁ရက်၊၁၉၆၄ ကဆုံးသွားတာပါ။ ဦးဘသန်း တဲ့။
ခု ဒီတပုံက ဘဘ ဦးကျော်တင့်ပုံပါ။ သူကတော့ အောက်တိုဘာလ၊ ၁၈ရက်၊ ၁၉၈၈ခု မှာဆုံးတာပါ။
သူက အနုပညာကိုလည်းဝါသနာပါတယ်။ ပတ္တလျား၊ မယ်ဒလင် တွေကိုလည်းတီးတတ်တယ်။ သားသမီးတွေသိပ်ပြီ ဆိုရင်လဲ ပါးစပ်ထဲ တွေ့တဲ့ စကားလုံးတွေကို သီချင်းဖြစ်အောင် သံစဉ်ထဲ့ ဆိုတတ်တယ်။ စာရေးတတ်၊ ပြောတတ်အောင်လည်း မြေထေါင်မြှောက်ပေးတတ်တယ်။
၁၉၅၈ ခုနှစ်လောက်ကထင်တယ်။ ပခုက္ကူမှာ မီးအကြီးအကျယ်လောင်တယ်။ ရပ်ကွက်နံမည်တော့ မပြောတတ်ဘူး။ ၀င်းရုပ်ရှင်ရုံနားကစပြီးလောင်လိုက်တာ စွန်သိုက်အောက်ကျင်းအထိရောက်ရော။ မြို့ရဲ့ အရှေ့ခြမ်းတခြမ်းလုံးနည်းပါး
မီးလောင်သွားတာပေါ့။ ဘဘဦးဘသန်းက ခေါင်းဆောင်ပြီး တို့ ကလေးတွေကို မီးဘေးရှောင်ဘို့ မီးလောင်မြေနားကကပ်ပြီး အလယ်တိုက်ဆီကိုပြေးကြရတယ်။ကလေးတွေထဲ အကြီးပိုင်းက ငါနဲ့ ကိုရဲပေါ့။ အငယ်ဆုံးကတော့ မနှင်းနဲ့ စောမြင့်လှိုင်ပေါ့။ ကိုခင်မောင်တင့် ကတော့ ရင်ခွင်ပိုက်ဘဲရှိအုံးမယ်ထင်တယ်။
ညနေ မီးငြိမ်းတော့မှ အိမ်ပြန်လာရတယ်။ နောက်နေ့ကြတော့ အဲဒီတုံးကတွေ့ကြုံတဲ့အကြောင်းတွေ၊ ခံစားချက်တွေကို အလယ်တန်းရောက်နေသူတွေက စပြီး စာစီစာကုံးရေးဖွဲ့ ရမယ်ဆိုလို့ တို့ရေးခဲ့ကြရသေးတယ်။ ရေးတတ်အောင်၊
ရေးတဲ့အကျင့်ရအောင် အဲဒီလိုမြေထေါင်မြှောက်ပေးတာ။
ငါလည်းရေးခဲ့တာပေါ့။ တက္ကသိုလ်မှာလည်းရေးခဲ့တယ်။ ကျောင်းပြီးသွားတော့လည်းရေးခဲ့တယ်။ မှတ်မှတ်ရရ ပြောရရင် ၁၉၆၅-၆၆ ခုနှစ်ထုတ်တဲ့ ဓာတုဗေဒမဂ္ဂဇင်းမှာ စာညွန့် တပုဒ် ပုံနှိပ်ဖေါ်ပြတာခံရဘူးတယ်။ တခုသော ပခုက္ကူ ရဲ့ လွတ်လပ်ရေး စာစီစာကုံးပြိုင်ပွဲမှာ ဒုတိယဆုရလို့ ဖေါင်တိန်တချောင်းရဘူးတယ်။ ဒါပါဘဲ။ ကျန်တာတွေက အပါယ်ခံရတာခြည်းဘဲ။
လုပ်ဆောင်မှုတွေထဲက မဂ္ဂဇင်းမှာ အဖေါ်ပြခံရတာ နောက်တခုရှိတယ်။ ဒါကဓာတ်ပုံပါ။ တက္ကသိုလ်ရောက်လို့ ရတဲ့ စတိုင်ပင် နဲ့ ၀ါသနာပါတဲ့ ကင်မရာ တလုံးဝယ်ပြီး ရိုက်ခဲ့တယ်။ တက္ကသိုလ်က ဓာတ်ပုံအသင်းမှာဝင်ပြီးတော့ လဲ ဓာတ်ပုံပညာသင်ခဲ့တယ်။
၁၉၈၃ ခုနှစ် အောက်တိုဘာ ပခုက္ကူ ပြန်ရောက်တုံး ဦးလေးသိန်းတို့ အိမ်နောက်ဖေးက နံရံနားမှာ ထားတဲ့တန်းလျားမှာ မချိုက ဇာထိုးနေတယ်။ ကျနေတဲ့ အလင်းရောင်ကိုသဘောကျလို့ သူ့ကိုပြောပြီး ဓာတ်ပုံရိုက်ခဲ့တယ်။
ဖလင်နဲ့ရိုက်တာဆိုတော့ ရန်ကုန်ရောက်လို့ဆေးပြီးတော့မှပုံကိုတွေ့ရတာပါ။ ပုံကတော့ ဒီလိုပုံပါ။
ပုံကိုတွေ့တော့ သဘောကျတာနဲ့ တည်းဖြတ်လိုက်တော့ ဒီလိုပုံထွက်လာတယ်။
ဒီပုံကို ပေဖူးလွှာ မဂ္ဂဇင်းကိုသွားပြတော့ အဲဒီတုံးကအယ်ဒီတာ (ကိုဝင်းညိမ်း ထင်တယ်) က သနပ်ခါးပါးကွက်ကြားနဲ့ ဒီပုံကောင်းတယ်ဆိုပြီး " ပင်ကိုအလှ" ဆိုတဲ့ကဏ္ဍမှာ ထဲ့သုံးတယ်။
မင်းတို့ဘဘ က စာအရေးအသားတင်မကဘူး အပြောအဆိုလဲ ပြောရဲဆိုရဲအောင် လေ့ကျင့်ပေးတယ်။
တခါသားပေါ့နော်။ ဒီစကားသုံးလိုက်ရလို့ စင်ကာပူကို သတိရမိသေးတယ်။ စကားရည်လုပွဲ လုပ်မယ်။ အမှတ်(၁) ကျောင်း တက်နေသူတွေ အကုန်ပါရမယ်တဲ့။ အုပ်စုနှစ်ခုခွဲ လိုက်တယ်။ ငါကတဖက်အုပ်စုခေါင်းဆောင်။ တဖက်က ခေါင်းဆောင်က ကိုလှသန်းလား၊ ကိုရဲလားမမှတ်မိတော့ဘူး။ နောက်ပါတဲ့သူတွေကတော့ အညို၊ စောသန်းထွေး၊ အ၀င်း၊ ချစ်လှိုင်တို့ဘဲနဲ့တူတယ်။
ခေါင်းစဉ်ပေးပြီး တပါတ်၊၁၀ရက်လောက်အချိန်ပေးတယ်။ ဒီအချိန်အတွင်းမှာကိုယ်ပြောမှာတွေကို အချက်အလက်ရှာဘို့ပေါ့။
စကားရည်လုပွဲ လုပ်တဲ့နေ့ကြတော့ အိမ်ကလူတွေအပြင် ဆရာဦးမြင့်အောင်၊ ဆရာဦးစံကောင်းတို့ လာတယ်။ သူတို့က အမှတ်ပေးဒိုင်တွေပေါ့။ အမြဲမြင်တွေ့နေတဲ့သူတွေ၊ အမြဲစကားပြောနေတဲ့သူတွေဖြစ်ပေမဲ့ ပွဲနဲ့ လမ်းနဲ့၊ ကိုယ်က စင်မြင့် ပေါ် တက်ပြောရတော့ သူတို့ကိုမကြည့်ရဲဘူး။ ဘာကိုလန့်နေလဲမသိဘူး။ ပြောမယ်လို့ စီစဉ်ထားတွေ ရှေ့ရောက် နောက်ရောက်နဲ့ အစီအစဉ်မကျတော့ဘူး။ မြန်မြန်အချိန်ပြည့်ပါစေလို့ဘဲစိတ်ထဲ ဆုတောင်းနေဖြစ်တယ်။ နိုင်တာမနိုင်တာ အရေးမဟုတ်တော့ဘူး။
ဒါကို နောက်မှသုံးသပ်ကြည့်တော့ ပြောခြင်တဲ့ စိတ် နည်းနေလို့ဘဲလို့ ခံစားမိတယ်။ ပြောခြင်စိတ် ထက်သန်နေပြီဆိုရင် ပရိဿတ်ကို မကြောက်တော့ဘူး။
၁၉၆၇ ခုနှစ်ကပေါ့။ ကျောင်းပိတ်လို့ အလုပ်ထဲစ၀င်ပြီး သင်တန်းတက်နေတဲ့ အချိန်ပေါ့။ တပြည်လုံး
တရုပ် အရေးအခင်းဖြစ်လို့ သင်တန်းပါပိတ်လိုက်ရတဲ့ အတွက် ပခုက္ကူပြန်လာရတယ်။ တက္ကသိုလ်က ပြီးခါစ ဆိုတော့ ကျောင်းမှာ
သူငယ်ခြင်းတွေကျန်သေးတာပေါ့။ ပခုက္ကူရောက်တော့ သူတို့တွေက စည်းရုံးလာပြီး ဆန္ဒပြပွဲတခုလောက်လုပ်မယ်ပေါ့။ ဘယ်ကျောင်းက
ဘယ်သူကမိန့်ခွန်းပြောကြမယ်ဆိုပြီး တိုင်ပင်တော့ ငါက ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းအနေနဲ့ပြောရမယ်ပေါ့။
အေးပြောမယ် ဆိုပြီးသဘောတူခဲ့တယ်။
ဆန္ဒပြပွဲကို အမှတ်(၁) ကကျောင်းသားတွေ၊ ၀က်စလေက ကျောင်းသားတွေပါတက်တယ်။ ဒီပွဲကို ဈေးမြောက်ဘက် ကွင်းကြီးကလဲ လွတ်လပ်ရေးကျောက်တိုင်ကြီးကလုပ်ပြီးစ၊ ပန်းခြံအဖြစ်ကလည်းမဖွဲ့စည်းရသေးဆိုတော့ ကွက်လပ် လိုဖြစ်နေတယ်။ အဲဒီမှာလုပ်ခဲ့ကြတယ်။ လွပ်လပ်ရေးကျောက်တိုင်ကြီးကို နောက်ခံ ထားပြီးမိန့်ခွန်းပြောခဲ့ပါတယ်။ ပရိဿတ်က
ကျောင်းသားတွေအပြင် မြို့လူထုပါ ပါတော့ မနည်းပါဘူး။ ပြောခြင်တဲ့ စိတ်ဆန္ဒ အားကြီးတော့ ပရိဿတ်ကို ကြောက်တဲ့စိတ် အလျင်း မဖြစ်ပေါ်ခဲ့ဘူး။ ပြောခြင်တာတွေအားလုံး လက်တန်းဘဲပြောနိုင်ခဲ့ပါတယ်။
တကယ်တော့ ဆန္ဒ အဓိကပါဘဲ။ ဆန္ဒ ပြင်းပြလာရင်ဖြစ်လာမှာပါလို့။
ဒီအပါတ်တော့ ဒီလောက်ပါဘဲ။
မှတ်ချက်လေးတွေတော့ မမေ့ပါနဲ့။
သုစံ
ဇွန်လ၊ ၃ရက်နေက၊ ၂၀၁၂ခု
ဗဟုသုတ ရပါတယ်။ ဒါနဲ့ ဘဘဦးဘသန်း ဘေးက ကလေးလေး က ဘယ်သူလေးလဲ?
ReplyDeleteကျနော် ၄တန်းအောင်လို့ ၅တန်း အ.ထ.က.၁ ကျောင်း စတက်တုန်းကလဲ အဖေက ပထမဆုံးနေ့ ကျောင်းမသွားခင် ကထဲက ပြန်လာရင် စာစီစာကုံး တစ်ပုဒ် ရေးရမယ်လို့ပြောတာ။ အဲဒီတုန်းကတော့ ရေးရမှာလဲ ရှက်တော့ အပိုအလုပ်တွေ လို့ ထင်ခဲ့မိတာ။ အဲဒီနေ့က မချိုနဲ့ အတူတူ သွားကြတာ က စပြီး မှတ်မိသေးတယ်။ အဲဒါ စာစီစာကုံးရေး တဲ့ အတွက် ပိုပြီး မှတ်မိတော့တာပေါ့။ အဲဒီအကျိုးဆက်က ၅တန်း မှာပဲ အတန်းပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲမှာ တတိယ ဆု ရခဲ့သေးတယ်။ အဲဒီတုန်းက ပြိုင်ပွဲက ဘာခေါင်းစဉ်မှ ပေးမထားဘူး။ အခန်းထဲရောက်မှ စာအိတ်ကို ဖွင့်ပြီး ကျရာ ခေါင်းစဉ်ကို လက်တန်း ရေးပြီး ပြိုင်ရတာပေါ့။
နောက်ပြီး ထမင်းစားခါနီး မောင်းတီးတာတို့ ဘုရားဝတ်တက်တာတို့ လဲ ရေးပါဦး၊ နောက်လူတွေ ဆို သိကြမှာမဟုတ်ဘူး ကျနော်တောင် ကြားပဲ ကြားဘူးတော့တာ။
ဘဘဦဘသန်း ဘေးက ထိုင်နေတဲ့ ကလေး လေးက ခုတော့ အသက် ၆၀ ကျော်ပြီဖြစ်တဲ့ မမ၀င်း ပါတဲ့။ ဒါ အိမ် မီးမလောင်ခင်က ရိုက်ထားတဲ့ပုံလေ။ ဘဘ ဘယ်ကိုသွားမလို့လဲတော့ မသိဘူး။ အ၀တ်အစား အပြည့်အစုံနဲ့။ အဲဒီခေတ်က မြန်မာ့ အမျိုးသားဝတ်စုံက
ReplyDeleteမြန်မာအမျိုးသားတွေနဲ့ ဘယ်လောက်လိုက်ဖက်လဲ၊ ဘယ်လောက်ကြက်သရေရှိလဲ ဆိုတာ ဓာတ်ပုံထဲမှာ မပေါ်လွင်ဘူးလား။
စာကျန်သွားလို့ထပ်ဖြည့်တာပါ။ အသက် ၆၀ ကျော်ပြီ ဆိုတာ အိုသွားတာကို ရည်ညွှန်းခြင်တာ မဟုတ်ပါဘူး။ ဒီဓာတ်ပုံဟာ နှစ်ပေါင်းများစွာကြာပြီလို့ ဆိုလိုခြင်တာပါ။
ReplyDeleteဟိုတစ်နေ့က ရေးသေးတယ်။ကော်နက်ရှင် ကျသွားလို့ မတင်လိုက်ရတာ။
ReplyDeleteဘဘရဲ့အကြောင်းတွေက ကျွန်တော်တို့ မြေးတွေ သူများတွေနဲ့ အဘချင်းယှဉ်ရင်တောင် မျက်နှာမငယ်ရဘူး။
ဘဘရဲ့ မော်ကွန်းဝင် တတိယအဆင့်ကလည်း သူငယ်ချင်းတွေကို ကြွားလို့ သိတောင်နေကြပြီ..:D
ပြောရင်မယုံကြမှာစိုးလို့ ဓာတ်ပုံရိုက်ယူလာပြီးတော့ကိုကြွားတာ...
နောက်ပြီး အမျိုးထဲမှာ မော်ဒယ်လေးတစ်ယောက်ပါတာသိရတဲ့ အတွက် ၀မ်းသာပါတယ်။
အနုပညာရပ်ဝန်း စုံသွားတာပေါ့။
p.s:ရည်ညွန်းသောသူ ဆက်လက်ကြိုးစားလျှင် အောင်မြင်နိုင်သည်။...:D
ohhh my buddha.....I didn't know who are modle & who will furture writer. But I think APL will become writer, it is? Mar Mar >> how come you don't recognize Daw Daw Gyi? I do recognize her.
ReplyDeleteမအားတာရော အိမ်မှာ အင်တာနက် ပြတ်နေတာရော စုံသွားတော့ post ကို ဒီနေ့မှဘဲဖတ်ရတယ် ဆက်ရေးပါဗျ အားပေးပါတယ် .. သိပြီးသားတွေရော မသိသေးတာတွေပါများများပါလာပြီ လုံးလုံး မသိသေးတဲ့ အကြောင်းအရာလေးတွေ ကို ပိုစိတ်ဝင်စားပါတယ် ..
ReplyDelete