လက်တို့ပြီးတော့ ပြောရအုံးမယ်(၉)
တက္ကသိုလ်က ဘွဲ့ရပြီးကတည်းက အင်္ဂလိပ်စာနှင့် ကင်းကွာလာတာ အနှစ် ၅၀ လောက်ရှိမှ အမေရိကန်ကိုလာရတော့ သူတို့ပြောတာကိုနားထေါင်ရတာ အခက်အခဲရှိတာပေါ့။အသံထွက်ပုံထွက်နည်းကလည်းကွာသမို့လား။ ကိုယ်ကပြောရတော့လဲ စိတ်ထဲမှာ မြန်မာလို စာစီပြီးမှ အင်္ဂလိပ်လိုဘာသာပြန်ပြောရတာဆိုတော့ သိပ်အဆင်ချောလှတာ မဟုတ်ဘူး။
တခါတလေကြတော့ ကိုယ့်အတွေးကို အင်္ဂလိပ်လို ဘယ်လိုဘာသာပြန်ရမလဲဆိုတာစဉ်းစားလို့မရလို့ ပြောရတာ အဆင်မချော
တော့ဘူးပေါ့နော်။ ဒီတော့ ရောက်စက အလုပ်ကလဲ မရှိသေးတာကြောင့် သက်ကြီးတန်း ကိုတက် သင်ရတယ်။ သင်တန်းကြေးက ဘာမှမပေးရပါဘူး။ အင်္ဂလိပ်စကား မပြောတဲ့ နိုင်ငံကလာတဲ့သူတွေ ဒီမှာ ဒုနဲ့ဒေး ဆိုတော့ ဒီလိုအတန်းတွေမှာတက်တဲ့သူတွေ
အများသားလား။ ဥရောပက လာတဲ့သူတွေဆို ကိုယ်က " ဘိုကြီးတွေဘဲ၊ ဆရာတွေနဲ့တူတယ် "ထင်ထားပေမဲ့ ကျောင်းသားဘဲဖြစ်နေတာ။ တချို့ဆို ကိုယ်လောက်တောင် အတန်းမရတာတွေ တွေ့ရတယ်။ ၀င်ဝင်ခြင်း ကျောင်းကစာမေးပွဲစစ်တယ်။ နားထေါင်မှုနဲ့ အရေးအဖတ် ဘယ်လောက်ကျွမ်းကြင်မှုရှိလဲလို့သိရအောင်ပါ။ အဲဒီ့ အဖြေပေါ်မှာမူတည်ပြီး အတန်းခွဲပေးတာ။
တို့အတွေးနဲ့ သူတို့ အတွေးတွေက သိပ်မတူဘူး။ ဥပမာ--လာတဲ့သူတွေကို နယူးယောက်မှာ
မနေခြင်ဘူးလားတို့၊ဘာတို့ မေးတတ်တယ်။ ကိုယ်က အပူပိုင်းဇုံမှာ နေတာကြောင့် အအေးဒဏ် မခံနိုင်ဘူး။ ပူတာကိုဘဲကြိုက်တယ်ပေါ့။ ကိုယ့်ကိုမေးလာရင်ဒီလိုဖြေမယ်လို့စဉ်းစားထားတာ။ပြောတတ်တဲ့လူကဖြေလိုက်တာ။ သုံးလုံးထဲနဲ့ပြီးသွားတယ်။ သူဖြေပုံက
" I hate cold " တဲ့ ။ပြီးသွားရော။အော်..ဒီလိုပြောလိုက်တော့လဲ ပြီးသွားတာဘဲ လို့သိရတယ်။
နောက် ပြောရဲအောင် အတန်းရှေ့ထွက်ပြီး ကိုယ့်အကြောင်း၊ ကိုယ့်နိုင်ငံအကြောင်းတွေပြောရတယ်။ ဒါက ပြောရဲ ဆိုရဲရှိအောင်၊ ပြောတတ်ဆိုတတ်အောင် လေ့ကျင့်ပေးတဲ့သဘောဘဲ ဆိုတာနောက်မှစဉ်းစားမိတယ်။
ခုလို ပြောရဲ၊ဆိုရဲအောင် လေ့ကျင့်ပေးတာ ကြီးမှရောက်လာတဲ့ သူတွေကိုသာမဟုတ်ဘူး။ ဒီမှကျောင်းတက်နေတဲ့ ခလေးလေးတွေကစပြီး လေ့ကျင့်ပေးထားတာ။လူထုထဲမှာပြောဘို့ ၀န်လေးတတ်တဲ့သူတွေမဟုတ်ဘူး။
ဒေလီစီးတီး ရောက်တော့ " ထေရ၀ါဒ ဓမ္မအသင်း " မှာ ကုသိုလ်ရအောင်ဝင်လုပ်ပေးတယ်။ အဲဒီအသင်းမှာ လူကြီးတွေတင်မဟုတ်ဘူး၊ လူငယ်အသင်းလေးကိုလဲဖွဲ့ပေးထားတယ်။ သူတို့မှာလည်း ဥက္ကဌ၊ အတွင်းရေးမှူးစသည်ဖြင့်ရှိတယ်။
အဲဒီ ရာထူးတွေမှာ ၀င်အရွေးခံ မဲ့ သူတွေက ရွေးကောက်မဲ့နေ့မှာ မိမိအကြောင်းမိမိက ကိုယ်တိုင်ပြော ရတယ်။ ကျနော် ဘယ်အတန်းတက်နေပါတယ်။ ဘာတွေလုပ်တတ်ပါတယ်။ ကျနော်ကိုရွေးလျင် ကျနော်ဘာတွေလုပ်ပေးနိုင်ပါတယ်။ နဲ့ပြောရတာ။ ခလေးတွေက ပြောရဲကြ ဆိုရဲကြတယ်။ မကြောင်ဘူး။တို့စီကနဲ့တော့မကွာလား။
တရားဟောပွဲတို့ ၊ စကားပြောပွဲ တို့ ပြီးရင် ဒီမှာ မေးခွန်းမေးဘို့ အချိန်ပေးရတယ်။ မြန်မာပြည်မှာ ဘုန်းကြီးတရားဟောပြီးရင် အမျှဝေ ပြီး ပြီးတာဘဲ မဟုတ်လား။ ဒီမှာကမဟုတ်ဘူး။ ဘုန်းကြီးဘဲဖြစ်ဖြစ်၊ လူဘဲဖြစ်ဖြစ် ဟောပြီးရင် မရှင်းတဲ့သူက ထမေးတာဘဲ။
ပြောသွားတဲ့ စကားထဲမှာ မသိတာပါရင် မေးဘို့ ၀င်မလေးကြဘူး။ဒါ ကောင်းမွန်တဲ့ အလေ့ အကျင့်
လို့ထင်ပါတယ်။ လက်တို့ပြီး(၈) မှာ " ဘွန္တော " အကြောင်း စလိုက်ပေမဲ့ မေးတဲ့သူမရှိဘူးဖြစ်နေတယ်။ ဒီအကြောင်းကို
မသိလောက်တာသေခြာတဲ့ ကိုအောင်ဖြိုးလွင်ကို မေးကြည့်တော့၊ မသိဘူးတဲ့။ မသိတာကို သိရအောင်မမေးဘူး။ ဒါ့ကြောင့် မေးလို့
လေ့ကျင့်ပေးလိုက်တာပါ။
တို့ ၀ိုင်းထဲမှာ အရင် အတူနေသွားတဲ့ဦးလေးသိန်း၊ ဒေါ်ဒေါ်ကြည်တို့ကိုသိတယ်
မဟုတ်လား။ ဒေါ်ဒေါ်ကြည်မှာ မောင်တယောက်ရှိတယ်။ ကိုလှအောင်တဲ့။ ဒီတုံးကသူကလူပျိုဘဲ ။ဝါတွင်း ဥပုဒ်နေ့ ကြရင်
"ဘွန္တော " ထွက်ဘို့ သူကစည်းရုံးတာ။တို့ ထက် အသက်ကြီးတယ်။ ခုတော့ ရှိသေးလားတောင် မသိပါဘူး။
တို့ဘက် ကတော့- ငါရယ်၊ ကိုရဲရယ်၊ ကိုလှသန်းရယ်ဘဲပေါ့။ ကိုချစ်လှိုင်က ငယ်သေးတယ်။
ဝါတွင်း ဥပုဒ်နေ့ ရောက်ပြီဆိုရင် မနက် ၄ နာရီလောက်ထရတယ်။ညကတည်းက လူကြီးတွေ
ဘုရားရှိခိုးပြီး အမျှဝေတဲ့ အခါထုတဲ့ ကြေးစည် ကိုလဲ အဆင်သင့် ယူထားရတယ်။ မျက်နှာတွေ ဘာတွေ သစ်ပြီးရင် " ဘွန္တော " လုပ်ငန်း စပြီးထွက်ပြီ။ တို့ သွားတာများတာကတော့ ပန်းဘဲတိုက်၊ စွန်သိုက်ပေါ့။
ဝါတွင်းဆို ပခုက္ကူမှာက ဘုန်းတော်ကြီးတွေ တန်းစီပြီး ဆွမ်းခံထွက်ကြတာများတယ်။ အာရုဏ်တက် ဆွမ်းခံထွက်တာကိုမှီဘို့ အိမ်ရှင်မတွေက စောစောစီးစီးထပြီး ဆွမ်းချက်ရတယ်။ စောစောစီးစီးမို့ အေးလို့ ချမ်းလို့ စောင်ခြုံထဲကွေးနေရင် ဆွမ်းထချက်ဘို့မမီဘူးဖြစ်သွားမယ်။ ဒိတော့ သူတို့နိုးကြဘို့၊ ဆွမ်းထချက်ကြဘို့ တို့က တလမ်းဝင်၊ တလမ်းထွက် လိုက်ပြီးနိုးဆော်တာပါ။
ရွတ်တဲ့စာသားကိုတော့မမှတ်မိတော့ဘူး။ တကယ်တော့အဲဒီကတည်းက မရခဲ့တါပါ။ ကိုလှအောင်
တယောက်ဘဲရတယ်။ သူကတိုင်ပေးတယ်။ နောက်ဆုံးအပိုဒ်မှာ တို့က သံပြိုင်လိုက်ဆိုပြီး ကြေးစည်ထုရတာ။
သူက "-----------------------------------ဆွမ်းချက်ရန် အချိန်ကြရောက်ပြီ ဖြစ်ပါ၍ နိုးထတော်မူကြ
ပါကုန်တော့...ဘွန္တော.....သပ္ပူရိသအပေါင်း......သူတော်ကောင်းတို့"လို့ ဆိုရတယ်။ နောက်ဆုံးအပိုဒ်ဖြစ်တဲ့ ဘွန္တော ကနေ
သူတော်ကောင်းတို့ အထိကြ ၄ ယောက်လုံး သံပြိုင်အသားကုန်အော်ကြရတာ။ ပြီးတော့ ကြေးစည်ထုပေါ့။ နောက် လေး၊ငါး ဆယ်လှမ်း
လောက် လှမ်းပြီးရင် တခါထပ်အော်ပေါ့နော်။
ဒီမှာ အမှတ်ရတာလေးတခုပြောရအုံးမယ်။ စွန်သိုက် ကိုဝင်တော့ဦးဘိုးတန်ဘိနပ်ဆိုင် ရှိတဲ့လမ်း
က၀င်တာ။ ပြီး ကိုတင့်လွင် တို့ လမ်းရှေ့ ကနေ အောင်သကန်၊ အဲဒီကမှ ဈေးပြန်ပြီးအိမ်ကိုပြန်တာ။ ဦးဘိုးတန်ဘိနပ်ဆိုင် လမ်း
( နံမည်မေ့နေပြီ) ကအကျယ်ကြီး။ ကျယ်ပေမဲ့ အလယ်ကောင်လောက်ဘဲ စက်ဘီး၊ မြင်းရထားသွားတာဆိုတော့ လမ်းဘေးတွေက သစ်ပင်
ပေါက်လေးတွေနဲ့၊ အမှိုက်တွေနဲ့ပေါ့။ လမ်းမီးတိုင်ကလည်း မှိန်မှိန် ဆိုတော့ လမ်းဆိုတာလောက်ဘဲသိသာထင်ရှားတယ်။ ဘာမှ
သဲသဲ ကွဲကွဲ မမြင်ရဘူး။
အဲဒီနေ့က ကိုလှသန်းက ကြေးစည် ထုသမား။ စွန်သိုက်ထဲကို အ၀င်စပ်မှာတင် ကြေးစည်ထုလိုက်တာ လက်ရိုက်တုတ်က ဘုလုံးကြီး ပြုတ်ပြီး လွှင့်သွားတာ။ ဘယ်ရောက်သွားမှန်းမသိဘူး။ အလင်းရောင်ကလည်းမှိန်မှိန်၊ အမှိုက်တွေက
လည်းပြန့်ကြဲနေတော့ ဒီအတိုင်းမျက်စိနဲ့ လှမ်းကြည့်လို့ ဘယ်တွေ့မလဲ။ လေးယောက်သား ဒေါင်ခြာဆိုင်းပြီး အမှိုက်တွေကြားထဲ လိုက်ရှာကြရတာပေါ့။ မတွေ့လို့ကတော့ လူကြီးတွေ ဘုရားရှိခိုးချိန်မှာ အဆူခံရဘို့ ကြိမ်းသေဘဲ။ ကံကောင်းလို့ တော် တော်ရှာယူမှ
ပြန်တွေ့တယ်။
တို့ အိမ်သားတွေထဲက တို့ သုံးယောက်ဘဲ ဒီ ဘွန္တော လုပ်ငန်းမှာပါဝင်ခဲ့တယ်လို့ထင်ပါတယ်။
ကိုမောင်မောင်တို့တော့ လုပ်ခဲ့ဘူးလားမသိဘူး။ အဲဒီအချိန် အဲဒီကာလ တုံးကတော့ ၀ါတွင်း ဥပုဒ်နေ့ မနက်ဆို " ဘွန္တော " အသံတွေဟာ နံနက်ခင်းရဲ့ တေးသွားတွေပါဘဲ။ ခုတော့တိတ်ဆိတ်ကုန်ပြီထင်ပါရဲ့။ ရှိကြသေးလား။ ရေးကြပါအုံး။
ကိုအောင်ဖြိုးလွင်။ ခုလောက်ဆို "ဘွန္တော" လုပ်ငန်းကို သိလောက်ပါပြီနော်။
ဒီတပါတ် တော်အုံးမယ်နော်။
သုစံ
ဇွန်လ၊ ၁၀ရက်၊ ၂၀၁၂ခု။
Bon Daww- Moe Moe Zaw Win.mp3 ဘွန္တော နဲ့ ပါတ်သက်တဲ့ သီချင်းလေးတပုဒ် တွေ့လို့ တင်ပေးလိုက်ပါတယ်။
ဟုတ်တယ်ဗျို့။
ReplyDeleteမြန်မာတွေ ပြန်မေးခွန်းမထုတ်တာက ခေါက်ရိုးကျိုးနေပြီ။ ကျနော်တို့ကအစပေါ့။
ဒါနဲ့ပတ်သတ်ပြီး တွေ့ကြုံတာလေးတစ်ခု ရေးလိုက်ဦးမယ်။
စကာၤပူ သေဘာၤရံုးက နေ ၃လ တခါလောက် လာပြီး hotel တွေမှာ seminar လာလုပ်လေ့ရှိတယ်။ တစ်ခါက လာတက်တဲ့သူတွေ မြန်မာတွေ ထဲက ၁၀ယောက်ကို random ရွေးပြီး စာရွက် အလွတ် တစ်ရွက်စီပေးတယ်။ ကျနော်လဲ အဲဒီ ၁၀ယောက်ထဲပါတယ်။ အဲဒီမှာ ရာထူးပေါင်းစုံ လူစုံပဲ။
ပြီးတော့ အားလုံးကို မျက်စိမှိတ်ခိုင်းတယ်။ နောက် စာရွက်ကို ဘယ်လိုခေါက်၊ လက်ယာရစ် တစ်ပတ်လှည့် ဘယ်ဒေါင့်ကို ဖြဲ စသည်ဖြင့် ခိုင်းတာ။ ပြီးတော့ အားလုံး မျက်စိဖွင့် ပြီး စာရွက်တွေ ပြန်ဖြန့် ခိုင်းတော့ အမျိုးမျိုး ဖြစ်နေတော့တာပေါ့။ ပြောတာက တစ်ယောက်ထဲက ပြောပြီး ထွက်လာတော့ ပုံစံ အမျိုးမျိုးတွေ ဖြစ်နေတာ။
အဲဒါကို အကြောင်းပြုပြီး ပညာပေးသွားတာလေ။ ၁၀ယောက်လုံးကလဲ နားမလည် နားမရှင်းတာကို ဘယ်သူမှ ပြန်မမေးကြဘူးလေ။ သူတို့က ဆွေးနွေးပွဲဆို အပြန်အလှန် ငြင်းခုံ ဆွေးနွေးစေချင်တာ။
မြန်မာပြည်က ပညာရေးစံနစ်ကို ပြုပြင်သင့်တယ် ထင်တာပဲ။