လက် တို့ပြီးတော့ ပြောရအုံးမယ်(၈)
ဒီတပါတ် စမရေးခင် အရေးကြီးတဲ့ ကိစ္စ တခုအရင်ပြောရအုံးမယ်။ တခါ တခါထင်တာတွေ မှားနေကြတာကို
ေ ပြာခြင်တာပါ။ ထင်နေတာ မမှားရအောင်လို့ စေတနာနဲ့ ပြောရတာပါ။ကြည့်။ လူတွေက ခေတ်မှီခြင်ကြတယ်။ ခေတ်မှီမှ ကောင်းတယ်လို့
ထင်ကြတယ်လေ။ ဒါဟာ ထင်နေကြပါ။ နောက်ဆုံးပေါ်ဘာလေးဝတ်လိုက်ရမှ။ နောက်ဆုံးပေါ်ကားလေးစီးလိုက်ရမှနဲ့။မထင်ဘူးလား။
ဖုန်းကြတော့လဲ အိုင်ဖုန်းလေးနဲ့မှ ခေတ်မှီတယ်ပေါ့။ မသိကြတာ။ မသိကြတာ။ ခုပေါ်နေတဲ့အိုင်ဖုန်းဟာ ခေတ်မမှီ သေးဘူးဆိုတာ
မသိကြဘူး။ ပြောတာလက်ခံလား။ " သုစံ "ဘလော့ကို ၀င်ကြည့်လို့မရသေးဘူးဆိုမှတော့ အိုင်ဖုန်းဟာ ဘယ်ခေတ်မှီအုံးမလဲ။ ဒီအဆိုကိုမဲခွဲ ကြည့်မလား။ ကွယ်လွန်သွားပြီဖြစ်တဲ့ စတိဂျော့ ကို ကြိုတင်မဲ ပေးခိုင်းရင်တောင် သူက ထောက်ခံမဲ ပေးအုံးမယ်။
သတိပေးပြီးတော့ စရေးတော့မယ်။ ဘလော့ဂါ နှစ်ယောက်တည်းနဲ့ ခြောက်တီးခြောက်ချက်နဲ့ စခဲ့တာ၊ ခု ဆို စာရေးဆရာလောင်းကိုဖိုးပါ၊ မွေးကတည်းက လှတပတ ဆိုတဲ့ သမီးနွယ်မာတို့ ပါဝင်လာတော့ တဖြည်းဖြည်း ဆူဆူညံညံ စိုစိုပြေပြေ
လေးဖြစ်လာပြီ။
ဒီနေ့ကစပြီး ဘလော့မှာ စတင်ဝင်လာပါပြီဆိုတဲ့ ကိုကျော်၊ "၂၀၁၂ ကာဗာဂဲ" နဲ့ မိုဒယ်တွေဘဲ
ကျန်တော့တယ်။
ပုံပြင်လေးတခုနဲ့ စလိုက်ရအောင်။ အသက် ၉၀ ပြည့်တဲ့ အဖိုးတယောက်ကို သတင်းထောက်
တယောက်က သွားအင်တာဗျူးတယ်တဲ့။ ဘယ်လိုနေလို့၊ ဘယ်လိုထိုင်လို့ ဒီလောက်အထိ အသက်ရှည်သလဲပေါ့။ ဒီလိုပြောနေကြတုံး အပေါ်ထပ်က ၀ုန်းဝုန်း ဒိုင်းဒိုင်းနဲ့ အသံကြားလို့ သတင်းထောက်က အပေါ်ထပ်မှာ ဘယ်သူရှိလဲလို့ အဖိုးကို မေးတဲ့အခါ၊ အဖိုးက " အော်---အဲဒါ ငါ့ အဖိုးပါ၊ သူကဒီလိုဘဲ၊ ၀ုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်တယ် " လို့ ပြန်ဖြေသတဲ့။
ဒီပုံပြင်လေးလိုဘဲ။ အဘခြင်း ယှဉ်ပြီး ပြိုင်ခြင်တဲ့ ကိုဖိုးပါ တယောက် ထပ်ပြီးပြိုင်လို့ရအောင် အဘရဲ့ အဖေ အကြောင်းနည်းနည်းပြောပြမယ်။ ဘဘဦးဘသန်းက ဘုရားတရား အရမ်းကြည်ညိုတာ။ နေ့စဉ် မနက်ထပြီး သီဟိုဠ်ရှင်ဘုရားကိုသွား ၀တ်ဖြည့်လေ့ရှိတယ်။ အစောကြီးထသွားတာကွ။ သူသွားတော့ ဝေလီဝေလင်းဘဲရှိသေးတယ်။
ဒီတုံးက ပခုက္ကူ အခြေနေကိုပြောပြရအုံးမယ်။ ခုလိုမဟုတ်ဘူး။ကတ္တရာလမ်းဆိုလို့ ပေါက်လမ်းနဲ့
ဗိုလ်ချုပ်လမ်းဘဲရှိတာ။ ခုလို လမ်းဘေးပလက်ဖေါင်းဆိုတာလဲမရှိသေးဘူး။ လမ်းဘေးနှစ်ဖက်လုံးမှာလည်း သဲတွေက ဖုံးနေတာ။ အလယ်မှာ မြင်းလှည်းတစီးစာလောက်ဘဲ သဲလွတ်လို့ကတ္တရာလမ်းလို့သိရတာ။ကားဆိုတာလည်း ကားကြီးတွေဘဲရှိတာ။
တနာရီကိုတစ်စီးလောက်ဘဲ ဖြတ်သွားတတ်တာ။အိမ်သုံးဆိုလို့ ဂျစ်ကားတွေလောက်ဘဲရှိတာ။ စလွန်းကားဆို တစ်စီး၊
နှစ်စီးလောက်ဘဲရှိမှာပေါ့။ မနက် အစောကြီးဆို ကားက ပိုရှားသေးတယ်။ ကျောင်းပိတ်ရက် မနက်ဆိုရင်တော့ ဘဘက သူ့မြေးတွေကို ဘုရားသွားဘို့ခေါ်တတ်တယ်။ ဘုရားလိုက်ခြင်တဲ့သူတွေက တပုံကြီး။ ကလေးတွေတပြုံကြီးနဲ့ ဘုရားသွားတာ။
အိမ်ကနေ ပေါက်လမ်းဘက်ထွက်၊ ပေါက်လမ်း လမ်းမကြီးအတိုင်းအနောက်ဘက် သွားကြတာပေါ့။
မြိုင်လမ်းခွဲ ကိုကျော်ပြီးလို့ မျက်မမြင်ကျောင်း နားရောက်ပြီဆိုရင် ဇရပ်ကြီးတခုရှိတယ်။ အဲဒီမှာခဏနားကြတယ်။ နားပြီးရင် ဗိုလ်ချုပ်လမ်း
ဘက်ဆက်လျှောက်ကြတယ်။ ဗိုလ်ချုပ်လမ်းကနေမှ ဘုရားကိုဝင်တာ။ ဘုရားကိုရောက်တော့ ကောင်းကောင်းလင်းနေပါပြီ။ ဘုရားကိုကြည်ညိုတဲ့အတိုင်း ဘဘက ဘုရားရှိခိုးရင် အကြာကြီး။ တို့ ကလေးတွေကတော့ မြန်တာပေါ့နော်။ တို့ရှိခိုးကြတာက ဂန္ဓကုဋီ အတွင်းလမ်းမှာရှိခိုးကြတာ။ (စာလုံးပေါင်း မှန်ရဲ့လားမသိဘူး။မမှန်ရင်ပြောနော်။)ဘုရားဖူးပြီးရင် တို့တတွေက တပါတ် ပါတ်နေကြ။ ဒီအချိန်မှာဘုရားဖူးဆိုလို့ တို့ဘဲရှိတာ။ ဘယ်သူမှမရှိဘူး။ ပါတ်မဲ့သာပါတ်ကြတာ။အကုန်လုံးက ဘုရားနောက်ကြောဘက်
ရောက်ရင် ကြောက်ကြတာ။ နောက်ဘက်ရောက်ရင် ဘယ်သူမှ အေးအေးဆေးဆေးလမ်းမလျှောက်တော့ဘူး။ ပြေးကြတာဘဲ။
ဘာကြောက်မှန်းလဲမသိဘူး။ ဘုရားပရ၀ုဏ် ၀ိုင်းထဲသွားဘို့တော့ ဘယ်သူ့ခေါင်းထဲမှမရောက်ဘူး။ ဘဘရှိခိုးပြီးလို့ ပြန်မယ်ဆိုရင် ဘုရားကနေတည့်တည့်ထွက်တယ်။ မန္တလေးတိုက် တောင်ဘက်ကပေါ့။ အဲဒီမှာ ညောင်ပင်ကြီးတွေတန်းစီပြီးပေါက်နေတာ။ သူ့
တောင်ဘက်ကလည်း ကွက်လပ်ကြီးဆိုတော့ လေတဖြူးဖြူးနဲ့။ အဲဒီကနေ ခံတောအရပ်ကိုဖြတ်၊ ဗိုလ်ချုပ်လမ်းပြန်ထွက် ပေါ့။
တခါတလေတော့ ဗိုလ်ချုပ်လမ်းကမပြန်ဘဲ အလယ်တိုက်ကြီးရဲ့ တောင်ဘက်လမ်းကပြန်ကြတယ်။ ကုန်စည်တိုင် ရောက်တော့မှ အတောတို့လဘက်ရည်ဆိုင် ၀င်ပြီးခဏနားကြတယ်။ နွေကျောင်းပိတ်ရက်တွေဆိုရင် ဘုရားမသွား
ခင်ကတည်းက ဘဘက အပြန်ကြရင် ကမ်းနားကပြန်မယ်ဟေ့ လို့ပြောရင် တို့ သိပ်ပျော်ကြတာပေါ့။ ဧရာဝတီမြစ်ကြီးက ရေနည်းလို့ ကမ်းပါစောက်ကြီးက အမြင့်ကြီး။ အဲဒီဘေးကနေလမ်းလျှောက်ပြန်ရတာဆိုတော့ အားလုံးပျော်ကြတာပေါ့။ နေ့စဉ်မြင်နေရတဲ့မြင်ကွင်းက
ပြောင်းသွားတာ မဟုတ်လား။
နောက် ဘဘရဲ့ ထူးခြားတဲ့ ကိစ္စ တခုရှိသေးတယ်။ ဘာလဲဆိုတော့။ဘဘ ဆုံးတာသွား
ရော။ ဘယ်ခလေးကိုမှ ရိုက်ပြီးဆုံးမတာ မတွေ့ဘူးပါဘူး။ ဆုံးမစရာရှိရင် ခေါ်ပြီး နားလည်အောင်ပြောတယ်။ ဆွေးနွေးပြတယ်။
လက်ခံလာအောင်ပြောတယ်။ အဲဒါအထူးခြားဆုံးဘဲ။
သီတင်းကျွတ်ကြရင်လဲ ခလေးတွေကို ပြိုင်ပွဲ တခုလုပ်ပေးသေးတယ်။ ဘာလဲဆိုတော့ လပြည့်နေ့ ညကြရင် ခလေးတွေ အားလုံးကိုခေါ်။ တယောက်ကို ဖယောင်းတိုင် တတိုင်စီပေးပြီး ဘုရားကို မီးပူဇော်ခိုင်းတယ်။ ကိုယ့်ဖယောင်းတိုင်ကို ကိုယ်က မီးမငြိမ်းအောင် စေါင့်ရှောက်ပေးရတယ်။ နောက်ဆုံးမှ မီးငြိမ်းတဲ့သူကို ဆုချလေ့ရှိတယ်။ အားလုံးတပျော်တပါး ၀င်ပြိုင်ကြတာပေါ့။
အင်း... ရေးမယ်လို့စိတ်ကူးထားတာတွေက ကျန်သေးတယ်။ စာကရှည်နေပြိ။ " ဘွန္တော " လုပ်ငန်းလေးကိုလည်း ရေးလိုက်ခြင်တာ။ ခုဆိုရှိမှာ မဟုတ်ဘူး။ ကိုဖိုးပါ တို့ဆိုသိမှာတောင်မဟုတ်ဘူး။ အသံတောင် မှန်အောင်
ထွက်တတ်ရဲ့လား မသိဘူး။ ကဲ...ကဲ... နောက်တပါတ်မှဘဲ ဆက်ရေးလိုက်ပါ့မယ်။
မကွေးက သမီးလေးလဲ တယောက်တည်းပျင်းနေမယ်။ ပျင်းနေရင်၊ ခေတ်မှီခြင်ရင် " သုစံ " ဘလော့ ၀င်ကြည့်လို့ ပြောလိုက်ပါအုံး။
ဒီတပါတ် ဒီလောက်ပါဘဲ။
သုစံ
ဇွန်လ၊ ၈ရက်၊ ၂၀၁၂ခု
သီတင်းကျွတ်လပြည့်နေ့ ဖယောင်းတိုင်မီးလေးတွေ ရွေးပြီး နောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်ရွေးချယ်သူက ဆုရတယ် ... အဲဒီအစဉ်အလာကို ဘဘဦးကျော်တင့်လဲလုပ်ခဲ့ပါတယ် နောက် လေးလေးတင့်လဲ ဆက်လုပ်ခဲ့ပါတယ် အဲဒါတော့ ကျနော်တို့ ကိုယ်တိုင်မှီ ခဲ့ပါတယ် :)
ReplyDeleteကျွန်တော် မမီဘူး။
ReplyDeleteကိုအောင်ဖြိုးလွင် မမီဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ခဲ့တာတွေက ကောင်း၏၊ မကောင်း၏ တော့ ပြောနိုင်မယ်ထင်ပါတယ်။
ReplyDeleteဟုတ်တယ်မဟုတ်လား။
I didn't know that habbit but I was used to pray every evening when I were PKU for summer school holiday. I loved to go to 'Payargyi'on very early morning.
ReplyDeleteကဲ အခုရေးရမယ့် comment ကတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှု ကြောင့်ဖြစ်လာရတာပါ။XXD
ReplyDeleteစာရေးသူနဲ့ gtalk မှာ တွေ့တော့ BON TAW(ဘွန်တော်)[စာလုံးပေါင်းမှန် မှန်မသိပါ] ကိုသိလားလို့မေးတော့ မသိပါဘူးလို့ပြောပါတယ်။
သိချင်လားဆိုတော့ သိချင်ပါတယ်လို့ပြောလိုက်တာပေါ့။ ဒါပေမယ့် gtalk မှာ ဘာ ဘွန်တော် အကြောင်းမှ ပါမလာပါဘူး။
သိချင်ရင် comment ရေးပြီးတောင်းဆိုပါတဲ့။ အများသူငါလည်း သိအောင်ပေါ့။ သီချင်းကောင်းကောင်းသီချင်းတောင်းလိုပေါ့(နိုင်ငံရပ်ခြားများ မသိမှာဆိုးရ်ု(font ရှာမတွေ့ပါ) ပြောရန်လိုမည်ထင်ပါသောကြောင့် သီချင်းကို စာတိုက်မှတစ်ဆင့်တောင်းရသော TV အစီအစဉ် ဖြစ်ပါသည်။)
ထို့ကြောင့် တောင်းဆိုပါသည်။ ဘွန်တော် အကြောင်းတင်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။
ဘွန်တော် မဟုတ်ပါ။ အသံထွက် အတိုင်း ရေးရရင် " ဘဝန်တော " ဖြစ်ပါတယ်။
ReplyDeleteအော်တဲ့အခါမှာလဲ သံနေသံထားနဲ့ ဆွဲဆွဲငင်ငင် ဆိုရတာပါ။
အဓိက ကတော့ မနက်စောစော ဆွမ်းချက်ရန် အိပ်ယာက ထဖို့ လိုက် နှိုးဆော်ခြင်း ဖြစ်ပါတယ်။