လာရောက်သောဧည့်သည်များ

Sunday, June 17, 2012

                                                   အမှတ်တရ   ကလေးများ(၂)

                         တို့နေတဲ့ ဒေလီစီးတီးမြို့က တမျိုးဆန်းသည်။ ဆောင်းတွင်းဆို နှင်းမကျ၊ မြူမရှိ။ အဲမိုးကတော့ရွာသည်။ မြေထဲပင်လယ်
ရာသီဥတုမျိုး။ နွေဦးပေါက် နံနက် စောစော၊ ည နေပိုင်း၊ ညပိုင်းတွေဆို မြူတွေ ဝေနေပေါ့။ အဝေးကိုမမြင်ရ။ ဒီအချိန်ကားမောင်းပြီဆို အလွန်သတိထားမောင်းရသည်။ ဝေးလေ အမြင် ၀ိုးတ၀ါးဖြစ်သွားလေပေါ့။

                        ဒီလိုဘဲ ဘ၀မှာ နှစ်ကြာရှည်လာတော့ ပြန်စဉ်းစားရသည်များက မပြတ်သား။ မြူဆိုင်းသလိုဝိုးတ၀ါးပင်။ ကဲ ဒီတော့
 သေချာသူတို့က မှားတာတွေ့လျှင် ၀င်ပြောကြပါလို့ ဖိတ်ခေါ်ပါရစေ။

                         ကြာတော့ ကြာပြီ။  မှတ်မိကြမှာပါ။  ဇွန်လ သီဟိုဠ်ရှင် ဘုရားပွဲ ဆိုလျှင် အိမ်က အအေးဆိုင်ထွက်ခဲ့ဘူးသည်။ ဒီဆိုင်မှာ ဒေါ်ဒေါ်၊ ကိုချစ်ခိုင် တို့က ဒိုင်ခံ။ ဒေါ်ဒေါ်ပါ တော့ သမီးလည်းပါသည်ပေါ့။ တို့ ကလည်း  ဒီပွဲဆို ခွင့်ယူပြီးပြန်ကြတာများသည်။  ဆိုင်နံမည်က " မလိခ အေးရိပ်သာ " ပါ။ ညနေဆို ဒန်ပေါက်ပါ တွဲ ရောင်းသည်။အဲဒီအချိန်က ပခုက္ကူမြို့မှာ ဒန်ပေါက်စားခြင်လျှင်  အချိန်မရွေးဝယ်စားလို့မရ။ အလှူအတန်း၊ဆွမ်းကြွေးတို့မှာ ကြွေးမှသာ စားရသည်။ အချိန်မရွေး ၀ယ်စားလို့ ရသည့် အခါကား
 ဒီဘုရားပွဲ အချိန်အတွင်းမှာသာ။
                     
                          နေ့လည်ဆိုလျှင် လူလာကျဲ၍  အားနေကြသည်။  ဒီအချိန်မှ လွင်မာဦးကို သူ့အမေ အ၀င်းက ထမင်းကြွေးတတ်သည်။ လွင်မာဦးကား  ငယ်စဉ်က အရောင်ကိုအဓိကထားမှတ်မိနေတတ်သူပါ။အရောင်ကိုလည်း သတိထားမိတတ်သည်။ ဘယ္အက်ႋက
 ဘာအရောင်၊ ဘယ်ထမီက ဘာအရောင်ဆိုတာကို သူပြောပြတတ်သည်။  တနေ့ အ၀င်းက ထမင်းကြွေးနေတုံး သူက သူ့ အမေကို မေးသည်။ " မေမေ၀င်း ဒီအရောင်ကဘာအရောင်လဲ။ လွင်မာဦး မသိသေးဘူး " လို့မေးသည်။ ဒီတုံးက သူ့ကိုယ်သူ " လွင်မာဦး" ဟု
ပြောသည်။ ခုလို ကျနော်ဟု မပြောသေး။ ဘယ်အချိန်က ပြောင်းပြီးကျနော်ဖြစ်သွားသည်မသိ။ သူ့အမေက ပါတိတ် မရမ်းရောင် ကိုဝတ်ထားတာပါ။ ဒါ မရမ်းရောင် ခေါ်တယ်ဟု သူ့ကို ပြောပြပေးရသည်။ ဒီတုံးက သူ့အရွယ်က ဒီအရွယ်ပေါ့။ ဒါ အအေးဆိုင်ရှေ့မှာ ကိုချစ်ခိုင် ချီထားပြီးရိုက်ထားတဲ့ပုံပါ။ အမှတ်တရပေါ့။



                                   " Dimple  Min " အကြောင်းလည်းပြောရအုံးမည်။  သိကြပါလား၊ ဘယ်သူလဲဆိုတာ။
မနှင်း မွေးပြီဆိုတော့ ဆေးရုံကို တို့သွားကြသည်ပေါ့။ ထုံးစံ အတိုင်း ကလေးခန်းကို သွားပြီး ခလေးကိုကြည့်ကြသည်ပေါ့။ အဓိက မြင်ရတာက ခလေးရဲ့ ပါးက ပါးချိုင့်လေး။ ထင်ထင်ရှားရှားကိုမြင်ရတာပါ။  ဆေးရုံက ဆင်းလာသည့်တိုင် ခလေးကိုနံမည်မပေးရသေး။  ပါးချိုင့်လေးပါတယ်။ " Dimple  Min " လို့ ပေးပါလားဟု အကြံပေးခဲ့ပေမဲ့ လျစ်လျူရှု ခံရပြီးမပေးရသေးမီကပင် ဒီနံမည် ကြက်ပျောက် ငှက်ပျောက်  ပျောက်
သွားသည်။ နောက်  " နွယ်မာအောင် " ဖြစ်လာတော့သည်။  ဒီဘလော့မှာတော့ ကိုယ်ပြောခြင်တာ၊ ရေးခြင်တာ  ပြောလို့၊ ရေးလို့ရနေတော့  "Dimple  Min " ဆိုတဲ့နံမည် ပြန်လည် ဖေါ်ပြလိုက်ရခြင်းပါ။ ကဲ...သမီးနွယ်မာ...ဒီနံမည်ကိုကြိုက်ရဲ့လား။ စာရေးရင်  သမီး ကလောင်နံမည်ပေါ့ နော်။

                                     သူတနှစ်မပြည့်သေးခင်မှာ သူ့အမေက  စာရင်းစစ်ထွက်ရမှာမို့ ခလေးကိုပခုက္ကူပို့ပေးဘို့ ပြောလာပါတယ်။
နောက်မှသူတို့သွားခေါ်မယ်ပေါ့။  အားလုံး အဆင်ပြေအောင် တို့လည်းသူ့ကို ပခုက္ကူ ခေါ်သွားတယ်ပေါ့။ ဒီတုံးက ခလေးက
 လေးဘက် သွားတုံးရှိသေးတာ။ မတ်တတ်တောင် မရပ်နိုင်သေးဘူး။  တို့ လင်မယားနှစ်ယောက်လည်း  အဝေးပြေး ဘတ်ကားနဲ့ သူ့ကိုခေါ်ခဲ့ရတာပေါ့။ ကားက " BM " လေး။ ရှေ့ဆုံးခုံနံပါတ် ၁နဲ့ ၂ ကိုဝယ်ပြီးလိုက်လာတာ။ အဲဒီနေရာက နည်းနည်းကျယ်တယ်။
 တခြားနေရာတွေက ကျပ်တော့ ခလေးမလူးသာမလိမ့်သာ ဖြစ်မှာစိုးလို့။ ရန်ကုန်က ထွက်လာကတည်းက သူက ဆီးကတအားရွှင်တာ။ ငါ့
ပေါင်ပေါ်တင်ပြီးချီလာရတာဆိုတော့ ငါ့ လြုံခည် တထည်လုံးရွှဲနေတော့တာပေါ့။  ဆောင်းတွင်းမဟုတ်လို့တော်သေးတယ်။ လုံခြည်က
စိုနေတော့ နွေရဲ့ အပူ ကိုတောင် မှု စရာ မလိုတော့ဘူးပေါ့။ သူ့ကိုပေါင်ပေါ်တင်ထားရတော့ အိပ်လို့ ကလည်းမဖြစ်ဘူး။ ရုတ်တရက် ကားရပ်လိုက်ရင် ခလေးက ရှေ့ပြုတ်ကြသွားမှာလည်းစိုးရသေးတယ်။

                                         လမ်းမှာ ဧလာမြို့ ရောက်တော့ ညသန်းခေါင်လောက်ရှိနေပြီ။ ကားကလဘက်ရည်ဆိုင် တဆိုင်မှာဝင်နားတယ်။  တို့လည်းမအိပ်ခြင်အောင် လဘက်ရည်ဆင်းသောက်ရတာပေါ့။ ခလေးကလည်းတရေးနိုးပေါ့။  သူ့ကိုဘယ်ဘက်ပေါင်ပေါ်တင်ထိုင်ထားပြီး ဘယ်လက်နဲ့ထိန်းထား၊ ညာလက်နဲ့ လဘက်ရည်သောက်နေတုံး ဗြုံးဆို အီးအီးတွေပန်းချပါရော။ ညလည်းဖြစ်၊ ဆီးကလည်း ခဏခဏ သွားနေတော့ သူ့ ကိုဘောင်းဘီဝတ်ပေးမထားဘူး။ သူ့အီအီးတွေက တို့ စားပွဲနားမှာ အကွက်လိုက်၊ အပုံလိုက်။  စားသောက်ဆိုင်
ရှေ့ဆိုတော့ ဆိုင်ကိုလည်း အားနာ၊ တခြားစားတဲ့သူတွေကိုလည်း အားနာပေါ့။ဘယ်လို ဒါကိုရှင်းရပါ့မလဲလို့ တွေးနေတဲ့ခဏမှာဘဲ
  တိုးတက်တဲ့ နိုင်ငံတွေမှာ မရှိတဲ့  ရှင်းလင်းပုံ ရှင်းလင်းနည်းနဲ့ ရှင်းပြီးသွားတယ်။ တမီးနစ် တောင်မကြာဘူးနဲ့တူတယ်။ ဒါကတော့ ဆိုင်ပါတ်ဝန်းကျင်မှာရှိနေတဲ့ ခွေးလေခွေးလွင့် တွေက လာပြီးလျက်သွားတာ။ ပြောင်သွားတာဘဲ။  ဒီတော့မှ ၁၀တန်းတုံးက သင်ခဲ့ရတဲ့ ဦးကြင်ဥ ရေးထားတဲ့ " ထန်းတက်သမားကဗျာ " ခေါင်းထဲကို ရောက်လာတယ်။" ပြီးလျှင်ရေမရှာ၊ ခွေးသာကြွေးတော့သည်။ " ဆိုတဲ့အပိုဒ်ပေါ့။ ဒီပုံက ပခုက္ကုရောက်ပြီး နည်းနည်းကြာတော့မှ ရိုက်ထားတာပါ။



                                  ပုဂံရောက်လို့ ကျွန်းချောင်းကို ဇက်နဲ့ ကူးရတဲ့အခါ ဇက်ရေယဉ် အပေါ်ထပ်မှာတထပ်လုံးအနှံ့ လေးဘက်
ထောက်ပြီး ပျော်ပျော်ပါးပါး လျှောက်ပြေးနေတာ မှတ်မိနေသေးတယ်။  သူ့ခမျာတလမ်းလုံး ပေါင်ပေါ်မှာဘဲထိုင်၊ ပေါင်ပေါ်မှာဘဲအိပ်
လိုက်ခဲ့ရတာကို။ လွပ်လပ်သွားလို့နဲ့တူပါရဲ့။

                                 လွပ်လပ်ခြင်းကိုလည်း ဒီကတည်းက နှစ်သက်ပုံရပါရဲ့။ ခုတော့ ရွက်လွှင့်ခြင်းနှင့် အတူ တကမ္ဘာလုံး သွားနေလေရဲ့။

                                  ဒီအပါတ်တော့  ဒီလောက်ပါဘဲ။  နောက်အပါတ်မှဆက်ကြတာပေါ့။
                                   ကွန်ပျူတာနဲ့ ဖတ်ပြီး၊ မှတ်ချက်လေးတွေပေးကြပါအုံး။ အိုင်ဖုန်း နဲ့ ဆို မှတ်ချက် မပေးမိမှာစိုးလို့ပါ။

                                    သုစံ
                                    ဇွန်လ ၊ ၁၇ရက်၊ ၂၀၁၂ခု

2 comments:

  1. I'm trying to type mm font with iPhone.

    ReplyDelete
  2. 'Dimple Min' ဆိုတဲ့နာမည်ကိုကြိုက်တယ်။ အရင်တည်းကပေးခဲ့မိရင်ဒီမှာနာမည်ရှာစရာမလိုတော့ဘူး။ ခုတော့ Nicole ဖြစ်နေပြီ။ ဆီးရွှင်တာကတော့မပြောချင်ပါဘူး။ ၂တန်းထိကိုအိပ်ရာထဲရှူးရှူးပေါက်လို့မီးဖိုတွေရှိခိုးရတာနဲ့၊ အိပ်ရာပြောင်းပြန်အိပ်ဆိုလို့အိပ်ရတာနဲ့ အများကြီးပဲ။ လွတ်လပ်တာကိုကြိုက်ပြီးရွက်လွှင့်ခြင်းနဲ့အတူအခု Austrial ကိုရောက်နေပါတယ်။ ဒီစနေဆို Singapore ကိုပြန်ရောက်ပါမယ်။ နောက်နှစ်လောက်ကို America ကိုလာဖြစ်ဖို့ကြိုးစားပါမယ်ရှင်။

    ReplyDelete