ခါတလှည့်၊ လာခဲ့ကြပါလို့
ရှင်ပြု နားသလေး အကြောင်း ဆက်ရေးမယ်လို့ စိတ်က ကူးထားပေမဲ့ ကြားပေါက် ခရီးထွက်ဖြစ်ခဲ့ တာလေးကို ရေးပြချင်တာနဲ့ ဒါလေးရေးလိုက်ပါတယ်။ ဟိုး ရှေးရှေးက အကြာင်းတွေ ရေးပါလား လို့ အားပေးနေသူများ တဆိတ် သည်းခံလိုက်ပါအုံးလို့ ပဏာမ ပြောလိုက်ပါရစေ။၂၀၀၃ခုနှစ် အမေရိက ရောက်ပြီး ဖလော်ရီဒါပြည်နယ်မှာ ရောက်စ။ အလုပ်ကမရှိသေး။ ရောင်ခြာခြာ ဖြစ်နေတဲ့ အချိန်ကပေါ့။ အင်္ဂလိပ်စကားကို ပင်မထားပြီး အသုံးမပြုတဲ့ နိုင်ငံက လာသူတွေ အတွက် အစိုးရက စီစဉ်ပြီး အခမဲ့ သင်ကြားပေးနေတဲ့ အင်္ဂလိပ်စာသင်တန်းကို တက်ရောက်သင်ဖြစ်ခဲ့တယ်။ အဲဒီသင်ခန်းစာတွေထဲမှာ စိတ်ဝင်စားစရာဇတ်လမ်းလေး တပုဒ်ပါတယ်။ ဒီဇတ်လမ်းကို ကောင်းကောင်းကြီးမှတ်မိနေပါတယ်။
တခါကတဲ့ အမေရိက၊ ကာလီဖိုးနီးယားပြည်နယ်မှာ အမဲလိုက်တဲ့သူတယောက် ရှိခဲ့တယ်တဲ့။ တနေ့သူက သမင်တကောင်နောက်ကို
လိုက်ရင်း တောနက်ထဲကို ရောက်သွားပါသတဲ့။ ဘယ်လောက်နက်နက် ဒီသမင်ကို မရရင်မနေဘူးဆိုပြီး ဇွဲနဲ့ လိုက်ခဲ့တယ် ဆိုဘဲ။ ဒီလိုနဲ့ တဖြည်းဖြည်းလိုက်ရာက လျှိုကြီးတခုထဲကို ရောက်မှန်းမသိ ရောက်သွားပါရောတဲ့။ ဒီလျှိုကြီးထဲမှာရှိတဲ့ သစ်တောအုပ်ကလေး တခုကို လွန်လဲသွားရော ဒီမုဆိုးက လျှိုကြီးရဲ့ မြင်ကွင်းကိုမြင်လိုက်ရတယ်တဲ့။ အဲဒီမှာ မုဆိုးက သမင်ကိုလည်း မေ့သွား၊ သူဘာလုပ်နေလဲ ဆိုတာကိုလည်းသတိမရ၊ အသက်ရှုဘို့ ကိုပင် မေ့သွားလောက်အောင် ဒီလျှိုကြီးရဲ့ အလှအပကို တမေ့တမော ငေးစိုက်ကြည့်နေမိတယ်တဲ့။ အင်မတန် ကြမ်းတန်းခက်ထရော် နိုင်လှတဲ့ မုဆိုးတယောက်ရဲ့ နှလုံးသားကိုတောင် အရည်ပျော်ကျစေတဲ့ ဒီလျှိုကြီးကို နောင်ကြတော့
" ယိုစမိုက် " လို့ ခေါ်တွင်ကြတယ်။ အစိုးရကလည်း ဒီနေရာ တ၀ိုက်ကို " ယိုစမိုက် အမျိုးသားဥယျာဉ် " အဖြစ်သတ်မှတ်ခဲ့တယ်လို့
အဲဒီမှာသင်ကြားခဲ့ရပါတယ်။
ဒီလို ကြမ်းတန်းလှတဲ့ မုဆိုးကြီး တယောက်ရဲ့ နှလုံးသားကိုတောင် စွဲဆောင်နိုင်တဲ့ အစွမ်းရှိတဲ့ ဒီရှုခင်းကိုတော့ဖြင့် အခွင့်အရေးရရင် ကြည့်ချင်တဲ့ စိတ် စာသင်ခန်းထဲမှာတင်ပေါ်ခဲ့တာပါ။ ဖလော်ရီဒါကတဆင့် ကာလီဖိုးနီးယားကို ရောက်ပြီးနောက် ပထမဆုံး စပြီးစုံစမ်းမိတာက " ယိုစမိုက် ဆိုတဲ့ နေရာရောက်ဖူးလား။ တော်တော်လှသလား " ဆိုတာပါဘဲ။ သူတို့ က ပထမ မကြားဖူးသလို၊ စဉ်းစားနေသလို ဖြစ်နေပြီးမှ " ယိုစန်းမတီ" ကိုပြောတာလားနဲ့ ပြန်မေးကြတယ်။ ဒီတော့ "Yosemite"လို့ စာလုံးပေါင်းပြတော့မှ ယိုစန်းမတီလား။ အားလှတယ်။
တော်တော်လှတယ်နဲ့ ပြန်ဖြေကြတယ်။ အော် ဒီတော့မှ အမေရိကန် တနိုင်ငံထဲမှာကိုဘဲ အသံထွက် တွေမတူတဲ့ အကြောင်း၊ ခရမ်းခြင်သီးကို တချို့ နေရာတွေက တမေးတိုးလို့ ခေါ် ပြီး တချို့ နေရာကြတော့ တမားတိုး လို့ခေါ်ကြတယ်လို့ သင်ခဲ့ ရတာအမှတ်ရမိတယ်။
အမေရိကန်ပြည်ရဲ့ အလှဆုံး နေရာတွေထဲမှာ တခု အပါအ၀င်ဖြစ်တဲ့ ယိုစန်းမတီ အရပ်ကိုဖြင့် ၂၀၁၀ခုနှစ်မှာ ဓမ္မသင်တန်း အတူတက်နေတဲ့ သူနှစ်ယောက် နဲ့ စာသင်ကြားပေးခဲ့တဲ့ ဆရာတော် လေးပါးနဲ့ အတူသွားဖြစ်ခဲ့ပါတယ်။ အချိန်က ဧပြီလ ကုန်လုကုန်ခါနီးပေါ့။ တို့နေတဲ့ ဒေလီစီးတီး ဘက်မှာတော့ နွေရဲ့ အခိုးအငွေ့ တွေ ရောက်နေပါပြီ။အအေးလည်းပေါ့လာပြီပေါ့။ယိုစန်းမတီသစ်တောဥယျဉ်
ကတော့ဖြင့် ပေ၄၀၀၀အထက် ၅၀၀၀ကျော်၇၀၀၀လောက်ရှိတာမို့ အအေးရှိန်မပျောက်သေးဘူးဆိုလို့အနွေးထည်နဲ့ သွားရတာပါ။
တောင်ပေါ်မှာတော့ လမ်းဘေးမှာ နှင်းကြွင်းတို့ ကား မပျယ်သေး။ အစုလိုက်အပုံလိုက်ရှိနေဆဲ။ ထေါင်မတ်မြင့်မားတဲ့ ထင်းရှုးပင်က
ထွက်လာတဲ့ ပျော့ပျောင်းညွှတ်ကျနေတဲ့ အကိုင်းတွေရဲ့ ကော့နေတဲ့ အဖျားမှာတော့ နှင်းပွင့်တို့ ရီးလေးခိုနေဆဲ။ လေအသွေ့ မှာ ဘုတ်ခနဲ၊ ဘုတ်ခနဲ မြေပြင်ကိုခုန်ဆင်းဆဲပါ။ ဒီတုံးက ရှုခင်းလေးကို ဒီပုံမှာမြင်နိုင်ပါတယ်။
ခုမိသားစုနဲ့ အတူ ဒီအလှကိုရှုစားဘို့ ခရီးတခေါက်ထွက်ခဲ့ပြန်ပါပြီ။ခုတခေါက်ကတော့ နွေခေါင်ခေါင်ပါ။တကယ်တန်းပြောရရင်ဖြင့်
နွေအိုချိန်ပါ။ နေ့ တာတောင် တိုစပြုနေပါပြီ။ ဒါပေမဲ့ အပူရှိန်ကတော့ မပျယ်သေး။ ဒါပေမဲ့ တောင်ပေါ်ဒေသဖြစ်လို့ ရုတ်တရက် ပူရာက အေးသွားတာမျိုး၊ တိမ်တွေတက်လာပြီး မိုးရွာချတတ်တာမျိုးရှိတယ်လို့ ဒီဒေသရဲ့ မိုးလေ၀သကဆိုတော့ အနွေးထည်ရော၊ အအေးထည်ပါ စုံအောင်ထည့်လာခဲ့ကြရတယ်။ စက်တင်ဘာလ ၁ရက်နေ့ နံနက် ၈နာရီလောက်ထွက်ဖြစ်ခဲ့ပါတယ်။
ယိုစန်းမတီ က ဒေလီစီတီးရဲ့ အရှေ့ စူးစူး မိုင်၂၀၀လောက် ၊ အတိအကျဆိုရရင် ၁၉၇မိုင် ဝေးပါတယ်။အနီးရောက်တော့ တောင်ပေါ်
လမ်းတွေဖြစ်လို့ အကွေ့ အကောက်တွေများလို့ ၄နာရီလောက်မောင်းရတာပါ။ သူ့ရဲ့ သမိုင်းကြောင်းလေးကိုလည်း ဒီနေရာမှာ အနည်းအကျဉ်း ပြောပါရစေ။ ကမ္ဘာကြီး စတင်အေးခဲ လာပြီးတော့ မြေလွှာအောက်မှာရှိတဲ့ ကျောက်လွှာများပွတ်တိုက်မှုကြောင့် အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းခြေတလျောက်မှာ တွန့် ခေါက်တောင်တန်းကြီးတွေ ပေါ်လာခဲ့တာပါ။ ဒီ ယိုစန်းမတီ ဒေသကတော့ ဂရင်းနိုက် ကျောက်တွေနဲ့ ပြီးတဲ့ တောင်တန်းကြီးပေါ့။ စဖြစ်ခါစတုံးက ရိုးရိုးတောင်တန်း တောင်ကြားပါဘဲ။ နောက်ရေခဲ ခေတ်ကိုရောက်တော့ ဒီနေရာမှာရေခဲတွေစုပြီး ရေခဲမြစ်ကြီးဖြစ်ခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရေခဲမြစ်ရဲ့တိုက်စားမှုကြောင့် တောင်ကြားဒေသ ကျယ်ဝန်းလာပြီး ဂရင်းနိုက် ကျောက်သားတွေ တောင်ခပန်းပြတ်ကြီးတွေဖြစ်ကျန်ခဲ့တာလို့ သူ့ သမိုင်းကဆိုပါတယ်။ ရေခဲခေတ်ကုန်သွားတော့ ဒီ ကျောက်ခါးပန်းပြတ်ကြီးတွေရဲ့ အလှကပေါ်လာတယ်လို့ ဆိုတာပါ။ ယိုစန်းမတီ ကိုနီးလာတော့ ဒီလို ကျောက်တောင်တွေကို စမြင်ရပါပြီ။
တောင်ကြားကို ရောက်ပြီး ရှုခင်းကိုစမြင်ရပါပြီ။ ဓာတ်ပုံတွေကိုကြည့်ပြီး " ဟင်--ပြောသလိုလဲမလှပါဘူး "လို့ မပြောလိုက်ပါနဲ့ အုံး။ ယိုစန်းမတီ ရဲ့ သဘာဝအလှကို ပေါ်အောင် ဓာတ်ပုံဆရာ မရိုက်နိုင်လို့ ပါ။ ပန်းချီငိုလို့ ဆိုသလို ဒီမှာတော့ ဓာတ်ပုံဆရာငိုဖြစ်ရမှာပါ။
ကဲဒီပုံကြည့်လိုက်ပါအုံး။
အောက်ကပုံကတော့ ယိုစန်းမတီ အ၀င်စပ်က စမ်းချောင်းလေးပါ။
ဒီစမ်းချောင်းဘေးမှာ တို့ လေးယောက်။
ယိုစန်းမတီ မှာက တောတောင် ရေတခွန်တွေအလွန်ပေါပါတယ်။ ဒါတွေနဲ့ လှနေတာပါ။ အများအားဖြင့်တော့ ရေတခွန်တွေက ဆောင်းမှာကျတဲ့ နှင်းတွေပျော်ပြီး ရေတွေဖြစ်ကျတာပါ။ အရင်တခေါက်သွားခဲ့ တုံးက တဝေါဝေါကျနေတဲ့ တချို့ ရေတခွန်ဆို ရေတစက်မှမရှိတော့ပါဘူး။ ယိုစန်းမတီ ရေတခွန်ပုံကို အောက်မှာ ယှဉ်ပြလိုက်ပါတယ်။
ခုပုံကိုကြည့်ပါဦး။
ရေတစက်မှမကျတော့ဘူး။
ဒီပုံက ယိုစန်းမတီက Bus မှတ်တိုင်မှာ ရိုက်လာခဲ့တာပါ။
ဒါကတော့ ချောင်းတခုထဲမှာလေ။
ရွာလေးထဲမှာပေါ့။
ယိုစန်းမတီ တောင်ကြားရှုခင်းကိုကြည့်ပြီးကြတော့ အဲဒီနဲ့ မိုင်၄၀လောက်ဝေးတဲ့ မာရီပိုစာ ဆိုတဲ့ ရွာလေးမှာသွားအိပ်ကြတယ်။ ဒီရွာလေးက တောင်ကြားထဲမှာရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့ အလုပ်ဖြစ်နေတဲ့ ရွာလေးနဲ့ တူပါတယ်။ ဟိုတယ်တွေ အင်းတွေ အများကြီးဘဲ။တို့ အိပ်ခဲ့တဲ့ အင်းကတော့---------
နောက်နေ့ မနက်ကျ ပြန်ထွက်ကြပြီပေါ့။ ယိုစန်းမတီမှာ ကြည့်စရာတွေ ကျန်သေးတယ်လေ။
ဒါကတော့ ယိုစန်းမတီကို ပြန်အသွား လမ်းက မာဆစ်မြစ် ကမ်းဘေးမှာပေါ့။ မြစ်လို့ သာခေါ်တာ။ တို့ စီက
တောင်ငူနားက သံတောင် ချောင်းလောက်ဘဲရှိမယ်။
ဒီနေ့ တော့ မနေ့ က မရောက်ခဲ့ တဲ့ ဂလေစီယာပွိုင့် ကိုအသွား တောင်ပေါ်ကိုထပ်အတက်မှာ မနေ့ ကရောက်ခဲ့ တဲ့ တောင်ကြားတခုလုံးကို ရှုမြင်နိုင်တဲ့ ရှုခင်းမှာရပ်ပြီးဓာတ်ပုံရိုက်ကြပါတယ်။ တောင်တန်းတွေရဲ့ သဘာဝအရ မနက်ပိုင်းမှာ နေရောင်ကြောင့် ၀ါးတားတားဖြစ်နေလို့ သူ့ အလှတွေမပေါ်လွင်လှပါဘူး။ ဒါကြောင့် အရင်တခေါက်က ပုံနဲ့ တွဲ ပြလိုက်ပါတယ်။
ဒီကနေ ဂလေစီယာပွိုင့်ကိုအသွားလမ်းမှာ လမ်းဘေးအိမ်သာလေးတခုရှိတယ်။ မြန်မာပြည်အခေါ်တော့ ပေါက်တောပေါ့နော်။ အရင်တခါသွားတဲ့ရှုခင်းနဲ့ ခုတခေါက်ရှုခင်း ခြားနားပုံကိုလည်း ဖေါ်ပြလိုက်ပါတယ်။
ဂလေစီယာပွိုင့် ကတော့ ရှုခင်းတကယ်လှတယ်။ ဂရင်းနိုက်ကျောက်တောင်တန်းကြီးကို အလှအပဆုံးတွေ့ နိုင်တဲ့ နေရာပေါ့။
ဒီကနေ မာရီပိုစာဂရု ဆိုတဲ့နေရာကိုသွားပါတယ်။ အဲဒီနေရာကတော့ သစ်ပင်ကြီးတွေ ရှိတဲ့နေရာပါ။ ရှေးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ ဒီသစ်ပင်ကြီးတွေကို မခုတ်မလှဲဘဲ စေါင့်ရှောက်ထားတဲ့နေရာပါ။ မာရီပိုစာဂရု နဲ့ ဂလေစီယာပွိုင့် နေရာတွေကို နွေရာသီဇွန်လက
အောက်တိုဘာ လဆန်းပိုင်း လောက်အတွင်းသာ ဖွင့်တာပါ။ ကျန်အချိန်တွေဆိုရင် နှင်းတွေတအားကျလို့ ပိတ်ထားပါတယ်။ ဒါကြောင့် အရင်တစ်ခေါက်က အဲဒီနေရာတွေကိုမရောက်ခဲ့ပါဘူး။
မာရီပိုစာဂရုကိုအသွား လမ်းရှုခင်းကို ကားပေါ်ကနေရိုက်ထားတာပါ။
မာရီပိုစာဂရုမှာရိုက်ခဲ့တဲ့ ပုံတွေပါ။ နေရာကကျယ်လွန်းလို့ ပြန်ရမှာလဲဖြစ်လို့ နေရာအနှံ့ ကိုမရောက်ခဲ့ပါဘူး။ အိမ်က တယောက်ယောက် ရောက်လာခဲ့ရင်တော့ ထပ်ပြီး စုံအောင် အနှံ့ လည်ကြသေးတာပေါ့။
အပြန်ခရီးကတော့ အလာတုံးက လမ်းမဟုတ်တော့ဘူး။ တောင်တက်တောင်ဆင်းတွေနည်းတဲ့ မြေပြန့် လမ်းကပြန်ခဲ့ ကြတာပါ။
ရှုခင်းကမတူတာကိုတွေ့ နို င်ပါတယ်။ ည ၈နာရီလောက်မှာတော့ ဒေလီစီးတီးကိုပြန်ရောက်ပါတယ်။တခါတည်း ဗီယက်နမ် စားသောက်ဆိုင်
ကိုသွားကြပြီး ညစာအဖြစ် ဗီယက်နံစွတ် ကိုသောက်ပြီး ဒီခရီးကို အဆုံးသတ်ခဲ့ပါတယ်။
နိဂုံးမချုပ်ခင်တခုတော့ မှာလိုက်ပါရစေ။ ဓာတ်ပုံတွေကိုကလစ်ရိုက်လိုက်ရင် ပုံကြီးချဲ့ ပြီး တွေ့ ရမှာဖြစ်ပါတယ်။ရှုခင်းတွေဖြစ်လို့
မြင်ကွင်းကြီးကြီးနဲ့ ကြည့်လေပိုလှလေပါဘဲ။ တယ်လီဖုန်းသေးသေးလေးနဲ့ ကြည့်ပြီး အားရတင်းတိမ်မနေပါနဲ့ ။ကွန်ပျူတာနဲ့ ကြည့်ကြပါ။ အားနာနာနဲ့ တခုတော့ တောင်းပန်ပါရစေ။ ဒီလောက်လှတဲ့ ရှုခင်းတွေကို ပေါ်လွင်အောင် မရိုက်နိုင်လို့ ကိုယ့် ကိုယ်ကို အားမလိုအားမရဖြစ်ပြီး ဒါလောက်ဘဲ တင်ပြလိုက်ရတာကို စိတ်မကောင်းဖြစ်မိကြောင်းပါ။ ကိုယ့်ရဲ့ ညံ့ဖြင်းတဲ့ ဓာတ်ပုံပညာကြောင့် တောင်းပန်လိုက်ပါတယ်။
ကဲ...အခွင့်အရေးရရင်ဖြင့် ခါတလှည့်၊ လာခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။
သုစံ
စက်တင်ဘာလ၊ ၁၀ရက်၊ ၂၀၁၂ခု
LIKE!!!
ReplyDeleteတကယ်လှတဲ့ အမြဲထိန်းသိမ်း ထားသင့်တဲ့ သဘာဝ ရှုခင်းတွေပါ။
ReplyDeleteအခုသွားတဲ့ အချိန်က လူသွားများတဲ့ ရာသီချိန် မဟုတ်ဘူးလားမသိဘူး။ အရင်တစ်ခေါက်က ပိုပြီး လာတဲ့ လူတွေ များသလားလို့။
ရေတံခွန်ရှေ့မှာလေ။ ခုရာသီက ရေလဲမရှိ နှင်းလဲမကျဆိုတော့။
နှင်းတွေဖုံးနေတဲ့ အိမ်သာပုံလေးဆို တော်တော်လှတယ်။ ချစ်စရာလေး။
comment ရေးရင် robot check လုပ်ဖို့ word verification ရိုက်ထည့်နေရပါတယ်။ နဂိုကမှ ကွန်မန့် ပေးဖို့ ပျင်းကြတဲ့ သူတွေအတွက် ပိုလွယ်သွားအောင် ဖြုတ်ပေးရင် ပိုကောင်းမယ်ထင်ပါတယ်။ အကြံပေးတာပါ။
ReplyDelete(ဖြုတ်ချင်ရင် setting>> Posts and Comments>> Show word verification ကို NO လုပ်လိုက်ရင် ရပြီ)
နှင်းတွေမရှိ၊ ရေတွေနည်းတဲ့ အချိန်ဖြစ်လို့ ရေတံခွန်နေရာတွေမှာ လူနည်းပေမဲ့ ကွင်းတခုလုံးနဲ့ ခြုံကြည့်ရင် ခုလူပိုများပါတယ်။ အရင်တခေါက်ကတော့ ရေတံခွန်တွေ ရှေ့မှာဘဲလူများတာပါ။ ဂလေစီယာပွိုင့် နဲ့ မာရီပိုစာဂရု ဘက်ကို ခုအချိန်မှသွားလို့ရတာကတကြောင်း၊ စက်တင်ဘာ၃ရက်နေ့ ကလည်း အမေရိကန် နိုင်ငံရဲ့ အလုပ်သမားနေ့ ဂေဇက်ဝင် ရုံးပိတ်ရက်ဖြစ်တာကတကြောင်းမို့ စနေ၊တနင်္ဂနွေ၊ တနင်္လာ ၃ရက်ဆက်ပိတ်တဲ့ အတွက်ကတကြောင်းကြောင့် လူပိုများတာပါ။ တချို့ နေရာတွေဆို ကားရပ်စရာနေရာတွေမရှိတော့ လို့ ရပ်ဖို့ စောင့်နေကြရတဲ့ ကားတန်းကြီးက အရှည်ကြီးပါ။ ဓာတ်ပုံထဲမှာ အဲဒါတွေမပါလို့ပါ။ စားသောက်ဆိုင်တွေမှာလည်းတန်းစီစေါင့်နေရလို့ အချိန်က ပိုပြီးကုန်ပါတယ်။ ယိုစန်းမတီဥယျဉ် အတွင်းမှာလဲ ဟိုတယ်တွေရှိတယ်။ ဒီရက်မှာ အခန်းလွတ်ကိုမရှိလို့ အပြင်ဘက် အနီးအနားမှာရှိတဲ့ အခန်းကိုငှားရတာပါ။ ဒီတော့ အိပ်တဲ့ နေရာကို အသွားအပြန် အချိန်ပိုပေးရပြန်တာပေါ့။ ဓာတ်ပုံတွေကိုရော ကြိုက်နှစ်သက်ကြပါသလား။ ရှည်ရှည်များများ တင်ပြခဲ့ရတာကို မှတ်ချက် တခွန်းတည်းနဲ့ ဆိုတော့ အားမရပါဘူးနော်။
ReplyDeleteအရမ်းလှတယ်..လာဖြစ်အောင်ကိုလာခဲ့အုန်းမှာ။ ရန်ကုန်၅လမ်းကိုလွမ်းလို့တခြားဟိုတယ်၊မော်တယ်နဲ့အင်းတွေမှာမတည်းပဲ ၅လမ်းအင်းမှာတည်းကြတာမလား။ မမတင်တဲ့ပုံတွေကိုကြည့်ပြီးကတည်းကတော်တော်လှတယ်လို့ပြောနေတာ။
ReplyDeleteှဓာတ်ပုံဆရာကမညံ့ပါဘူးနော်။မြင်ကွင်းတွေပေါ်အောင်ရိုက်နိုင်ပါတယ်။ အိမ်သာလေးကချစ်စရာလေး။ ဟုတ်တယ် ရေတံခွန်ဆိုတာ ရေတွေကျနေမှသူ့ရဲ့အလှက ပြည့်စုံသွားတာပေါ့....အရမ်းကြိုက်ပါသည်။