လော့စ်အင်ဂျလိ သို့ တခေါက်
ဘယ်သူမှ စိတ်ဝင်စားမှု မရှိကြလို့ ဘလော့ ကို ရေးဘို့ အားလျော့ နေတုံး စာတစောင်ရောက်လာတယ်။ နောက်ထပ်
ရေးသားမှု မရှိရင် ဒီဘလော့ ကို အပြီးအပိုင် ဖျက်သိမ်းပြစ်မယ်တဲ့။ အော်.. ဘလော့ လောကမှာလဲ ခြိမ်းခြောက်မှုတွေနဲ့ ပါလား။
ကဲလေ ဘလော့လေး သက်တမ်းရှည်ပါစေတော့ ဆိုပြီး ကြံဖန်လို့ ပို့ စ်လေးတခုရေးလိုက်ရအုံးမှာပေါ့။
၂၀၁၃ခု၊ မေလကုန် ၃၁ရက်နေ့ မှာ မိသားစုအားလုံး အားတာနဲ့ လော့စ်အင်ဂျလိမြို့ကိုအလည်သွားဖြစ်ကြတယ်။
တို့ နေတဲ့ နေရာနဲ့ လော့စ်အင်ဂျလိနဲ့ က မိုင် ၃၈၄မိုင် ဝေးပါတယ်။ ကိုယ့် ကားနဲံ့ ကိုယ်မောင်းရင် ၆နာရီလောက် မောင်းရတယ်။
ငါက မေလ ၃၀ရက်နေ့ ညအလုပ် လုပ်ရသေးတာဆိုတော့ ၃၁ရက်နေ့ မနက် ၈နာရီခွဲလောက်မှ အိမ်ပြန်ရောက်တယ်။ သမီးက အဲဒီနေ့ မနက် အလုပ်ဆင်းရတာဆိုတော့ မနက် ၁၁နာရီ ခွဲလောက်မှ အိမ်ပြန်ရောက်ပါတယ်။ ဒီလိုနဲ့ အိမ်က ၁၂နာရီခွဲလောက်မှ စထွက်ဖြစ်တယ်ဆိုပါတော့။
နွေဥတု ဆိုတော့ နေကတော့ ပူပါတယ်။ ဒေလီစီးတီးနဲ့ တော့ ဥတုကတခြားစီပေါ့။ ဗေးဧရိယာကတောင်တန်းတွေ
ကျော်လာပြီးရင် မြေပြန့် လိုဖြစ်သွားတယ်။ လော့စ်အင်ဂျလိနားရောက်တော့မှ တောင်တန်းတွေတွေ့ ရတော့တယ်။ ဒီတောင်တန်း
ကလည်း ဆောင်းတွင်းဆို နှင်းဖြူတွေကျတတ်တဲ့ နေရာပါ။ ယိုစမတီ လိုတော့ နှင်းတွေ စုခဲမနေပါဘူး။
ကားမောင်းနေတုံး ကားပေါ်ကနေရိုက်ထားတာဖြစ်ပါတယ်။ မအားလို့ ကားမှန်ဆေးမထားဖြစ်လို့ ပုံတွေက မှုံဝါးဝါးပါ။ သည်းခံကြည့်ကြပါ။
လော့စ်အင်ဂျလိ(အယ်အေ) ကိုညနေ ၇နာရီလောက်ရောက်တယ်။ အယ်အေ မြို့ ထဲကဈေးကြီးလို့ မြို့ထဲနဲ့ မနီးမဝေး အယ်မွန်းတီအရပ်မှာတည်းပါတယ်။ ရန်ကုန်မြို့ ထဲနဲ့ ကမာရွတ်လိုပေါ့။မိုတယ်၆ ဆိုတဲ့ တည်းခိုခန်းရှိတယ်။
ဒါက ရောက်ပြီး ညစာ စားဖို့ ထွက်အလာမှာ ရိုက်ထားတာပါ။။
နောက်နေ့ မနက်စောစော ထပြီး ပါတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်မှတ်တမ်းယူခဲ့ပါသေးတယ်။
အယ်အေမှာရုပ်ရှင် စတူဒီယို ၂ခုက ပရိတ်ဿတ်ကြည့် နိုင်အောင် ၀င်ကြေးနဲ့ ၀င်ကြည့်ဘို့ စီစဉ်ထားပါတယ် ။ ယူနီဗာဆယ်နဲ့ ဝေါ့ဒစ်စနေပေါ့။ အချိန်ကလည်း ကောင်းကောင်းမရလို့ ယူနီဗာဆယ်ကိုဘဲ သွားကြည့်ခဲ့ပါတယ်။ ၀င်ကြေးက တယောက်ကို ၇၅ဒေါ်လာပေးရတယ်။ မြန်မာငွေ ကျပ်၇သောင်းလောက်ရှိတာပေါ့။ ပထမတော့ ဈေးကြီးလှတယ်လို့ ထင်တာ။ ၀င်ကြည့်ပြီးတော့မှ တန်တယ်ဆိုတာသိရတယ်။
မနက်စာကတော့ " ယိုရှီနိုယာ" ဆိုတဲ့ ဂျပန်ဆိုင်မှာ ၀င်စားဖြစ်ခဲ့တယ်။
စားသောက်ပြီးမှ ယူနီဗာဆယ်ကိုသွားတာပါ။ ခု ပုံတွေကတော့ ယူနီဗာဆယ် အ၀င်က ပုံတွေပါ။
ယူနီဗာဆယ် စတူဒီယို ထဲမှာတော့ ပုံသေရိုက်ဖြစ်တာနည်းတယ်။ ဗီဒီယိုဘဲရိုက်ဖြစ်ခဲ့တယ်။ ရိုက်စရာတွေကများ၊ ကြည့်စရာတွေက စုံတော့ ဘယ်နေရာဘယ်လိုရိုက်ရမယ်ဆိုတာတောင် စဉ်းစားချိန်မရဘူး။ ဘယ်နေရာက ဘယ်လိုပြကွက်တွေ
ထွက်လာမယ်ဆိုတာ မသိတော့ ကင်မရာကို ကြိုပြီးပြင်မထားနိုင်ခဲ့ဘူး။ ဒီတော့ ရိုက်ချက်တွေက လိုနေတာပေါ့။
အယ်အေက အရမ်းပူတယ်။ နေ့ ခင်းမှာပေါ့။ ဒါကြောင့် စံဖရန်လို အနွေးထည်ဝတ်စရာမလိုဘူး။ ဒါပေမဲ့ စတူဒီယိုကထွက်ခါနီး ညနေ ၅နာရီခွဲလောက်ကျတော့ အေးလာတယ်။ ခုစတူဒီယိုအတွင်း မှာရိုက်ခဲ့တဲ့ ပုံတွေပါ။
အထဲမှာ ရုပ်သေ သိပ်မရိုက်ဖြစ်လို့ ဒီပုံလောက်ဘဲရှိတယ်။ ဗီဒီယိုဘဲရိုက်ဖြစ်ခဲ့တယ်။ အခွေလုပ်ထားပြီးပြီ။ ကြုံရင် ကြည့်ရအောင်ပို့ လိုက်ပါအုံးမယ်။
အထဲမှာ " ရေကမ္ဘာ" ပြကွက်တို့ ၊သူရဲခြောက်သောအိမ်ကြီးတို့ ၊ ရုပ်ရှင် အထူးပြုလုပ်ချက်တို့ ဆိုတာကြည့်လို့ ကောင်းတယ်။ ရှရက် ဘီလူးရဲ့ ဇတ်လမ်း က 4Dပြကွက်နဲ့ ပြထားတာ။ ပြကွက်က ရေထဲကျသွားလို့ ရေစင်တာဆိုရင်ကြည့်တဲ့သူမှာလဲ ရေလာစင်တယ်။
ပြကွက်ထဲက အရုပ်က ၀ူး ဆိုလေမှုတ်လိုက်ရင် ကြည့်တဲ့ သူကိုလည်း လေက တိုးသွားတယ်။ ပြကွက်ထဲက ဇတ်ကောင်က ရထားစီးသွားလို့ လှုပ်ခါရင် ကြည့်တဲ့သူကလဲ ရထားလှုပ်သလိုလိုက်လှုပ်တယ်။ စင်ကာပူရောက်ရင် ယူနီဗာဆယ်သွားကြည့်ကြပေါ့။ဒါတော့ ဗီဒီယို
ရိုက်လို့မရလို့ မရိုက်ခဲ့ပါဘူး။
ရေကမ္ဘာပြကွက်မှာတော့ ကမ္ဘာကြီးပူနွေးလာပြီး ၀င်ရိုးစွန်းမှာရှိတဲ့ ရေခဲတွေအရည်ပျော်သွားလို့ ရေတွေ
လွှမ်းသွားပြီးနောက် လူတွေဟာ ရေထဲမှာဘဲ သင်္ဘောပျက်ကြီးတွေနဲ့ နေရာကတိုက်ကြခိုက်ကြတဲ့ဇတ်လမ်းပါ။ ဒါကိုတော့ ရိုက်လာခဲ့
ပါတယ်။
သူရဲခြောက်တဲ့ အိမ်ကြီးက အထဲမှာမှောင်ချထားပြီး ကင်မရာတွေကို မီးမသုံးဘို့ တားမြစ်ထားတာကြောင့်
မှောင်ထဲမှာဘဲ ရသလိုရိုက်ခဲ့ရတာပါ။ ရှေ့ ကလွင်မာဦးကသွားတာဆိုတော့ သူရောက်တဲ့ နေရာမှာ ရုတ်တရက် ထွက်လာပြီး ခြောက်တဲ့ အရုပ်တွေက နောက်ဆုံးက ကင်မရာမင်း အလှည့်ကြတော့ ခြောက်ပြီး ပြန်ဝင်သွားတဲ့ အချိန်ဖြစ်လို့ သိပ်တော့ ကြောက်စရာမပေါ်ဘူးပေါ့။
ရှရက် ဘီလူး ပြကွက်မှာတော့ 4Dဖြစ်ပြီး ရိုက်ရင်လည်း ၀ါးနေတာဘဲ ပေါ်မှာဖြစ်လို့ မရိုက်ခဲ့ပါဘူး။
ရုပ်ရှင်ထဲပါတဲ့ တိရိစ္ဆာန်လိမ္မာလေးတွေပြခန်းတော့ ရိုက်ခဲ့ ပါတယ်။ အထူးပြုလုပ်ချက်ပြခန်းကတော့ စိတ်ဝင်စားစရာတွေပါ။ ပရိဿတ်ထဲက အမျိုးသမီးတယောက်ကိုခေါ်ပြီး သူ့ လက်ကို အားလုံးရဲ့ ရှေ့ မှာဘဲ ဓားနဲ့ လှီးဖြတ်တာ သွေးတွေ ရဲကနဲစီးကြလာတာတွေလုပ်ပြပါတယ်။လူကသရုပ်ဆောင်ပြီး ကွန်ပျူတာ အကူအညီနဲ့ ဘီလူးပုံဖြစ်အောင်လုပ်ရိုက်တာတို့ ၊
ပရိဿတ်ထဲက မိသားစုတစုကိုခေါ်ပြီး ပိတ်ကားစိမ်းရှေ့ မှာသရုပ်ဆောင်ခိုင်း၊ ပြကွက်ကြတော့တောထဲမှာ သရုပ်ဆောင်နေရသလို
ဖြစ်အောင် ရိုက်ပြတာတို့ ပေါ့။ တာတွေတော့ ရိုက်ဖြစ်ခဲ့ပါတယ်။
ဂျူရစစ်ပါတ် ပြကွက်မှာတော့ လှေစီးရင် ရေစိုမှာမို့ မစီးဖြစ်ပါဘူး။ထရန်စဖေါ်မာဆိုတဲ့ ပြကွက်မှာလဲ
နှလုံးမကောင်းသူတွေမစီးပါနဲ့ လို့ တားမြစ်ထားလို့ မစီးဖြစ်ခဲ့ဘူး။ မံမီအရုပ်ပြခန်းမှာလဲ ဒီလိုပါဘဲ။
ခုတည်းခိုခန်းထဲက ပုံတွေပါ။
နောက်နေ့ တော့ ဟောလီဝု မြို့ ထဲက ပလက်ဖေါင်းပေါ်မှာ ကြယ်ပွင့်တွေနဲ့ နံမည်ကြီး မင်းသားမင်းသမီးတွေ၊ ဂီတဘက်ကသူတွေ၊ ဇတ်ညွှန်းရေးသူတွေ ရဲ့ နံမည်ရေးထားတာတွေကြည့်ပြီး ဆိပ်ကမ်းဖြစ်တဲ့ စန်တာမော်နီကာ ကိုသွားခဲ့ပါတယ်။ အဲဒီကအပြန် နေ့လည်စာစားပြီး မှ ဒေလီစီးတီး ကိုပြန်ခဲ့ ကြတာပါ။ ည၉နာရီလောက်မှာ ပြန်ရောက်ပါတယ်။ ဆိပ်ကမ်းကပုံတွေပါ။
ကဲ...ဒီတပါတ်တော့ ဒီလောက်ပါဘဲ။
အားလုံး အလုပ်များနေတော့ ကြည့်မဲ့ သူမှ ရှိပါ့မလားဘဲ။
အားလုံး မင်္ဂလာပါ။
သူစံ
ဇွန်လ၊ ၁၅ရက်၊၂၀၁၃ခု။
ကောင်းလိုက်တာ။ မိသားစုလိုက် ပျော်စရာကြီး၊
ReplyDeleteLA ကို ပထမဆုံး သွားဖြစ်တာလား။
ကိုဖိုးသူကတော့ အရင် ၂ခေါက် ၃ခေါက် ရောက်ဘူးပါတယ်။ ငါတော့ အရင် ဆရာတင်မိုး အသုဘ တုံးကတခေါက် ရောက်ဘူးတယ်။ အသုဘ ပွဲပြီးတော့ ပြန်လာတာမို့ ဘယ်မှ မရောက်ဖြစ်ခဲ့ဘူး။ ခုတော့ နဲနဲ စုံသွားတာပေါ့။ အ၀င်းနဲ့ လွင်မာဦးကတော့ ပထမဆုံး ရောက်ဘူးကြတာပါ။
ReplyDelete