ကောလိပ်ဂျင်ဘ၀ တခဏ (ဆဋ္ဌမပိုင်း)
၅၁နှစ်?၅၁နှစ်တောင် ရှိပြီလား။
အော်...ကြာခဲ့ပြီကောကွယ်။
ပြောတတ်ကြ တယ်လေ။ ပြန် စဉ်းစားကြည့်စမ်း။ မနေ့ တနေ့ ကလိုဘဲတဲ့။
ငါ့ အတွက်တော့ ဒီလိုမဟုတ်ပါဘူး။ ပြန်စဉ်းစားကြည့်ရင် ခုလောလောဆယ် ဖြစ်နေသလိုပါဘဲ။ ပစ္စုပ္ပန် တဲ့တဲ့
မှာ လိုပါဘဲ။ အပစ်မဲ့တဲ့၊ လက်နက်မရှိတဲ့ ငါတို့ ကျောင်းသားတွေကို အသစ်ထွက်လာတဲ့ ဂျီ-၃ အော်တော်မက်တစ် စက်သေနတ်တွေနဲ့ ၀ိုင်းပစ်တာတွေ၊ တဒက် ဒက်နဲ့ အော်တော်မက်တစ် သေနတ်က အတွဲလိုက်ပစ်သံတွေ၊ ရွီကနဲ ရွီကနဲ နံဘေးနားက ဖြတ်သွားတဲ့ ကျည်ဆံ တွေရဲ့ အသံတွေ၊ ကျောင်းသားတွေရဲ့ အော်ဟစ်သံတွေ၊ အို စုံနေအောင်ပါဘဲ။ မျက်စိထဲကလဲပြန်မြင်နေရ၊ နားထဲမှာလဲ
ပြန်ကြားနေရနဲ့ ။ ဒီဘ၀မပြောနဲ့ သံသရာတလျောက်မှာတောင် မေ့နိုင်မယ်မထင်ပါဘူး။
ဂျူလိုင် ၇ရက်ညနေခင်းပေါ့လေ။ ကျောင်းသားတွေရဲ့ ဒေါသက ပါမောက္ခချုပ် ဦးကာ အပေါ်ရောက်ပြီး သူ့ အိမ်ကို ၀ိုင်းပြီး ဆန္ဒပြ ကြွေးကြော်နေရာက သူ့ ရဲ့ ပြန်လည်တုန့် ပြန်မှုမရှိ မှု ကြောင့် ပိုပြီးဒေါသပေါက်ကွဲလာကြပါတယ်။ နောက် သူနေတဲ့ ၀ိုင်းအတွင်းကို ၀ိုင်းတံခါးတွန်းဖွင့်ပြီး ၀င်ရောက်အော်ဟစ် ဆန္ဒပြကြပါတယ်။ ဘာမှတုန့် ပြန်မှု မရှိတဲ့ အခါ သူ့ အိမ် ဆင်ဝင်အောက်မှာ ကား၂စီးရပ်ထားတာ
တွေ့ ရပါတယ်။ ကားမှန်တွေရိုက်ခွဲပြီး မီးရှို့ မယ်လုပ်တော့ ကားမီးလောင်ရင် အိမ်ကို မီးကူးတော့မယ်။ အိမ်ထဲမှာ ရှိတဲ့ သူတွေ သေကုန်
ကြမယ်လို့ ကျောင်းသားခြင်း သတိပေးပြီး ကားကိုမောင်းထုတ်လာကြပါတယ်။ ပထမဆုံးထွက်လာတဲ့ ကားက ဗောက်ဝက်ဂွန်း ကား
အနီလေး။ ဒီကားက ဦးကာရဲ့ သားပိုင်တဲ့ကား လို့ ကျောင်းသားခြင်းပြောလို့ သိရတယ်။ သူ့ သားကသင်္ချာ ဌာနကတဲ့။ ၀ိုင်းအပြင်
ရောက်တော့ ကားမှာ မှန်တချပ်မှ မရှိတော့ ပါဘူး။ ဒီကားကို အဓိပတိလမ်းနဲ့ ဒဂုံလမ်းဆုံနေရာ အဓိပတိလမ်းပေါ်မှာ မီးတင်ရှို့ လိုက်ပါတယ်။
ဒီလိုလုပ်နေတုံးမှာဘဲ နောက်ထပ်ကားတစီးကိုလည်း တွန်းထုတ်လာပါတယ်။ ဒီကားကတော့ မော့စဗစ် အမျိုးအစားပါ။ အရောင်က အစိမ်းနုရောင်လေး။ ဒီကားကိုတော့ အဓိပတိလမ်းထိပ်က ပိတ်ထားတဲ့ တံခါးနားကို ရောက်အောင် တွန်းသွားပြီးမှ မီးရှို့ လိုက်ကြပါတယ်။
မနေ့ ညကလည်း တညလုံးနီးပါး အိပ်ရေးပျက်ခဲ့တာနဲ့ ဒီနေ့ လည်းတနေကုန်နီးပါးလှုပ်ရှားခဲ့ကြတော့ ကျောင်းသားတွေ
လည်း ပင်ပန်းကုန်ကြပါပြီ။ တို့ လည်း ပင်ပန်းပြီဆိုတော့ ဗောက်ဝက်ဂွန်း ကားလေးနဲ့ မနီးမဝေးမှာ ထိုင်ပြီး စကားပြောနေကြတယ်။ အဓိပတိလမ်းလယ်ခေါင်မှာပေါ့။ တို့ ၀ိုင်းမှာ ကိုကိုကိုညွန့်စံ၊ကိုရဲ၊ကိုရဲထွတ် နဲ့ ငါပေါ့။ တခြားသူတွေတော့ မမှတ်မိတော့ဘူး။ အချိန်ကလည်း
ညနေ ၆နာရီလောက်တော့ ရှိပြီထင်တယ်။ နေကလည်းချိုနေပြီ။ ခဏနားပြီးရင် အဆောင်ပြန် ရေချိုး၊ ပြီး ထမင်းစားကြမယ်ပေါ့။
ဒီလိုအချိန်မှာဘဲ စက်သေနတ်သံ တဒိုင်းဒိုင်း တဒက်ဒက်နဲ့ ကြားရတော့တာဘဲ။ ပစ်ပြီဟေ့ လို့ ကျောင်းသားခြင်း
သတိပေးသံတွေကြားရပြီး တို့ စကားဝိုင်းလည်း ပျက်သွားတော့ တာပါဘဲ။ ငါကတော့အဓိပတိလမ်းပေါ်ကနေ တို့ အဆောင်ဘက်နီးတဲ့
ရေမြောင်းဘက်ကိုပြေးပြီး ရေမြောင်းထဲကမှ ပစ်သံကြားရရင် ရေတမာပင်ကို ကွယ်လိုက်၊ ပစ်သံရပ်သွားရင် မြောင်းထဲကနေပြေးလိုက်နဲ့ အဆောင်ဘက်ပြန်ပြေးတာပေါ့။ အတူတူ စကားပြောနေကြတဲ့သူတွေ ဘယ်ကဘယ်လိုပြေးပြီး ဘယ်ရောက်သွားကြတယ်ဆိုတာတောင် မသိတော့ဘူး။ အောက်ကပုံကတော့ ကျည်ဆံများကိုရှောင်တိမ်းပြေးလွှားခဲ့ရသော ရေမြောင်းနှင့် ရေတမာပင်တို့ပါ။
ပစ်သံကြားလိုက် သစ်ပင်ကွယ်လိုက်၊ ပြီး မြောင်းထဲကနေပြေးလိုက်နဲ့ နောက်ဆုံး ပင်းယဆောင်ရှေ့ ရောက်သွားတယ်။ ပင်းယဆောင်ရှေ့ မှာလည်း မျက်ရည်ယိုဗုံး ဒဏ်ကာကွယ်ဘို့ ရေတိုင်ကီ တခုချထားပြီး ရေဖြည့်ထားတယ်။ မြောင်းထဲကဆင်း
ပြေးလာရတော့ ခြေထောက်ကလဲပေ၊ မြက်ရွက်တွေကရှဆိုတော့ ကျောင်းသားတွေက အဲဒီရေတိုင်ကီထဲက ရေနဲ့ ခြေဆေးကြရတယ်။ ငါလည်း အဲဒီမှာဘဲဆေးရတာပေါ့။ စစ်သားတွေကတော့ ကျောင်းဝင်းထဲဝင်လာမှာမဟုတ်ပါဘူး ဆိုပြီး အေးအေးဆေးဆေးဘဲ ဆေးနေတာပါ။ ပင်းယဆောင်တည့်တည့်က အဓိပတိလမ်းကိုထွက်တဲ့အပေါက်ရှိတယ်။ အဲဒီကနေ တို့ ထက် နောက်ကျနေတဲ့ ကျောင်းသားတွေ အသုတ်လိုက် အသုတ်လိုက် ၀င် ၀င်ပြေးလာကြတာပေါ့။ တသုတ်မှာတော့ ကျောင်းသားတယောက်က သစ်ပင်တွေကွယ်မပြေးဘဲ အဓိပတိလမ်းပေါ်ကနေပြေးလာတာ ပင်းယဆောင်ထွက်ပေါက်တဲ့တဲ့မှာဘဲ သေနတ်မှန်ပြီး နောက်ပြန်လဲသွားတာတွေ့ လိုက်ရတယ်။ နောက်ကရောက်လာတဲ့ အသုတ်က လဲနေတဲ့ ကျောင်းသားကို ၀င်ပွေ့ ကြပြီး စစ်ကိုင်းဆောင်ဘက်ကို မပြေးတာတွေ့ ရတယ်။ နောက် စစ်သားတွေ ကျောင်းထဲဝင်လာကြပြီလို့ ကျောင်းသားခြင်းသတိပေးကြတော့ တို့ လည်းနီးရာပင်းယဆောင်ထဲဘဲ ၀င်ခိုလိုက်ရတော့တယ်။
စစ်သားတွေက အဆောင်ဝင်းထဲအထိတော့ဝင်မလာကြပါဘူး။ ဒါပေမဲ့ အဓိပတိလမ်းပေါ်မှာ နေရာယူပြီး အဆောင်တွေကို ပစ်ကြတယ်။
နောက်မှတွေ့ လို့ ငါ့ အကိုကပြောတာက တကယ်ထိအောင်ပစ်မှာမဟုတ်ပါဘူးလို့ ထင်ပြီး အဓိပတိလမ်းအတိုင်း သူကပြေးတာတဲ့။ နောက် သူ့ ရှေ့ မှာဘဲ ကျောင်းသားတွေ သေနတ်မှန်တော့မှ မြောင်းဘက်ဆင်းပြေးရတယ်တဲ့။ သူလဲပင်းယဆောင်မှာ
ဝင်ပုံးတာပါဘဲ။ သူကအပေါ်ထပ် ၀ရံတာမှာရှိတဲ့ တိုင်ကို ကွယ်ပြီးနေတာတဲ့။
"မင်းတို့ တရုတ်ဖြူတွေတော့ မတိုက်ရဲဘူး။ တို့ ကိုလာပစ်ရသလား "ဆိုပြီး ကျောင်းသားတွေက ဆဲတော့ စစ်ဗိုလ်လုပ်တဲ့သူက သံတိုင်ကြားကနေ မှန်ပြောင်းနဲ့ ကြည့်ပြီး သူ့ စစ်သားကို ဘယ်ကိုပစ်၊ ဟိုကိုပစ် နဲ့ ညွှန်ကြားနေတာတွေတွေ့ တယ်တဲ့။
ငါပုံးနေခဲ့တဲ့ အခန်းကဘယ်သူ့ အခန်းလဲမသိတော့ဘူး။ ကျောင်းသားခြင်းလာ လာဆိုပြီးဝင်ပုံးနေကြတာပါ။ လေး ငါးယောက်
လောက်ရှိမယ်။ စစ်သားတွေ အဆောင်ထဲထိ ၀င်လာရင်တော့ ရရာနဲ့ ပြန်ခုခံရမှာဘဲ။သူသေကိုယ်သေပေါ့ ဆိုပြီး အားလုံးက
ပြောနေကြတာပါ။
ည ၈နာရီခွဲလောက်ကြမှ အဆောင်က ဆရာတယောက်က အခန်းတွေလိုက်ပြီး တခြားအဆောင်က ကျောင်းသားတွေ ရှိလားလို့ မေးပြီး နောက်ဖေးပေါက်ကနေကိုယ့်အဆောင်ကိုယ်ပြန်လို့ ရပြီလို့ လိုက်ပြောတယ်။ သူကဘဲ ဒီလောက်သေတာ
ကျောင်းကတော့ မပိတ်လို့ မရဘူး၊ ပိတ်ရမှာပါဘဲ လို့ ပြောတယ်။ ငါနေတဲ့ ပဲခူးဆောင်နဲ့ ပင်းယဆောင်က ဟိုဘကိဒီဘက်ကပ်ရက် ဆိုတော့ ပြန်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ အဲဒီည ထမင်းငတ်ကြတာပေါ့။
ကိုယ့် အဆောင်ပြန်ရောက်တော့မှ ဘယ်အခန်းက ဘယ်သူပြန်ရောက်လဲ၊ မရောက်လဲနဲ့ မေးကြမြန်းကြ။ အတွေ့ အကြုံတွေပြောကြနဲ့ ပေါ့။ ပဲခူးသား ငါ့ အခန်းဖေါ်တော့ ပြန်မရောက်တော့ဘူး။ အားလုံးစိတ်မချမ်းသာစွာနဲ့ ဘဲ ၊ နောက်နေ့ ဘာဖြစ်လာမလဲ ဆိုတာစဉ်းစားရင်းနဲ့ ဘဲ အဲဒီညကို ကုန်လွန်ခဲ့ရပါတယ်။
သြော်...၇ရက်ဂျူလိုင်ကိုတော့ ဖြင့် ဘယ်တော့မှ မမေ့နိုင်တော့ပါလား။
နောက်မှဆက်ပါအုံးမယ်။
သုစံ
၇ရက်ဂျူလိုင် ၂၀၁၃ခု
(၅၁) နှစ်မြောက်နေ့ အမှတ်တရ
No comments:
Post a Comment