ဂျပန် ဥယျာဉ်သို့ တခေါက်
မတ်လ ၁၄ရက်နေ့ က စံဟိုဆေးမြို့က ဂျပန်မိတ်ဆွေဖြစ်ဥယျာဉ်ကို အလည်တခေါက် ရောက်ခဲ့ပါတယ်။ဒီမှာနေထိုင်သူ မည်သူမဆို တနှစ်တခါ အခွန်ဆောင်ရပါတယ်။ အခွန်ဆောင်ရပုံက မြန်မာပြည်နဲ့တော့ သိတ်မတူပါဘူး။ ဒီမှာအလုပ်လုပ်တဲ့သူတိုင်း ၂ပါတ်တခါဖြစ်စေ၊ တလတခါဖြစ်စေ လုပ်ခရရှိကြပါတယ်။ လုပ်ခကို ချက်လက်မှတ်ဖြင့်ပေးလေ့ရှိပြီး ဗဟိုအစိုးရအခွန်နဲ့ ပြည်နယ်အစိုးရ အခွန်တို့ ကို ခန့်မှန်း ပြီး နှုတ်ယူထားလေ့ရှိပါတယ်။ နှစ်စဉ် ဇန်န၀ါရီလမှာ ပြီးခဲ့တဲ့ နှစ်အတွက် ၀င်ငွေဘယ်လောက်ရှိတယ်၊ ဘယ်လောက်အခွန်ဆောင်ထားပြီးပြီ ဆိုတဲ့ စါရင်းစာရွက်ရရှိပါတယ်။ ဒီစာရွက်ပေါ်မူတည်ပြီးတော့မှ အခွန်ဆောင်ရတဲ့ ပုံစံမှာဖြည့်စွက်ပြီး ပြန်တင်ရတာပါ။ ဒီတော့မှ သူ့အတွက် အခွန်လွတ်ကင်းခွင့်ရှိတာတွေ ထည့်တွက်ပြီး ဘယ်လောက်ဆောင်သင့်တယ်ဆိုတာတွက်ယူရတာပါ။ ကိုယ် ဆောင်ထားခဲ့တာက ဆောင်သင့်တာထက်ပိုနေလျှင် အစိုးရက ပြန်ထုတ်ပေးပါတယ်။ လိုနေလျှင်တော့ ကိုယ်က ထပ်ပေးရတာပေါ့။ လွတ်ကင်းခွင့်ရှိတာတွေက အပြောင်းအလဲရှိတတ်တော့ ဒီလုပ်ငန်းကိုကျွမ်းကျင်တဲ့သူတွေနဲ့လုပ်လျှင် ကိုယ်ရသင့် ရထိုက်တာတွေပြန်ရနိုင်တာပေါ့။
ဒါကြောင့် အိမ်ကနေ မိုင် ၃၀ လောက်ဝေးတဲ့ စံဟိုဆေးမြို့ကို သွားခဲ့တာ။ အဲဒီက အေးဂျင့်က အခွန်ဌာနကထွက်လာတဲ့သူဆိုတော့ ကျွမ်းကျင်မှုရှိတယ်။ နေ့လည် ၁၂နာရီခွဲလောက်မှာ အခွန်ကိစ္စ ပြီးသွားတယ်။ ဒီတော့ အဲဒီမြို့ က ကမ္ဘောဒီးယား စားသောက်ဆိုင်မှာ သွားစားကြပြီး ဂျပန်ဥယျာဉ်ကို သွားလည်ပတ်ကြတာပါ။
ဥယျာဉ်ရှိတဲ့ နေရာမှာ ကြည့်စရာ ၃ခုရှိတယ်။ ဂျပန်ဥယျာဉ်၊ ရှေးဟောင်းမြို့ နဲ့ တိရိစ္ဆာန်ရုံပါ။ ဂျပန်ဥယျာဉ်က ဂျပန်ယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတာပါ။ ရှေးဟောင်းမြို့ ဆိုတာက တိုးရစ်တွေ လာလည်ခြင်အောင် နဲ့ ရှေးတုံးက အိမ်ပုံစံလေးတွေ ဆောက်ထားတာ။ ဒီလိုနေရာမျိုးမှာ စားသောက်ဆိုင်လေးတွေ၊ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေရှိတယ်။ မန္တလေး နန်းတွင်းဆို ဒီလိုလုပ်လို့ သိတ်ကောင်းပေါ့။ တိရိစ္ဆာန်ရုံကတော့ ခလေးတွေ ကစားဘို့ပါ။ ဒီထဲတော့ မသွားခဲ့ပါဘူး။
မတ်လလယ်ဆိုတော့ နေ့ခင်းဆို တော်တော်ပူနေပြီ။ ၇၅ဒီကရီဖါရင်ဟိုက်လောက်ပူတဲ့ နေရောင်ကြောင့် သွားရတာ တော်တော် ပင်ပန်းလှတယ်။ ဒါကြောင့် သစ်ပင်ရိပ်အောက်မှာ နား နားပြီးမှ သွားရတယ်။
ဒါကတော့ ရှေးတုံးက ပြေးတဲ့ ဓာတ်ရထားလေးပေါ့။ ဒီမြို့ဟောင်း လေးမှာဘဲ ပတ်ခြာလည်ပြေးတာပါ။
ရှေးတုံးက စာတိုက်ကလေးပေါ့။
စောစောကတွေ့ခဲ့တဲ့ ဓာတ်ရထားလေး သွားနေတာပါ။
ရှေးခေတ်က အိမ်လေးတွေပါ။
အိမ်တိုင်းရဲ့ ရှေ့မှာ ဒီအိမ်တွေရဲ့ သမိုင်းမှတ်တမ်းတွေကို ဖတ်ရှု လေ့လာနိုင်ပါတယ်။ အလံတိုင်နဲ့ အဆောက်အဦကတော့ ရှေးတုံးက ကျောင်းကလေးပေါ့။
စံဟိုဆေးမှာက ဗီယက်နမ်လူမျိုးတွေနေတာများတယ်။ ဗီယက်နမ် စစ်သမိုင်းပြကွက်လေးနဲ့ ဗီယက်နမ် လှေကလေးတစင်းပြထားတာပါ။
နေရိပ် တခုမှာ ခဏ နားပြီး ဘယ်လမ်းကြောင်းကသွားကြမလဲလို့ ရွေးချယ် ကြပါတယ်။
ဂျပန်မိတ်ဆွေဖြစ်ဥယျာဉ် အ၀င်ဝက ဆိုင်းဘုတ်နဲ့ ၀င်လျှင်ဝင်ခြင်းတွေ့ရတဲ့ ရေကန်ပါ။ ဒီကန်ထဲမှာ ရောင်စုံငါးတွေ၊ ဘဲငန်းတွေ၊ ဘဲတွေ လွတ်လွတ်လပ်လပ် ကူးခတ်သွားလာနေကြပါတယ်။
နေ့ခင်း နေပြင်းတဲ့ အချိန်မို့ ဓတ်ပုံရိုက်တဲ့သူ အေးဆေးဆေးရိုက်ပါစေဆိုပြီး မိသားစုက သစ်ပင်ရိပ်အောက်မှာထိုင်၊ ပုံအပြောကောင်းသူကပြောနဲ့ပေါ့။
ဒါတွေကတော့ ဥယျာဉ်အတွင်း လှတယ်ထင်တာလေးတွေ လိုက်ရိုက်ထားတာပါ။
ရိုက်တဲ့သူကမမောပေမဲ့ စောင့်နေတဲ့သူတွေကတော့ မောပုံပန်းပုံရပါတယ်။
ခြေပစ်လက်ပစ်ပါဘဲ။ မိသားစုတွေ ဒီထဲလာပြီး ဓာတ်ပုံရိုက်တဲ့သူတွေနဲ့။ နေရိပ်မှာ အပန်းဖြေနေကြနဲ့ လူတွေတော့ အတော်များသားကလား။
ပန်းခြံကပြန်ထွက်လာပြီးတော့ တိရိစ္ဆာန်ရုံဘက်သွားဖြစ်တယ်။ အပြင်ဘက်မှာရှိတဲ့ ရုပ်ပုံလေးတွေနဲ့ ကြိုးတံတားကိုဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။
တိရိစ္ဆာန်ရုံထဲတော့ မ၀င်တော့ဘူး။ ကားထားတဲ့နေရာကို ပြန်လာတော့ ဗုဒ္ဓကုန်းက တမာပင်တန်းလေးနဲ့ တူလို့ အသွားတုံးက မရိုက်ဖြစ်လိုက်တဲ့ လမ်းလေးကို အမိအရ ရိုက်ပြီးပြန်လာခဲ့ပါတယ်။
ကဲ...... ဒီပို့စ်ကို ဖတ်ပြီးပြီဆိုတော့ စံဟိုဆေးက ဂျပန်ဥယျာဉ်လေးကို တခေါက် ရောက်လိုက်ရသလို စိတ်ထဲမှာ ကြည်လင်လန်းဆန်းသွားပါသလား။ မှတ်ချက်ပေးကြပါအုံး။
မေတ္တာဖြင့်၊
သုစံ
မတ်လ၊ ၂၃ရက်၊ ၂၀၁၅ခု။
တော်တော်လှတယ် :)
ReplyDelete