Danville မြို့သို့ တစ်ခေါက်
မတ်လ ၂၇ရက်နေ့ ကပေါ့။ ဒန်ဗီးမြို့ မှာ စီးတီးက အလုပ်စာမေးပွဲခေါ်လို့ သမီးသွားဖြေရတယ်။ အဲဒီနေ့ က သောကြာနေ့ ဆိုတော့ ကိုဖိုးသူမအားဘူး။ အဲဒီမြို့က ဟေးဝပ်နဲ့ ၂၂မိုင်လောက်ဝေးတယ်။ အရှေ့ မြောက်ဘက် အရပ်မှာပေါ့။ ဒီလောက် အဝေးကြီး သမီးက ကားမမောင်းဘူးတော့ လိုက်ပို့ ရတယ်လေ။ အဲဒီဘက်ကို တခေါက်မှ မရောက်ဘူးသေးတော့ လမ်းညွှန်စက်ကလေး အကူအညီနဲ့ သွားရပါတယ်။
စာမေးပွဲက ၉နာရီခွဲက ၁၂နာရီ အတွင်း ဖြေရမှာဆိုတော့ အိမ်ကစောစောထွက်သွားကြရပါတယ်။ တောင်တန်းတွေရှိတဲ့ ဘက် အရပ်မို့ လမ်းခရီးက တောင်ကြားလမ်းလေးအတိုင်း သွားရတာပါ။ စောစောသွားရပေမဲ့ မြို့ အထွက်မှာတော့ အလုပ်သွားကြတဲ့ အချိန်မို့ ကားကြပ်တယ်။
လမ်းလေးက တော်တော်လှတယ်။ တောင်ကြားမှာ အနိမ့်၊ အမြင့်၊ အကွေ့၊ အကောက်၊ အတက်၊ အဆင်းတွေနဲ့ သတိတော့ ထား မောင်းရတယ်။ ကင်မရာပါပေမဲ့ ကိုယ်က မောင်းတဲ့သူဆိုတော့ လမ်းမှာ မရိုက်နိုင်ခဲ့ပါဘူး။
ဒန်ဗီးမြို့ ကိုရောက်လို့ သမီးဖြေရမဲ့ ခန်းမကို သွားပြီဆိုမှ ကားရပ်ရမဲ့ နေရာ ရှာပြီး ရပ်ရတယ်။ စာမေးပွဲ ဖြေရမဲ့ အဆောက်အဦးက ပန်းခြံတခုထဲက အဆောက်အဦပါ။ ဘေးမှာ ရေကန်တခုလဲရှိတယ်။ သစ်ပင်တွေနဲ့ ရေကန်ပတ်လမ်းလေးလဲ သပ်သပ်ရပ်ရပ်လုပ်ထားပါတယ်။
စောစောစီးစီးမို့ ကျန်းမာရေးအတွက် လာရောက် လမ်းလျှောက်တဲ့သူတွေ၊ လေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေရှိတယ်။
ဒါကတော့ မြို့ လေးက အိမ်တွေကို ရိုက်လာခဲ့တာပါ။
အောက်ပိုင်းက ကားရပ်တဲ့နေရာ။ ဒါကိုမိုးထားတာက ဆိုလာစဲတွေ။
ဘယ်ဘက် အဆောက် အဦးက စာမေးပွဲဖြေရတဲ့ ခန်းမပါ။ ရေကန်မှာ ရေပန်းတခုလဲ လုပ်ထားသေးတယ်။
ရေကန်ထဲမှာတော့ ဘဲတွေ၊ ဘဲငန်းတွေတော့ ရေကူးနေကြတယ်။ ရေက နည်းနည်း နောက်လို့ ငါးတွေ ရှိမရှိ မတွေ့ ရပါဘူး။ ပန်းခြံကို လာရောက်ကြတဲ့ သူတွေက အနှောင့်အယှက် ပေးလေ့မရှိကြလို့ အေးအေးချမ်းချမ်း ဘဲသွားလာနေကြတာပါ။
ဒါက ရေကန်ပတ်လမ်းလေးပေါ့။ ကွန်ကရစ် လှလှပပ သေသေသပ်သပ် ခင်းထားတာပါ။
ဖန်တီးထားတဲ့ ချောင်းလေးတွေမှာလည်း ခုလို သပ်သပ်ရပ်ရပ် တံတားလေးတွေနဲ့ မို့ ကြည့်ရတာနဲ့တောင် ကန်ကို ပတ်ပြီး လမ်းလျှောက်ချင်စိတ်ပေါ်လာစေပါတယ်။
ဘဲတွေ၊ ဘဲငန်းတွေကို အနှောင့် အယှက်သာ မပေးတာ အစာကိုတော့ မကြွေးကြဘို့နိုးဆော်ထားပါတယ်။ ဒါပေမဲ့ အစာမကြွေးရလို့ အမိန့်ထုတ်ပိတ်ပင်တာမျိုးမဟုတ်ဘဲ အကျိုးသင့် အကြောင်းသင့် ရေးပြထားလို့ ကြွေးတဲ့သူမရှိပါဘူး။
ပန်းခြံကိုလာတဲ့ မိသားစုတွေမှာလဲ ခလေးတွေပါနိုင်တာမို့ ခလေးကစားကွင်းကိုလည်း လှလှပပ ပြုလုပ်ထားပါတယ်။
ပန်းခြံထဲ လျှောက်ကြည့်တော့မှ ဒီပန်းခြံဟာ ကျဆုံးသွားကြတဲ့ စစ်သည်စစ်သားတွေကို ဂုဏ်ပြုတဲ့ အထိန်းအမှတ် အနေနဲ့ လုပ်ထားတာဆိုတာသိရတယ်။
ဒီမှာတော့ စစ်သားတွေနဲ့ စစ်သည်ဟောင်းတွေကို အားလုံးက လေးစားကြပါတယ်။ စစ်မှုထမ်းဘူးတဲ့သူဆိုလျှင် အလုပ်အကိုင်မှာလည်း ဦးစားပေးခန့်ထားလေ့ရှိပါတယ်။ အရည်အခြင်းမမှီဘဲနဲ့တော့ မခန့်ပါဘူး။ အရည်အခြင်းတူနေတယ်ဆိုလျှင်တော့ စစ်မှုထမ်းဟောင်းကို ဦးစားပေးပါတယ်။
နေ့လည်း ၁၁နာရီခွဲလောက်မှာ သမီး စာမေးပွဲဖြေပြီးလို့ ထွက်လာပါပြီ။ ပါလာတဲ့ မုန့်တွေစားပြီး သူလည်း ကန်တပတ်တော့ လျှောက်ဖြစ်ပါတယ်။
ကန်ရဲ့ အလှကို တပတ်ခံစားပြီးတော့မှ ဒီကန်ကို နုတ်ဆက် ပြန်ခဲ့ ကြပါတယ်။
ဒီကန်ရဲ့ အလှကို မျက်မြင်တွေ့ လိုလျှင်တော့ အမြန်သာကြွခဲ့ကြပါလို့...........။ရှုခင်းတွေလှမလှ ဝေဖန်ကြပါအုံး။
မေတ္တာဖြင့်
သုစံ
မတ်လ၊ ၂၈ရက်၊ ၂၀၁၅ခု။