ကောလိပ်ဂျင်ဘ၀ တခဏ(သတ္တမပိုင်း)
တို့ ရဲ့ သမဂ္ဂ အဆောက်အဦကြီး ကို မိုင်းတွေနဲ့ ခွဲပြီး အဖြိုခံရတာ ဒီနေ့ ဆို (၅၁)နှစ် ပြည့်ပါပေါ့လား။
တို့ ကျောင်းသားတွေကိုစော်ကားတာလေ။
တို့ ကျောင်းသားတွေကိုနှိပ်ကွပ်တာလေ။
ဒီကျောင်းသား သမဂ္ဂအဆောက်အဦကြီးဆိုတာ တို့ တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲ ရဲ့ မှတ်တိုင်တခု။
ကျောင်းသားခေါင်းဆောင် ၊ နိုင်ငံခေါင်းဆောင်တွေ ကို မွေးဖွါးပေးရာဌာနတခု။
သမိုင်းမှာ တန်ဘိုးကြီးမားတဲ့ နေရာတခုပါ။
သမိုင်းမှာ တန်ဘိုးကြီးမားကြီးမားတဲ့ နေရာတခုကို သမိုင်းမှာ ဘာတန်ဘိုးမှမရှိတဲ့၊ သမိုင်းတန်ဘိုးကို လုံးဝနားမလည်တဲ့ စစ်အာဏာရှင်တစုက ဖျက်စီးတာခံလိုက်ရတာပါ။
မှတ်မိပါသေးတယ်။
ခု လက်ငင်းဖြစ်ပျက်နေသလိုကို မှတ်မိနေတာပါ။
အဆောင်မှာ မအိပ်ခင် ဆရာတွေပြောလို့ တို့ တက္ကသိုလ်တွေကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ပြီ
ဆိုတာသိခဲ့ရပါတယ်။
သေဆုံးတဲ့ ကျောင်းသားတွေ ဘယ်သူတွေလဲ။
ဘယ်လောက်သေဆုံးသလဲ။
ဒဏ်ရာရတဲ့သူတွေရော ဘယ်လိုနေကြလဲ။ ဆေးကုသခွင့် ရကြလား။
ကိုဗဆွေလေးတို့ ကိုသက်တို့ ကိုရော ဘယ်ဖမ်းသွားလဲ။ ဘယ်သူတွေ ရောအဖမ်းခံရသေးလဲ။
ကျောင်းကပိတ်တာဘဲကြေငြာတယ်။ ပြန်ဖွင့်မဲ့ ရက်ကိုမကြေငြာဘူး။ ဘယ်တော့ ပြန်ဖွင့်ပါ့မလဲ။
ငါ့ အခန်ဖေါ်လည်း ပြန်မလာဘူး။ သူရောသေဆုံးတဲ့ အထဲပါသွားလို့ လား။ ဆေးရုံဘဲရောက်နေလား။ ဘာဖြစ်လို့ လဲ.....စသည်စသည်ဖြင့် လားပေါင်းများစွာ၊ လဲပေါင်းများစွာတွေးတောရင်း ဘယ်အချိန်အိပ်ပျော်သွားတယ်မသိဘူး။
ရုတ်တရက် " ၀ုန်း" ဆိုတဲ့ အသံကြီးနဲ့ အဆောင်တခုလုံးတုန်ခါ မည်ဟီး သွားတဲ့ အခါမှာ လန့် နိုးလာပြီး " တို့ အဆောင်ကိုတော့ အမြောက်နဲ့ ပစ်ဖြိုပြီ" လို့ ထင်ပြီးအိပ်ယာကလူးလဲထပြီးအခန်းအပြင်ကိုပြေးထွက်လာမိတယ်။ တခြားအခန်းက
ကျောင်းသားတွေကလည်း ပြေးထွက်လာပြီး ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ နဲ့ တယောက်နဲ့ တယောက်မေးကြတာပေါ့။ ချက်ခြင်းဘယ်သူမှ ဘာဖြစ်မှန်းမသိကြဘူး။ ခဏကြာမှအပေါ်ဆုံးထပ်က ကျောင်းသားကြီးတွေက "ယူနီယံ ဘက်ကဖြစ်တာဟေ့၊ ယူနီယံဘက်က ဖြစ်တာ"နဲ့ ပြောလို့ အပေါ်ဆုံးထပ်ကို တက်ကြည့်မိပါတယ်။ ကြားထဲမှာ သစ်ပင်တွေခံနေလို့ တို့ အဆောင်ကနေ ယူနီယံ အဆောက်အဦကို မမြင်ရပေမဲ့ အဲဒီဘက်မှာ မီးခိုးဖြူတွေ ဖုန်မှုန့် တွေ လှိမ့် တက်နေတာ မြင်ရတယ်။ ဒါနဲ့ အပေါ်ထက်ပြန်ဆင်း၊ ကိုယ့်အခန်းတံခါးကို မပိတ်မိခဲ့ သေးလို့ ပြန်ပိတ်ပြီး သထုံလမ်းကနေထွက် ယူနီယံ အဆောက်အဦ ကိုသွားကြည့်မိပါတယ်။ အချိန်က နေရောင်တဲ့ တဲ့ မရောက်သေးပါဘူး။ ကောင်းကင်က အလင်းရောင်ပြန်လို့ သာဖြူလွလွ အရောင်သာရှိပါသေးတယ်။
ယူနီယံ အဆောက်အဦကြီးတခုလုံးဟာ အုတ်ကျိုး အုတ်ပဲ့တွေ၊ သံချောင်း၊ သံဟင်ဂလန်တွေ ထိုးထိုးထောင်ထောင် နဲ့ ဘဲ ၀မ်းနည်းစရာတွေ့ ရပါတော့ တယ်။ မီးခိုးဖြူတွေ၊ ဖုန်မှုန့် တွေကတော့ တလူလူ ထွက်ရှိနေတုံးပါ။ စောစောသွားကြည့်လို့ ဒီမြင်ကွင်းကိုတွေ့ ရတာပါ။ တို့ ထွက်ကြည့်ပြီး မကြာပါဘူး စစ်သားတွေရောက်လာပြီး သထုံလမ်းဘက်ကို ထွက်ခွင့် မပေးတော့ ပါဘူး။
ကျောင်းဝန်းထဲကို အပြင်ကလူတွေလဲ ၀င်ခွင့်မပေး။ အတွင်းကလူလဲထွက်ခွင့်မပေးတော့ အဆောင်တွေရဲ့ စဖိုဆောင်က ၀န်ထမ်းတွေလဲ ၀င်လို့ မရဘူးပေါ့။ ဒီတော့ တို့ အားလုံး နံနက်စာပါ ငတ်ကြရပြန်တာပေါ့။
ကိုကိုနဲ့ ကိုရဲ တို့ က သထုံဆောင်က ဆိုတော့ သူတိုနဲ့ ပိုနီးတယ်။ ကိုကိုက အတန်းကြီး ဆိုတော့ သထုံဆောင် အပေါ်ဆုံးထပ်မှာ။ မျက်နှာကျက် ကျောက်ပြားတွေ ကွဲပြီးကျလို့ တချို့ ဆို ခြင်ထောင်တွေ စုတ်ပြဲကုန်တယ်။ လူအ၀င်အထွက်တံခါးပေါက်တွေက ၂ချပ်တံခါးတွေဆိုတော့
တုန်ခါပြီး အတွင်းဘက်ချိုင့် ၀င်သွားကြလို့ မနည်းပြန်ဖွင့်ကြရတယ်လို့ ပြောတယ်။
ကိုယ့်အဆောင်ပြန်ရောက်တော့ ဆရာတွေက ၁၀နာရီလောက်ဆိုရင် အပြင်ထွက်ခွင့်ရမယ်။ အရေးကြီးတာနဲ့ ကိုယ်သယ်နိုင်သလောက်သာ ယူသွားကြ။ ကျန်တာကိုသေတ္တာတွေထဲမှာ သော့ခတ်ပြီးထားခဲ့ကြပါ။ နောင် ကျောင်းဖွင့်ပြီလို့ ကြေငြာမှ၊ ဒါမှမဟုတ် ပစ္စည်းတွေ လာယူလို့ ရပြီဆိုတော့ လာယူကြပါ လို့ ပြောတာနဲ့ အ၀တ်အစားနည်းနည်းပါးပါး အိတ်နဲ့ ထည့်ပြီး ကျန်တဲ့ စာအုပ်တွေ ကိုသော့ခတ်၊ အိပ်ယာလိပ်တွေ ကိုသိမ်းပြီး ကုတင်ပေါ်တင် ထားခဲ့ရတယ်။
နံနက် ၁၀နာရီလောက်ကြတော့မှ သထုံနဲ့ ပဲခူးဆောင်က ကျောင်းသားတွေ သထုံလမ်းဂိတ်ကထွက်။ ပင်းယနဲ့ စစ်ကိုင်းကကျောင်းသားတွေ ပင်းယဂိတ်ကထွက်။ အင်းဝဆောင်ကကျောင်းသားတွေ အင်းဝဂိတ်ကထွက်ဆိုပြီး အစီအစဉ်ရောက်လာတယ်။ ထွက်လာတဲ့ ကျောင်းသားတိုင်းကို ဂိတ်ဝက စစ်ဗိုလ်တွေက ကျောင်းသားမှတ်ပုံတင် နဲ့ တိုက် စစ်ဆေး မှတ်တမ်းယူပီး မှ တဦးခြင်းထွက်ခွင့်ပေးတာဆိုတော့ ကိုယ်ထွက်ခွင့် ရဘို့ အချိန်တော်တော်ပေးရပါတယ်။
ကျောင်းသားတွေကို ဘယ်အချိန်ထွက်ခွင့်ပေးမယ်လို့ ရေဒီယိုက ကြေငြာထားလို့ အပြင်မှာ ဦးခင်လေး လာစေါင့်နေတာတွေ့ ရပြီး သူငှားထားတဲ့ ကားနဲ့ ဘဲ ရန်ကုန်မြို့ ထဲကိုပြန်လာဖြစ်ပါတယ်။
၅၁နှစ်လောက် ကြာခဲ့ပြီ ဖြစ်ပေမဲ့ ခုဖြစ်နေသလို ခံစားမိတုံးပါ။ တကသ ကိုလည်းခုအချိန်ထိ ကိုယ့် အဖွဲ့ အစည်းလို့ ဘဲခံစားမိတုံးပါ။
ကိုယ်မလှုပ်မရှားနိုင်တဲ့ တကသ အဖွဲ့ အစည်းကို ၁၉၈၈ခုနှစ်မှာ မင်းကိုနိုင်တို့ ပြန်အကောင်အထည်ဖေါ်လို့ သူတို့ အဖွဲ့ ကို အင်မတန်လေးစားမိပါတယ်။ သူတို့ အလွန်မှာတော့ ခု ကျော်ကိုကိုတို့ အုပ်စုပေါ့။ စိတ်ထဲမှာ အင်မတန်လေးစားမိပါတယ်။ သူတို့ ဟာ ကိုယ့်သားသမီး အရွယ်လောက်ဘဲ ရှိပေမဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေလိုဘဲ စိတ်ထဲ ခင်မင်မိပါတယ်။ သူတို့ ရဲ့ အတွေးအခေါ်တွေ အဆင့်မြင့်တာကို ကြားသိရတော့ ပို အားရမိတယ်။
ကျောင်းပရ၀ဏ် တ၀ှိုက်မှာ၊ ဒေါင်းအလံပြန်စိုက်မယ်လို့ မင်းကိုနိုင်ရဲ့ ကြွေးကြော်သံကိုကြားရတော့ ရင်ထဲမှ တုန်လှုပ်သွားအောင် ၀မ်းသာမိပါတယ်။ တကသရဲ့ မျိုးဆက်ကို မပျက်အောင် ဆောင်ရွက်ကြတဲ့ ကျောင်းသား၊ကျောင်းသူ တွေ
ပေါ်ထွက်နေတာကိုလဲ အင်မတန်အားရမိပါတယ်။ လေးစားမိပါတယ်။
၂၀၁၃ခုနှစ်မှာ ၇ဂျူလိုင် အမှတ်တရ ပွဲတွေ တပြည်လုံးမှာ အနှံ့ ကျင်းပကြတယ်ဆိုတာကြားရတဲ့ အတွက် ဒီနှစ်ကို ပီတိ ဖြစ်မိပါတယ်။
ဒီပီတိ နဲ့ အတူ ၇ဂျူလိုင် ပွဲ အတွက် ရည်ရွယ်စပ်ထားတဲ့ သီချင်း ၁ပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဒီသချင်းကို ဒီနှစ်မှာမှ ကြားဘူးတာပါ။
တေးရေး--ကိုခွန်ဆိုင်း
တေးဆို---မာကီ၊စိမ်းလဲ့လဲ့
တေးဂီတ--Ever Green Music Network
Studio--Dozen Wave
Mixing--Myo Kyaw(String Studio)
တည်းဖြတ်--Nထွန်းလွင်(Ever Green)
ဒီသီချင်းကို နှလုံးသားနဲ့ ခံစား နားဆင်ကြည့်ပါ။
ကဲ နောက်မှ ဆက်ပါအုံးမယ်။
အားလုံး အဆင်ပြေကြပါစေ။
သုစံ
ဂျူလိုင်လ၊ ၈ရက်၊ ၂၀၁၃ခု