ကောလိပ်ဂျင်ဘ၀ တခဏ ( တတိယပိုင်း )
တို့ တတွေ တက္ကသိုလ် စတက်ခါစက ခုလို မေဂျာစနစ်မဟုတ်ပါဘူး။ ဘယ်သူဘဲစတက်တက်၊ ဘယ်လိုင်းဘဲယူခြင်ယူခြင် ဥပစာတန်း အပိုင်း(က) နဲ့ အပိုင်း (ခ) ကိုတက်ပြီးမှ လိုင်းခွဲတာပါ။ ဘာသာတွဲစနစ် ယူရတယ်လို့ ပြောရမှာပေါ့။ Combination system လို့ ခေါ်တယ်။ အင်္ဂလိပ်စာနဲ့ မြန်မာစာက မယူမနေရ။ ပြီးတော့မှ ကိုယ်သင်ခြင်တဲ့ ဘာသာ ၃ခုယူရတဲ့စနစ်ပါ။ ၀ိဇ္ဇာတွဲတွေမှာတော့ ဘယ်လိုတွဲတွဲသိပ်အရေးမကြီးလှပေမဲ့ သိပ္ပံတွဲကြတော့ တွဲခြင်တိုင်းတွဲလို့ မရပါဘူး။ ကိုယ်က ဥပစာတန်းပြီးလျှင် ဘယ်လိုင်းလိုက်ခြင်လဲပေါ်မှာ မူတည်ပြီး တွဲရပါတယ်။
ဆေးကျောင်းတက်ခြင်တယ်ဆိုရင် Physics, Chemistry, Biology တွဲရပါတယ်။ဒါနဲ့ အောင်ရင် သစ်တောပညာရပ်
ကိုလည်းတက်လို့ ရတယ်။ ဒီအတွဲကို " အေ " ဘာသာတွဲလို့ ခေါ်တယ်။ အင်ဂျင်နီယာလိုင်းတက်ခြင်ရင် Physics, Chemistry, Maths တွဲရတယ်။ ဒါကိုကြတော့ " ဘီ " ဘာသာတွဲလို့ ခေါ်တယ်။ " စီ" ဘာသာတွဲကြတော့ Physics, Chemistry, Geology တွဲရတယ်။
ဥပစာ အပိုင်း (က) နဲ့ အပိုင်း (ခ)( I.Sc./ I.A. Part A and Part B) ပြီးလို့ ပျမ်းမျှအမှတ်-၅၀ နဲ့ အောင်လျှင် ဆေးလိုင်း၊ အင်ဂျင်နီယာလိုင်း လျှောက်လို့ ရတယ်။ ဒီလိုင်းတွေမတက်ခြင်ရင် ရိုးရိုး ၀ိဇ္ဇာတန်း၊ သိပ္ပံတန်း (bachelor class) တွေတက်ပြီး ( B.A. orB.Sc.)ဘွဲ့ တွေရနိုင်တယ်။ ဆက်တက်ခြင်ရင် Master တန်းတွေရှိတယ်။ ဒါကအမှတ်ကောင်းမှ။ ဥပဒေဘက်က B.L. တန်းလဲ
ဆက်တက်ခြင်ရင်ရတယ်။ ပညာရေးဘက်လိုက်မယ်ဆိုရင် (D.T.-Dip. in Teaching ) ဒါမှမဟုတ် ဘွဲ့ လွန်ဖြစ်တဲ့ (Bachelor of Education ) ဆက်တက်ခြင်ရင်လဲရတယ်။
ဥပစာသိပ္ပံ အပိုင်း(က)ယူရင် စာမေးပွဲမေးခွန်းကြတော့ (I.Sc. part-A or 1st Year M.B.,B.S. Part-1) ဆိုတဲ့ မေးခွန်းလွှာကိုဖြေရတယ်။ ဆေးကျောင်းက ဆေးရုံကြီးနားမှာ ရှိရမှာ သဘာဝမို့ ရန်ကုန်ဆေးရုံကြီးနားက လမ်းမတော်မှာရှိတယ်။
ဒါက ဆေးပညာ မဟာဌာန ရဲ့ ဆေးကျောင်းပုံပါ။ ကျောင်းပြီးလျှင် M.B.,B.S. ဘွဲ့ ပေးပါတယ်။
ဘာသာတွဲ ဘီ နဲ့ အောင်ပြီး အမှတ်မှီရင် ကြို့ ကုန်း အင်ဂျင်နီယာမဟာဌာန က အင်ဂျင်နီယာကျောင်းမှာ ဆက်တက်နိုင်ပါတယ်။ B.Sc. (eng) ဘွဲ့ ပေးတယ်။
ဒါက အင်ဂျင်နီယာကျောင်းပါ။ ဆိုဗီယက်ယူနီယံ ကဆောက်ပေးတာပါ။ ယခုဆို ဒီနိုင်ငံ ကွဲပျက်သွားပြီး ရုရှ ဖက်ဒရေးရှင်း နိုင်ငံ ဆိုပြီးဖြစ်သွားပါပြီ။ ဒီကျောင်းနံမည်ကလည်း ၃ကြိမ်ပြောင်းခဲ့ပါတယ်။ စဆောက်ခါစက ( Burma Institute of Technology) ဖြစ်ပြီး နောက် (Rangoon Institute of Technology) ဖြစ်၊ ပြီးမှ (Yangon Institute of Technology ) ဖြစ်ခဲ့တာပါ။
ဒီလိုဘာသာရပ်တွေ အမျိုးမျိုးနဲ့ ကိုယ်ဝါသနာပါရာ ကိုယ်သင်ခြင်ရာ ဘာသာရပ်တွေကို သင်နိုင်ပါတယ်။ ကိုယ်ဖာသာကိုယ်လဲ ဘိုင်အိုယူမယ်။ ဆေးကျောင်းတက်မယ် ဆိုပြီး စိတ်ထဲအားခဲထားတာပါ။
ဒါပေမဲ့ သတင်းဆိုးကြီးတခုက ဗြုံးဆို ထွက်လာတယ်။ အထက်မြန်မာပြည်ကအောင်တဲ့ ကျောင်းသားတွေက မန္တလေးတက္ကသိုလ်မှာဘဲတက်ရမယ်။ အောက်မြန်မာပြည်ကအောင်တဲ့ သူတွေသာ ရန်ကုန်ကိုလျှောက်လို့ ရမယ်ဆိုတဲ့ သတင်းဟာ ခုခေတ် ဖေ့ဘွတ်ထဲ ပါတဲ့ သတင်းလို ပြန့် ထွက်လာတယ်။ ဒီသတင်းကြားတော့ တော်တော် စိတ်ဓာတ်ကျသွားတယ်။ ဘယ့်နှယ် တို့ ကျောင်းသားတွေ အပေါ်ဘာဖြစ်လို့ အနိုင်ကျင့် ခြင်ရတာလဲ ဆိုတဲ့ လူငယ်သဘာဝ မခံခြင်စိတ်ကလေးလဲ ဒေါသနဲ့ အတူ တလူလူ တက်လာတယ်။ အနိုင်ကျင့်တတ်တဲ့ စစ်အာဏာရှင်ကို မုန်းတီးတဲ့ မျိုးစေ့ လေး စတင်ပြီး အမြစ်၊ အညှောင့် လေးထွက်လာတာဆိုတာတော့ ကိုယ်တိုင်မစဉ်းစားမိသေးဘူးပေါ့။
နောက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေရတော့ ဘယ်တက္ကသိုလ်လျှောက်လျှောက် ရတယ်လို့ ဆိုတော့ ရန်ကုန်ဘဲ
လျှောက်လိုက်ပါတယ်။ ဒါပေမဲ့ ယူတဲ့ ဘာသာတွဲတွေကိုတော့ ဆရာ ဆရာမတွေက စစ်ဆေးပြီးမှ လက်ခံမယ် ဖြစ်လာပြန်ရော။ တမျိုးမဟုတ် တမျိုး အချုပ်အချယ်ခံ နေရတာဆိုတော့ရင်ထဲကအပင်လေးက ပို...ပိုပြီး ကြီးသာလာတော့တာဘဲ။ မေလလယ်
လောက်မှာ ကျောင်းတက်ဘို့ ရန်ကုန်ဆင်းလာဖြစ်တယ်။ ဒါပေမဲ့ စိတ်ထဲကတော့ မတင်မကျ ကြီးနဲ့ ပေါ့။ ငါလျှောက်တဲ့ ဘာသာတွဲ ရမလား၊ မရဘူးလား ဘာမှန်းမသိဘူးပေါ့။
ရောက်ရောက်ခြင်း ဦးခင်လေးအိမ်မှာတည်းဖြစ်တယ်။ ဒီတုံးက ဦးခင်လေးက မအူကုန်းမှာနေတာ။ သူ့ မိသားစုကိုတော့ မခေါ်ရသေးဘူး။ မိသားစုကပခုက္ကူမှာဘဲရှိသေးတယ်။
အချိန်ရောက်တော့ ပြည်လမ်းလိပ်ခုံး ထဲမှာ ဆရာ၊ ဆရာမတွေနဲ့ သွားတွေ့ ရတယ်။ဆရာ၊ ဆရာမတွေအများကြီး
စားပွဲတလုံး ခုံနှစ်လုံးနဲ့ လိပ်ခုံးအဆောက်အဦထဲမှာထိုင်ပြီး ကျောင်းသားတွေလျှောက်တဲ့ ဘာသာတွဲတွေကိုစစ်ပေးနေရတာ။ ငါ့ အလှည့်ကြတော့ တာဝန်ကျဆရာနဲ့ သွားတွေ့ ရတယ်။ စာမေးပွဲအောင်တုံးက သင်္ချာနဲ့ အောင်ပြီး ခုဘာလို့ ဘိုင်အို ယူခြင်တာလဲ ဆိုတဲ့ မေးခွန်းမေးတယ်။ ကျနော်တို့ ကျောင်းမှာ ဘိုင်အို မသင်လို့ ပါဆရာလို့ အမှန်အတိုင်းဘဲဖြေလိုက်ပါတယ်။ ဆရာက အေး...အေး...ဆိုပြီး လက်ခံတယ်လို့ မှတ်ချက် ရေးပေးလိုက်တယ်။ ဆရာ၊ဆရာမတွေလဲ အာဏာနဲ့ ခိုင်းလို့ မလုပ်ခြင်ဘဲ ၀တ်ကြေတန်းကြေသာ လုပ်နေကြတာကိုး ဆိုတာ သဘောပေါက်မိတယ်။
လက်ခံလိုက်တော့ ကျောင်းလခသွင်း၊ ကျောင်းတက်ရပြီပေါ့။ ဦးခင်လေးအိမ်နဲ့ ကျောင်းနဲ့ က တခြားစီလေ။ ပြီးတော့ သူ့ အိမ်ကနေ ကျောင်းတက်နေလို့ လဲ ဘယ်ဖြစ်မလဲ။ အဆောင်ကိစ္စ စုံစမ်းရပြန်တာပေါ့။ ဒီတော့ လာပြန်ပြီတမျိုး။ အထက်
မြန်မာပြည်က အောင်တဲ့သူတွေကို အဆောင်မပေးဘူး။ အောက်မြန်မာပြည်က အောင်သူတွေသာအဆောင်ပေးမယ်တဲ့။
အောက်မြန်မာပြည်က ကျောင်းသားတွေပေးလို့ ပိုမှ အထက်မြန်မာပြည်က အောင်သူတွေအတွက် စဉ်းစားမယ်တဲ့။
" တောက် - နိုင်တုံးလုပ်ထားကြပေါ့ကွာ " လို့ ဘဲ စိတ်ထဲက ကြုံးဝါးနိုင်တဲ့ အချိန်၊ ဘာမှတော့ မပြောသာဘူးပေါ့။ ဒါနဲ့ လှည်းတန်း အပြင်ဆောင်တခုမှာ အခန်းငှားရတယ်။
အပြင်ဆောင်ကတော့ ကျဉ်းကျဉ်းလေးပေါ့။ လူတွေပြွတ်သိပ်ပြီး ငြိမ်သက်မှုမရှိဘူး။ စိတ်မသက်မသာနဲ့ ဘဲ
နေ နေရင်း အဆောင်စာရင်း ထွက်တာတွေကို ကျောင်းချိန်အားတိုင်း သွားသွား ကြည့်ရတယ်။ အဆောင်ရုံးခန်းက ဟို သိပ္ပံ မဟာ ဌာနမှာ ၊ တို့ ကျောင်းတက်ရတာက လိပ်ခုံးမှာ ဆိုတော့ အဝေးကြီး။ သူငယ်ချင်း တယောက်ကတောင် ပြောနေတယ်။ " မောင်နှယ် သွားကြည့်မနေပါနဲ့ ။ ရမှာမဟုတ်ပါဘူး။ " တဲ့။
တပါတ်လောက်နေတော့ အဆောင်စာရင်း ထွက်လာတယ်။ ပဲခူးဆောင်မှာရတယ်တဲ့။ စိတ်ထဲ အရမ်းပျော်သွားတယ်။ ခုနက သူငယ်ချင်းကတော့ အဲဒီတော့ မှ အပြေးအလွှားသွားလျှောက်တယ်။ သူလည်း နောက် တပါတ်လောက်ကျတော့ ရပါတယ်။ ဒါပေမဲ့ တို့ လို ဗဟိုဆောင် မရတော့ဘူး။ တကောင်းဆောင်မှာရတယ်။
ကိုရဲက သထုံဆောင်မှာရတယ်။ သထုံဆောင်မှာက ပခုက္ကူသားတွေပေါတယ်။ ကိုညွန့် စံ၊ ကိုကက်စိန်( ယခု ဗိုလ်ချုပ်ကက်စိန်-ငြိမ်း) ကိုကြည်ဝင်း ( ကျောင်းသားခေါင်းဆောင်ယခုကွယ်လွန်) ကိုကျော်ဝင်း (မြိုင် သမ၀ါယမ) တို့ ရှိနေတယ်။
ပြီးပဲခူးဆောင်။ ဒီမှာ ငါ့အပြင် ကိုသန်းထွန်း တယောက်ဘဲ ပခုက္ကူသားရှိတယ်။ နောက်ပင်းယဆောင်။ ပခုက္ကူသားမရှိဘူး။
ပြီးစစ်ကိုင်းဆောင်။ ဒီမှာလည်း ပခုက္ကူသားများတယ်။ ဆရာ ဦးကျော်အောင်က အဆောင်မှူး။ ကိုရဲမြင့် (ယခုကွယ်လွန်)
ကိုသက်တင် (ဇမ္ဗုမဏ္ဍိုင် ပုံနှိပ်တိုက်) ကိုရဲထွတ်။ ပြီးတော့ အင်းဝဆောင်။ ဒီမှာတော့ ကိုဘိုနီတယောက်ဘဲရှိတယ်။
ကဲ...ကဲ ၀မ်းသာတုံးလေး တတိယပိုင်းကိုခဏ ရပ်လိုက်ရအောင်နော်။ နောက် ရေးရမှာတွေ အများကြီး ကျန်သေးတယ်။ ဆက်ရေးဘို့ အားရှိအောင် မြှောက်ပေး အဲလေ--ယောင်လို့ အားပေးကြပါအုံး။ မှတ်ချက်ပေးကြပါအုံး။
အားလုံးအဆင်ပြေကြပါစေ။
ဒီသင်္ကြန်မှာ တရားထူး တရားမြတ်များတွေ့ ကြပါစေ။
သုစံ
ဧပြီလ၊ ၆ရက်၊ ၂၀၁၃ခု
ဒီပို့စ်မှာ မင်းသားပုံပါလာတယ် :-)
ReplyDeleteမြန်မာပြည် ပညာရေးကတော့ အမြဲတမ်း စမ်းသပ်နေတာချည်းပါ ကျနော်တို့ ၈တန်းနှစ် ကထဲက မြန်မာလိုကနေ အင်္ဂလိပ်လိုပြောင်းပြီး စံနစ်သစ် တောက်လျောက်ပြောင်းလာတာ ဒီကြားထဲ ဝိဇ္ဇာ သိပ္ပံ တွဲလိုက် ခွဲလိုက်နဲ့ ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ဘူး
အင်ဂျင်နီယာကျောင်းနာမည်က ပြောင်းတာ ၄ကြိမ်ပါ။ နောက်ဆုံးနာမည်က Y.T.U. (Yangon Technological University ပါတဲ့။
ဖြစ်ထွန်းပေါ်ပေါက်မှု နောက်ဆုံးအခြေအနေကိုဖေါ် ပြပြီး ပြင်ဆင်ပေးတဲ့ အတွက် အထူကျေးဇူးတင်ပါတယ်။ ဒီပို့စ် တွေမှာ မှားယွင်းဖေါ် ပြမိတာတွေ တွေ့ ရင်လဲ အမှန်ကိုထုတ်ဖေါ် ပေးကြပါလို့ လေးလေးစားစား ဖိတ်ခေါ် လိုက်ပါတယ်။ ကျေးဇူးတင်စွာဖြင့်
ReplyDelete