ကောလိပ်ဂျင်ဘ၀ တခဏ(စတုတ္ထပိုင်း)
အဆောင်ရပြီဆိုတော့ အပြင်ဆောင်ကနေ အဆောင်ကိုပြောင်းကြတာပေါ့။ ပဲခူးဆောင် အောက်ဆုံးထပ် အခန်းနံပါတ် (၃၈) မှာရတယ်ထင်တယ်။ ၂ယောက်နေရတာ။ နောက်တယောက်က ပဲခူးက။ ကိုသန်းထွန်းက ၀ိဇ္ဇာ အပိုင်း(က) ဆိုတော့ အပေါ်ဆုံးထပ်မှာ။ တို့ ဘက်ခြမ်းမှာ ရေစကြိုက ကိုအောင်ခိုင်တို့ ရှိတယ်။ တနယ်သားခြင်းဆိုတော့ သူတို့နှင့် ရင်းနှီးသွားတာပေါ့။ ကိုအောင်ခိုင်က ငါ့ထက် တတန်းလောက်ကြီးတယ်။
ဗဟိုဆောင် ၅ဆောင်ရဲ့ အလယ်လောက်မှာ အားလုံးအတွက် ထမင်းစားဆောင်ရှိတယ်။ စားဖိုမှူးတွေကတော့အများကြီး။
အဲဒီထဲက ဦးစီ ဆိုတဲ့ သူနဲ့ ရင်းနှီးခဲ့ တယ်။ သူကထေါင်ထေါင်မောင်းမောင်း။ အသားကခပ်ညိုညို။ သဘောကောင်းပါတယ်။ သူနဲ့ စကားပြောရင်း မင်းတို့ က တက္ကသိုလ်မှာ ခဏလာနေတာပါ။ ၄နှစ်ဆိုပျောက်သွားကြရော။ ငါတို့ က ၁၀နှစ်ကျော်ပြီ လို့ သူက
ပြောခဲ့တယ်။ ဒီစကားကို မကြာခဏ ပြန်ပြန်သတိရမိတယ်။ အဲဒါကြောင့်လဲ ဒီပို့ ကို ကောလိပ်ဂျင်ဘ၀ တခဏ လို့
ခေါင်းစဉ်ပေးဖြစ်တာပါ။
ထမင်းက မနက်တကြိမ် ညနေတကြိမ် ကြွေးတယ်။ နေ့ လည် လဘက်ရည် နဲ့ မုန့် နဲ့ ကြွေးတယ်။ ၀က်သား မစားဘူးလို့ စာရင်းပေးထားလို့ ၀က်သား ချက်တဲ့ နေဆိုရင်သက်သတ်လွတ် စားရတယ်။ သက်သတ်လွတ်ဆိုရင် ဖီးကြမ်းငှက်ပျောသီး
တလုံးက ပါမြဲ။ အဆောင်နေခ နဲ့ ထမင်းစားရိတ် တလကို ၅၇ကျပ် လစဉ်သွင်းရတယ်။ ကျောင်းလခက တလကို ၁၅ကျပ်နဲ့ ၃လတကြိမ်သွင်းရတာပါ။
အထက်တန်းတုံးက ဘာသာပေါင်းစုံကို မြန်မာလိုသင်ခဲ့ပြီး၊ အင်္ဂလိပ်စာကိုပင် မြန်မာလိုရှင်းပြတဲ့ စနစ်နဲ့ သင်ခဲ့ရတဲ့ အစိုးရကျောင်းထွက် တို့ တတွေ အတွက် တက္ကသိုလ် သင်တန်းတွေ ကမြန်မာစာကလွဲပြီး အားလုံးအင်္ဂလိပ်စာနဲ့ သင်၊ အင်္ဂလိပ်စကားနဲ့ ရှင်းပြဆိုတော့ ရောက်စက ဘာတွေ သင်လို့ ဘာတွေပြောနေမှန်းကိုး မသိပါဘူး။ ဓာတုဗေဒနဲ့ ရူပဗေဒက အထက်တန်းတုံးက သင်ခဲ့ ရတဲ့ အခြေခံရှိထားလို့ မကြာခင်လိုက်နိုင်ခဲ့ပေမဲ့ zoology and Botany ကြတော့ အခြေခံက မရှိတော့ ဘာတွေ သင်နေမှန်းကို
မသိခဲ့တာပါ။ ပညာရပ်ဝေါဟာရ အခေါ်အဝေါ် ကလည်းခက်ခဲတော့ တော်တော်လေးကိုခက်ခဲခဲ့ တာပါ။ ကြည့်လေ။ နမူနာတခုပြောပြမယ်။ Zoology မှာသင်ရတာထဲက။ ဒီနံမည်က ရှည်လျားလွန်းလို့ အသေအခြာ ကျက်မှတ်ထားခဲ့လို့ ယခုထိ အမှတ်ရနေတဲ့ နံမည်ပါ။
" ပရီအရီသယိုဆိုက်ရိုက်ဇောဂနီ" တဲ့။ အင်္ဂလိပ်လိုတော့ စာလုံး မပေါင်းတတ်တော့ဘူး။ ဒါ စကားလုံး တလုံးထည်း။ ငှက်ဖျားရောဂါပိုးတွေ ကပ်ပြီး တည်နေတဲ့ ခြင်ကောင်လေးရဲ့ အစာအိမ်ကို ခေါ်တာပါ။ လက်တွေ့ ခန်းမှာ မိုက်ကရိုစကုတ် မှန်ဘီလူးအောက်မှာလဲ ဒီအစာအိမ်ကလေးကို ကြည့်ခဲ့ရသေးတယ်။
ကျောင်းချိန်တွေက တနင်္လာ ကနေ စနေနေ့ အထိတက်ရတယ်။ စနေနေ့ ကတော့ နေ့ ၀က်ပါဘဲ။ ၁၂နာရီဆိုပြီးရော။ စနေဆို Zoology နဲ့ Botany လက်တွေ့ ဆင်းရတဲ့နေ့ တွေလေ။ Lecture class မရှိဘူး။
ကျောင်းမှာ သင်ခဲ့တဲ့ နားမလည်တဲ့ စာတွေကို ကိုယ်တယောက်တည်း ပြန်ကြည့်လို့ ကတော့ ဘာမှ နားမလည်ပါဘူး။ ဒီတော့ အတန်းဖေါ် သူငယ်ချင်းတွေ ပေါင်းပြီး စာကြည့်ကြရတယ်။ ကိုယ်နားမလည်တာ သူ့ မေး။ သူနားမလည်တာ ကိုယ်ရှင်းပြနဲ့ ပေါ့။ အခြေအနေက ဒီလိုရှိတယ်ဆိုတာကို သိထားမှ ရှေ့ ဆက် ရေးမည့် အကြောင်းအရာတွေကို ပိုပြီးသဘောပေါက်မှာပါ။
တနေ့ မြို့ ထဲက ဦးခင်လေးကို သွားတွေ့ ဘို့ ကိစ္စ တခုရှိလာရော။ ညစာ ထမင်းက ညနေ၄နာရီမှ စရတာမို့ ၄နာရီမှာ ကဗျာကယာစားပြီး မြို့ ထဲထွက်လာခဲ့တယ်။ ဦးခင်လေးနဲ့ တွေ့ ပြိး ချက်ခြင်းဘဲ ကျောင်းပြန်ခဲ့ တာပါ။ ဒီတုံးက ဘတ်စ် ကားဆိုတာ အကောင်းဆုံးက စစ်အတွင်းက ကျန်ခဲ့တဲ့ သစ်သား ဘော်ဒီရိုက်ထားတဲ့ ကားကြီးတွေပါ။ ဗဟိုဆောင်ကနေ လှည်းတန်းထိပ် အထိလည်း အသွားအပြန်က လမ်းလျှောက်သွားရတာပါ။ ဒီတော့ အဆောင်ကို ညနေ ၆နာရီ ၁၅မီးနစ်လောက်မှပြန်ရောက်တယ်။ ဒိတော့ အဆောင်က ဘာဂျာတံခါးတွေကပိတ်သွားပြီ။ ၀င်လို့ မရတော့ဘူး။ ကိုယ်တယောက်တည်းလားဆိုတော့ မဟုတ်ဘူး။ ကိုယ့်လိုလူစားတွေ ၃-၄ယောက်လောက်ရှိတယ်။ တံခါးစေါင့် က အဆောင်မှူး ကိုသွားအကြောင်းကြားပေးတယ်။ အဆောင်မှူး လာပြီးဖွင့် ပေးတော့ မှ အဆောင်ကိုပြန်ဝင်လို့ ရတယ်။ ဘာလို့ နောက်ကျတာလဲဆိုတဲ့ အဆောင်မှူးရဲ့ မေးခွန်းကို အဆင်ပြေအောင် ဖြေရှင်းရသေးသေးတယ်။
နေ့ စဉ် ဒီလိုကြုံတွေ့ နေရတဲ့ ကျောင်းသားတွေက အများသား။ ဒါတွင်မကဘူး။ အဆောင်စည်းကမ်း
နောက်တချက်က အဆောင်ပိတ်ပြီးရင် မိမိ အခန်းမှာဘဲ မိမိ နေရမယ်။ ဆရာတွေ လိုက်စစ်လို့ အခန်းထဲမှာ မတွေ့ ဘူးဆိုလျှင် အဆောင်မှာ မရှိဘူးလို့ သတ်မှတ်မယ်။ ဒါမျိုး ဘယ်နှစ်ကြိမ်ဖြစ်လျှင် အဆောင်က ထုတ်ပစ်မယ်ဆိုတာလဲပါတယ်။ ဒိတော့ တို့ စာကြည့်ဖေါ်တွေနဲ့ တိုင်ပင်ပြီး ကြည့်လို့ မရတော့ ဘူးပေါ့။
တို့ ကတော့ ဒီနှစ်မှစရောက်။ ဒီနှစ်မှ တွေ့ ကြရတဲ့ စည်းကမ်းလေ။ တို့ ထက် နှစ်စောပြီး ရောက်နေကြတဲ့
ကျောင်းသားကြီးတွေကြတော့ လွတ်လွတ်လပ်လပ် နေခဲ့ ကြရတာ ဆိုတော့ သူတို့ အဆောင်စည်းကမ်းတွေဟာ မလိုအပ်ဘဲ သက်သက် ချုပ်ချယ်တယ်လို့ မြင်လာကြတယ်။ တက္ကသိုလ်က ထွက်လာပြီးရင် တိုင်းပြည် အတွက် အလုပ်လုပ်ကြတော့ မဲ့ လူကြီးတပိုင်း
ကျောင်းသားတွေကို လူကြီးဖြစ်အောင်လေ့ကျင့်မပေးဘဲ အနိုင်ကျင့် ချုပ်ချယ်တယ်လို့ မြင်ကြတယ်။
တက္ကသိုလ်မှာ တ က သ အတွက် ၂နှစ်တကြိမ် ရွေးကောက်ပွဲ တွေရှိတယ်။ မြို့ နယ် အသင်း၊ ခရိုင်အသင်း
တွေရှိတယ်။ ဘာသာရပ်အလိုက် အသင်းအဖွဲ့ တွေရှိတယ်။ အဆောင်တွေမှာလဲ သဟာယနှင့် စာကြည့် သင်း လိုဟာတွေရှိတယ်။ ဒီလိုအသင်းအဖွဲ့ တွေတိုင်းမှာ နှစ်စဉ် ရွေးကောက်ပွဲ တွေလုပ်ပြီး အမှုဆောင်အဖွဲ့ အသစ် ရွေးကောက်ပွဲတွေရှိတယ်။ ရွေးကောက်ပွဲ ဆိုတဲ့ အတွေ့ အကြုံ တွေ အလေ့အကျင့်ရှိအောင်၊ လူတယောက်နှင့် တယောက် သင့်တင့်မျှတအောင် ဘယ်လိုနေ၊ ဘယ်လိုထိုင် ဆိုတာတတ်ကြအောင် လေ့ကျင့်ပေးတာတွေပေါ့။ စစ်အစိုးရက ဒီချုပ်ချယ်တဲ့ စည်းကမ်းတွေ ချလာတော့ ကျောင်းသားတွေရဲ့ ရင်ထဲမှာ မကြေမနပ်ဖြစ်မှုတွေ တဖြည်းဖြည်း တိုးတိုးလာတာပေါ့။
ကျောင်းသားဟောင်းတင်မကဘူး တို့ ကျောင်းသားသစ်တွေရဲ့ ရင်ထဲမှာ လဲ ကြေနပ်မှုလုံးဝ မရှိဘူး။ ဇွန်လကုန်ပိုင်းလောက်ရောက်တော့ ကျောင်း နို့ တစ်ဘုတ်တွေမှာ၊ အဆောင်က နို့ တစ်ဘုတ်တွေမှာ စာတွေကပ်လာတာတွေ့ ရတယ်။ ဘာလဲဆိုတော့ ၁၉၆၂ခုနှစ် ဇူလိုင် ၇ရက်နေ့ စနေနေ့ မှာ ချုပ်ချယ်တဲ့ ကျောင်းဆောင်စည်းကမ်း၊ ကျောင်းစည်းကမ်းတွေကို ဆန့် ကျင်ကန့် ကွက်ပွဲ တကသ ကဦးစီးပြီး တကသ အဆောက်အဦမှာလုပ်မယ်။ ကျောင်းသားတိုင်းတက်ရောက်ကြတဲ့။
ဒီကြေငြာချက်ကတော့ ကျောင်းသားအားလုံးရဲ့ စိတ်ကို ဆွဲ ဆောင်နိုင်တဲ့ ကြေငြာချက်ဘဲ။ အားလုံးစိတ်ဝင်စားကြပြီး အဲဒီနေ့ မှာ တက်ရောက်ကြဘို့ စိတ်စောနေကြတယ်။ ကျောင်းသားတွေရဲ့ ရင်ကိုကိုင်လှုပ်နိုင်တဲ့ ကြေငြာချက်ပေါ့။
ဒီလိုနဲ့ ဇူလိုင် ၆ရက်နေ့ ညကိုရောက်လာခဲ့တယ်။ ည ၈နာရိခွဲ လောက်နဲ့ တူတယ်။ မီးပျက်သွားတယ်။ စာကြည့် နေကြရင်းမီးပျက်သွားတော့ ကျောင်းသားတွေက ထပြီးအော်ကြဟစ်ကြတယ်။ တဆောင်ထဲမဟုတ်ဘူး။ အားလုံးဝိုင်းပြီး
အော်ကြဟစ်ကြရာကနေ အဆောင် အပေါ်ထပ်ကနေ စက္ကူတွေမီးရှို့ အောက်ကိုချတာတွေ ဖြစ်လာတယ်။ အဲဒီကနေ အဆောင်တွေကို
ဖေါက်ထွက်လာ တဲ့ ကျောင်းသားအုပ်ကြိးက ပင်းယဆောင်ဘက်ကနေ တို့ ပဲခူးဆောင်ဘက်ကိုပြေးလာကြတယ်။ အဆောင်ရှေ့ ဆင်ဝင်အောက် ရောက်တာနဲ့ ညာသံ ပေးပြီး အဆောင် တံခါးမကြီးဖြစ်တဲ့ ဘာဂျာတခါးကို တွန်းလိုက် ဆွဲလိုက် လုပ်လိုက်တာမီးနစ်ပိုင်းအတွင်းဘာဂျာတံခါးက သံတိုင်တွေ လန်ထွက်သွားပြီး ကျောင်းသားတွေထွက်လို့ ရသွားတယ်။
ထွက်ကြဟေ့...ထွက်ကြဟေ့ လို့ အသံတွေ ကြားထဲမှာဘဲ တို့ တတွေ အဆောင်အပြင်ဘက်ရောက်လာတယ်။
ကျောင်းသားအုပ်ကြီးနဲ့ အတူတူပေါ့။ ပြီးတော့ သထုံဆောင်ဘက်ကို သွားပြီး အဆောင်တံခါးကိုဖျက်ကြပြန်တယ်။ သထုံဆောင်ပွင့် သွားလို့ ထွက်လာတဲ့ ကျောင်းသားတွေနဲ့ ပူးပေါင်းပြိး အင်းဝဆောင်ဘက်သွားကြပြန်တယ်။ အင်းဝဆောင်ပွင့် သွားပြီးတော့
ကျောင်းသားတွေလည်း အုပ်စုက အများကြီးဖြစ်နေပြီ။ ဘာဆက်လုပ်ကြမလဲဆို ကျောင်းသားရေးမှူး ဆရာ ဦးယုခင်က ပုဂံလမ်းထဲမှာနေတာ သူ့ ကိုသွားပြောကြမယ် ဆိုပြီး ပုဂံ လမ်းကိုချီတက်သွားကြတာပေါ့။
ဒီကျောင်းသားအုပ်ထဲမှာလဲ တို့ ပခုက္ကူသားတွေ အကုန်တွေ့ ရလို့ ၀မ်းသာမိသေးတယ်။ ချုပ်ချယ်တဲ့စည်းကမ်း--အလိုမရှိ။ ချုပ်ချယ်တဲ့ စည်းကမ်း--ဖျက်သိမ်းပစ် ဆိုတာ ကျောင်းသားတွေရဲ့ ကြွေူးကြော်သံပေါ့။
ဆရာဦးယုခင် အိမ်ရှေ့ ရောက်တော့ ကျောင်းသားတွေဝိုင်းအော်တာနဲ့ ဆရာနိုးလာပြီး ထွက်စကားပြောတယ်။
ကျောင်းသားတွေကလည်း ကိုယ့် ခံစားချက်တွေကို ပြောပြကြတယ်။ ဆရာကတော့ သူတင်ပြပေးပါ့မယ်ဘဲ ပြောနိုင်တာပေါ့။
ဆရာဦးယုခင်ထံက မတင်မကျအဖြေဘဲရခဲ့ ပြီး ကျောင်းသားတွေကမကြေနပ်ကြသေးလို့ အဓိပတိလမ်းဘက်
ပြန်ထွက်လာကြတယ်။ ကြွေးကြော်သံတွေတော့ တိုင်လျက်ဘဲပေါ့။ နောက် မန္တလေး၊ တောင်ငူ၊ အမရ၊ရာမည ဆောင်တွေကို တံခါးတွေ လိုက်ဖွင့် ပေးပြီးဘီအိုစီကောလိပ်ဘက်မှာရှိတဲ့ပုဂံ၊ ပြည်၊တကောင်းဆောင်တွေဘက်သွားကြမယ် ဆိုပြီးတက္ကသိုလ်ရိပ်သာလမ်း ကိုဖြတ်အထွက်မှာ ကျောင်းသားရေးမှူး ဆရာဦးစံထွန်း ရောက်လာတယ်။တပည့်တို့ --ကိုယ့် ကျောင်းဝန်းထဲဘဲ ကိုယ်ဆန္ဒပြကြပါ။
အပြင်မထွက်ကြပါနဲ့ လို့ ကျောင်းသားတွေကိုပြောတယ်။ ကျောင်းသားတွေကလည်း ဆရာ ဟိုဘက်က တကောင်း ပုဂံ ပြည်ဆောင်တွေကိုလည်းသွားရမှာမို့ ပါ။ မိုးချုပ်ပါပြီ။ ဆရာပြန်အိပ်ပါတော့။ တခြား ဘာမှမလုပ်ပါဘူး နဲ့ ပြန်ပြောကြတယ်။
အဲဒီခေတ် အခြေအနေလေးသိရအောင် ဒီမှာ တခုလောက်ပြောရအုံးမယ်။ ဆရာဦးစံထွန်းက အော်လံ လေးတခု
ကိုင်ပြီးပြောနေတာ။ ဘယ်လိုအော်လံ လဲ။ သိကြလား။ ဟိုတုံးက လမ်းဘေး မျက်လှည့်ဆရာတို့၊ လျက်ဆားရောင်းတဲ့သူတို့ ကိုင်ပြိးအော်တဲ့ အော်လံမျိုး။ သံဖြူပြားကို ဂဟေဆော်ပြီး လုပ်ထားတဲ့ အော်လံမျိုး။ ခုခေတ် လူငယ်တွေ တွေ့ ဘူးမယ်တောင်မထင်ပါဘူး။ ခုခေတ်လို မိုက်ခွက်တွေ ဘာတွေ ပါတဲ့ ဟာမျိုးမဟုတ်ဘူး။အဓိပတိ လမ်းက အထွက် ဆရာက ညောင်းလို့ ထင်ပါရဲ့အုတ်ခုံ လေးတခု
ပေါ်မှာထိုင်နေတုံး စစ်ကိုင်းဆောင်က ကိုသက်တင်က ဆရာရဲ့ အော်လံကို ယူပြီး ကြွေးကြော်သံတွေ တိုင်လိုက်သေးတယ်။
နောက် ပြည်၊ တကောင်း၊ပုဂံ ဆောင်တွေဘက် ရောက် ကြွေးကြော်သံတွေ အော်ပြီး ကိုယ့်အဆောင်
ကိုယ်ပြန်လာကြပါတယ်။ ဒီတော့ မနက် ၄နာရိလောက်ရှိပြိ။ မနက် ကျောင်းတက်ရ အုံးမယ်။ လက်တွေ့ အတန်းတွေ ဆင်းရအုံးမယ် မဟုတ်လား။
ကြားထဲမှာ တခုကျန်သွားတယ် ။ အဆောင်နေကျောင်းသားတွေ အဆောင်တွေ ဖေါက်ထွက်လာကာစကတော့ တကသ အမှုဆောင်တွေ မပါဘူး။ သူတို့က ကျောင်းထဲမှာ နေတဲ့သူတွေ မဟုတ်တော့ ချက်ခြင်းမသိဘူးနဲ့ တူတယ်။ နောက်မှ
ရောက်လာပြီး ကျောင်းသားတွေနဲ့ အတူဆန္ဒပြတဲ့ အထဲ ၀င်ပါလာတယ်။ ကိုသက် ကို တွေ့ လိုက်တယ်။
နောက်နေ့ ကြတော့ လက်တွေ့ သင်တန်းဆင်းရအုံးမယ်။ ပြီးရင် တကသ မှာ လုပ်တဲ့ ဆန့် ကျင်ကန့် ကွက်ပွဲ ကိုတက်ရအုံးမယ်။ ဒီတော့ ဒီနေရာမှာ အိပ်လိုက်အုံးမယ်နော်။ နောက်တပါတ်မှဆက်တာပေါ့။
အားလုံးအဆင်ပြေကြပါစေ။
သုစံ
ဧပြိလ၊ ၇ရက်၊ ၂၀၁၃ခု