လာရောက်သောဧည့်သည်များ

Friday, September 28, 2012


                              သမိုင်း ဟူသည်မှာ (၁)

သမိုင်းဆိုသည်မှာ မည်သို့  စခဲ့ သည်ဟု သိနိုင်ရန်အကြောင်းမရှိ။ ခန့်  မှန်းယုံသာခန့်  မှန်းနိုင်ပါမည်။ ကြာတော့လည်း ရှေးဟောင်းတို့  သည် မှေးမှိန်ပျောက်ကွယ်စမြဲ။ လူတို့  ၏သက်တန်းသည် တိုလှ၏။  တိုလှသည့် သက်တန်းအတွင်းမှာပင် စမှအဆုံး အားလုံးကုန်စင်အောင် မမှတ်မိနိုင်ပါ။ ဒီတော့ စုပေါင်းမှတ်ကြရသည့် အလေ့အထ လူတို့  တွင် ရှိခဲ့ ပါသည်။ ဆိုလိုသည်ကတော့ သက်ကြီးသူတို့  က အဖြစ်အပျက်စုံကို ငယ်သူတို့  အား ပြောကြားခြင်းဖြင့် တဆင့်ပြီးတဆင့် သမိုင်းကိုလက်ဆင့် ကမ်း၍ သိစေခဲ့ ပါသည်။

ခုလည်း မှတ်မိသမျှကိုလက်ဆင့်ကမ်းလိုက်ပါဦးမည်။ ရည်ရွယ်သည်ကတော့ အတိတ်ကို လွမ်းဆွတ်တသ နေဘို့  မဟုတ်ပါ။ အော်  ဒီလိုရှိခဲ့ပါလားဟု  ဆင်ခြင် သုံးသပ် သိစေရန်ဖြစ်ပါသည်။

ကဲ ဘယ် ကစ မည်နည်း။ ကိုမောင်မောင်ရဲ့ ဇရပ်လေးကစကြပါစို့  ။ ၂၀၀၉ခုနှစ် မြန်မာပြည် ပြန်ရောက်တော့ ကိုကျော်လွင်လိုက်ပို့  လို့  စေတီယံတောင်ပေါ်က အမေသက် ၏ဇရပ်ကလေးကိုရောက်ခဲ့ရပြန်ပါတယ်။  သံမံတလင်းခင်းပြီး အုတ်နံရံ လေးနဲ့ သပ်သပ်ရပ်ရပ်
 ဖြစ်နေတဲ့  ဇရပ်ကို ၀မ်းသာကြည်နူးစွာနဲ့  တွေ့  ခဲ့ရပါတယ်။

တို့  ငယ်ငယ်တုံးကတော့ ၀ါးကပ်မိုး ထရံကာနဲ့ ဇရပ်လေးပါ။ ဘယ်တုံးက၊ ဘယ်လိုစတင်ဖြစ်လာတယ်ဆိုတာတော့ မသိမှီပါဘူး။ ပခုက္ကူမြို့  ကဧရာဝတီမြစ်ကမ်းတလျှောက် တည်ရှိနေတဲ့ မြို့  တခုပါ။ မြစ်ကမ်းခြေတလျှောက် မြေပြန့်  မှာ တည်ဆောက်ထားတာပါ။ မြို့  ရဲ့  အနောက်ဘက်မှာတော့ စပြီးတောင်ကုန်းလေးတွေဖြစ်နေတာပါ။ အနောက်ဘက်ရောက်လေ မြင့်သွားလေဖြစ်ပြီး အနောက်ရိုးမ အထိ ဆက်နေတာပါ။ ပခုက္ကူအနီး တောင်ကုန်းလေးတွေကတော့ မမြင့်လှပါဘူး။ စစ်ကိုင်းတောင်ရိုးလို တရားကျင့်တဲ့ သူတော်စင်တွေ အစဉ်အဆက် နေထိုင်ခဲ့တဲ့ နေရာနဲ့  တူပါတယ်။ မြို့  နဲ့  လည်းသိတ်မဝေးလှတော့ သူတော်စင်တွေအဖို့  ဆွမ်းကွမ်းလည်းမပူပင်ရတဲ့နေရာပါ။ တို့  ငယ်စဉ်အချိန်က ပခုက္ကူမြို့  ဟာ ခုထက်အများကြီးသေးငယ်တဲ့ မြို့  လေးတမြို့  ပါ။အနီးဆုံးတောင်ကုန်းလေးဆိုတာတောင်  မြို့ နဲ့  တခေါ်လောက်ဝေးတဲ့ နေရာပေါ့။ ခန်တောရပ်ကနေ တောင်ပေါ်ကို သွားမယ်ဆိုရင်အမှတ်(၂) ကျောင်းကျော်လိုက်တာနဲ့  ယာခင်းတွေထဲ
ရောက်သွားပါပြီ။ မြေပဲစိုက်တဲ့ ယာခင်းတွေမို့  သဲမြေဆန်တဲ့ မြေတွေပါ။ အိမ်တွေဘာတွေခုလိုမရှိပါဘူး။  မြိုင်လမ်းကိုကျော်ပြီးသွားမယ်
ဆိုရင်လဲ အိမ်တန်း တစ်တန်းနှစ်တန်းလောက်ကျော်တာနဲ့  ယာခင်းတွေထဲရောက်သွားတာပါဘဲ။ဒီတော့ တောင်ပေါ်မှာ အင်မတန်အေးချမ်း
တာပါ။ ဆိတ်ငြိမ်ပြီး မြို့  ပြအငွေ့ အသက်မရှိပါဘူး။ မြို့  မြေပြင်ထက်လည်းမြင့်နေတဲ့ အရပ်မို့  မြစ်ပြင်က ဖြတ်တိုက်လာတဲ့ လေအေးအေးက
 တဖြူးဖြူးနဲ့  ပေါ့။ ဒါကြောင့်လည်း သူတော်စင်တွေ မှီခိုနေကြတာဖြစ်မှာပါ။ ဒီလိုနေရာမျိုးမှာ အမေသက်ရဲ့  ဇရပ်လေးရှိနေတာပါ။

ဒီလိုအေးချမ်းသာယာတဲ့ နေရာမို့   ၁၉၆၁ခုနှစ် ၉တန်းကျောင်းသားဘ၀က ဓာတ်ပုံရိုက်ထွက်ခဲ့ဘူးပါတယ်။ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း
 တနေ့  မှာပေါ့။ ဘဘဦးကျော်တင့် ရဲ့  ကင်မရာနဲ့  ပေါ့။ သူငယ်ချင်း ကိုသက်တင်နဲ့။ သူကလဲကင်မရာတလုံးနဲ့  ။စက်ဘီးကိုယ်စီနဲ့   တောင်ပေါ်
တက်ရိုက်။ ပြီးတော့ ပေါက်အင်းသွားရိုက်တာပေါ့။

ဒါတောင်ပေါ်မှာရိုက်ခဲ့တာ။ ပေါက်အင်းဆိုတာလည်း အဲဒီအချိန်တုံးက စစ်တပ်မရှိသေးဘူး။ မြို့  ပေါ် ကလူငယ်တွေ အားတဲ့ နေ့  ပျော်ပွဲစား
ထွက်ကြတဲ့နေရာပေါ့။ ဆောင်းတွင်းဆိုတော့ ရေက သိတ်မရှိလှဘူး။အင်းကြီးအစပ်က ညောင်ပင်ကြီးက အရမ်းလှတာ။ အကိုင်းကြီးတွေ
 အကြီးကြီးတွေ ညွှတ်ကိုင်းပြန့်   ပြူးနေတာ။ ဒီညောင်ပင်ကြီးကိုဓာတ်ပုံမရိုက်ခဲ့မိတာခုမှနောင်တရမိတယ်။ မြို့ ကနေပေါက်လမ်းအတိုင်း
ထွက်လာရင်လည်း ချောင်းကလေး( နံမည်မေ့နေပြီ) ကတံတားကိုကျော်လိုက်ရင် အိမ်တွေမရှိတော့ဘူး။ တောင်နှစ်လုံးကြားကို
ကျော်လိုက်ရင် ပေါက်အင်းပေါ့။ ဒီအင်းမှာငှက်တွေတအားပေါတာ။ စိတ်ကူးက ဒီငှက်တွေကို ဓာတ်ပုံရိုက်မယ်ပေါ့။ မဂ္ဂဇင်းတွေထဲမှာ ငှက်ပုံလှလှတွေမြင်ဘူးကတည်းကရိုက်ချင်နေတာ။ တကယ်လိုက်ရိုက်တော့ မလွယ်ဘူး။  ဒီတုံးကလည်းနားမလည်ဘူးလေ။ ဘယ်လိုကင်မရာမျိုးနဲ့  မဆိုရိုက်လို့ရတယ်ထင်နေတာ။ တယ်လီမှန်ဘီလူးမပါတဲ့ ကင်မရာနဲ့ အနားကပ်ရိုက်မယ်ဆိုပြီး ငှက်တွေနားကပ်လိုက် ငှက်ကပျံပြေးလိုက်။ကိုယ်ကထပ်လိုက် လိုက်။ ငှက်ကပျံပြေးလိုက်နဲ့  ပေါ့။ အောက်က ခြေသလုံးလောက်နက်တဲ့ ရေ၊ အပေါ်ကနေပူပူနဲ့
 ကြိုးစားရိုက်လိုက်တာ ငှက်ပုံသေးသေးလေးတွေ ပေါ်တဲ့ပုံဘဲရတယ်။ အကျိုးကတော့ အပြန်ကြအပူရှပ်ပြီးဖျားတာဘဲ။ တောင်ပေါ်
အကြောင်းပြောရင်းနဲ့  ဘေးထွက်သွားတယ်။ ကဲ  ပြန်ဆက်ရအောင်။

ဝါတွင်းကာလ ဥပုသ်နေ့  တွေဆိုရင် တောင်ပေါ်ကိုတက် ဥပုသ်စေါင့်တဲ့ စရိုက် အဲဒီတုံးကရှိခဲ့ပါတယ်။ တမြို့  လုံးက မိမိနဲ့ သက်ဆိုင်တဲ့ ဇရပ်တွေသွားပြီး ဥပုသ် သီလ ယူကြလို့ တမြို့ လုံးလူမရှိသလို ခြောက်ကပ်နေတာပါဘဲ။

ဥပုသ်နေ့  ဆို ဒေါ်ဒေါ်က အစောကြီးထပြီး ထမင်းချက်တယ်။  မနက်သရေစာသဘောမျိုးစားဘို့  ရော၊ ဥပုသ်ယူပြီး မနက်စာစားဘို့ 
ရောပေါ့။ ဒါတင်မကသေးဘူး  ဥပုသ်သမားတွေ ဆိုတော့ သာမန်နေ့  ထက် အခွင့်အရေးပိုရတာကမနက်စာစားပြီးရင် စားဘို့ အချိုပွဲအတွက်က စီစဉ်ရသေးတယ်။ တချို့ အိမ်မှာတင် ကြော်တန်တာကြော်၊ ၀ယ်တန်တာဝယ်ပေါ့။ ပြီးတော့ မှ တောင်းကြီးတောင်းငယ်နဲ့  ထည့်၊
 လှည်းပေါ်တင်ပြီး လှည်းနဲ့  သွားကြတာ။ ဘဘဦးဘသန်း၊ ဦးကြီး၊ ဘဘဦးကျော်တင့် နဲ့  တို့ ကတော့ ခြေလျှင်တလှည့်၊ ကုန်းကြောင်းတလှည့်
 တောင်ပေါ်တက်ကြတာပါ။ မြို့  ကကျော်လို့ ယာခင်းသဲမြေထဲ ရောက်တဲ့အခါတော့ ရှေးကသွားထားကြလို့  ဖြစ်နေတဲ့ လူသွားလမ်းလေး
တလျှောက်  ရှေ့  နောက်တန်းစီပြီးသွားကြရတာ။

မသွားခင် မနက်စာ  စားခဲ့ ရတာလေးကိုလဲ နည်းနည်းတော့ ပြောပါရစေ။ပင်ပင်ပန်းပန်းလုပ်ထားရတဲ့ ဒေါ်ဒေါ်ရဲ့ လုပ်အားကို အမှတ်တရလည်း
ဖြစ်အောင်၊  ဂုဏ်လည်းပြုရအောင်လို့  ပါ။ စောစောထချက်ထားတဲ့ ထမင်းမှာ စားတော်ပဲပြုတ်ကိုထည့်။ ပြီးတော့ နှမ်းဆီမွှေးမွှေးလေးဆမ်းပြီး ဆားလေးနည်းနည်းထည့် သမအောင်မွှေထားတာပါ။ ဒါကို ရေဆေးထားပြီး လေးစိပ် စိပ်ထားတဲ့ ကြက်သွန်နီဥကို ကိုက်စားရင်း  စားရပါတယ်။

ကော့နေတဲ့ ထမင်းလုံးလေးတွေမှာ  နှမ်းဆီက ဆိုရွှဲနေတော့ တောက်ပြောင်နေပါတယ်။ ဒါကိုဇွန်းနဲ့  ကော်ပြီး   စားမယ်လို့ ပါးစပ်နား
ရောက်လာတယ်ဆိုရင်ဘဲ မွှေးမြမြ နှမ်းဆီနံ့  က နှာခေါင်းထဲ တိုးဝင်လာတာပါ။ စူးစူးရှရှကြီးမဟုတ်ဘဲ  သင်းသင်းလေးမွှေးနေတဲ့အနံ့  ပါ။ ဒီအနံ့  လေးကြောင့် စားချင်စိတ်က ပိုကဲလာပြီး ထမင်းလုပ်ကို ပါးစပ်ထဲ ထည့်ဖြစ်တော့တာပါဘဲ။ ပြီးတော့ လေးစိပ်စိပ်ထားတဲ့ ကြက်သွန်နီ တစိပ်ကို ဖဲ့ ။ ပါးစပ်ထဲထည့် ၀ါးလိုက်ပါတယ်။ ကြက်သွန်နီရဲ့ မွှန်တွန်တွန်အနံ့ လေးက အာခေါင်ကနေ နှာခေါင်းထဲရောက်သွားပြီး မွှေးမြမြ မွှန်တွန်တွန်လေးဖြစ်သွားပါတယ်။ ပါးစပ်ထဲမှာတော့ ၀ါးလိုက်တဲ့ ကြက်သွန်နီကထွက်လာတဲ့ အရည်ရဲ့  ချိုမြမှု၊ ထမင်းလုံးရဲ့  ပေါ့တော့တော့ စိမ့်တိမ့်တိမ့် အရသာ၊ ပဲပြုတ်ရဲ့   လေးလေးပင်ပင် စိမ့်တဲ့ အရသာ၊ နှမ်းဆီရဲ့  တမျိုးလေးစိမ့်တဲ့ အရသာ အားလုံးပေါင်းပြီး စားနေရင်းကို ဆာလောင်မွတ်သိပ်လာစေတော့တာပါ။ ဒီတော့ ဘယ်သူမှ တစ်ပန်းကန်နဲ့  မတင်းတိမ်ပါဘူး။ ထပ်ထည့်ကြတာပါဘဲ။  ဒီလိုထမင်းမျိုးကို တခါတလေကြ ကြွတ်ကြွတ်ရွရွ လေးကြော်ထားတဲ့ ဘယာကြော်လိုမျိုးနဲ့  ဖြစ်ဖြစ်၊ စမူစာလေးနဲ့  ဖြစ်ဖြစ် စားခဲ့ကြရတာပါ။  ဒါ ဥပုသ်နေ့  နံနက်ခင်း အစာပြေ စားပုံလေးပေါ့။ စားအုန်းဆီတွေရောထားတဲ့ ဒီခေတ်ကြီးမှာတော့ နှမ်းဆီစစ်စစ် မရနိုင်တော့ လို့  ဒီလို ထမင်းမျိုး စားချင်လို့  မရနိုင်တော့ပါဘူး ဆိုရင် စာရေးသူကို လွန်တယ်လို့  မထင်လိုက်ကြပါနဲ့  ။

မနက် သီလယူပြီး နံနက်စာ စားပြီးရင်တော့  လူကြီးတွေက ပုတီးစပ်တဲ့သူကစိပ်၊ ခဏ လဲလျောင်း အနားယူသူကယူပေါ့။  လူငယ်တွေကတော့ ဘယ်တောင်မှာ ဘယ်သူငယ်ခြင်းလာတယ်ဆိုတာ ကြိုချိန်းထားတာဖြစ်လို့ အဲဒီတောင်တွေကိုလျှောက်လည်ပေါ့။ မြို့  ထဲက ကာလသားတွေကတော့  ဘယ်တောင်မှာ ဘယ်အပျိုချောတွေရှိတယ်ကွလို့  တယောက်နဲ့  တယောက် သတင်းပေးရင်း လည်ကြပတ်ကြနဲ့  တောင်ပေါ်မှာတော့စည်ကားနေတာပါဘဲ။ အဲ ညနေစေါင်းကြတော့မှ တချို့  ကလည်းအိမ်ကိုတန်းပြန်၊ တချို့  ကြတော့ သီဟိုဠ်ရှင် ဘုရားကိုဝင်ဖူးပြီးမှ အိမ်ပြန်ကြတာပါ။

ဒါကတော့ ဥပုသ်နေ့  တနေ့  တာ  လှုပ်ရှားခဲ့မှုလေးတွေကို အမှတ်တရပြန်ပြောဖြစ်တာပါ။ ဖွားဖွားကြီးဆိုတာဘယ်သူလဲလို့  မေးတဲ့ ကိုဖိုးပါနဲ့   အဲဒါရေးပါအုံးလို့  ပြောတဲ့ ကိုမောင်မောင်ရဲ့  တိုက်တွန်းချက်ကိုတော့  နောက်တပါတ်မှ  ဆက်ဖြစ်မယ် ထင်ပါတယ်။

ကဲ...ကဲ  မှတ်ချက်ကလေးတွေ ပေးကြပါအုံး။  ပို့  တွေမှာတင်မဲ့ ဓာတ်ပုံကိုလည်း ကင်မရာစစ်စစ်နဲ့  ရိုက်ကြပါ။  ဖုန်းနဲ့  ရိုက်တဲ့ ပုံတွေက ၀ါးပြီး ရီဆိုလူးရှင်းညံ့လို့  မကောင်းပါဘူးလို့  အကြံပေးပါရစေ။

အားလုံးအဆင်ပြေကြပါစေ။
သုစံ
စက်တင်ဘာလ၊ ၂၈ရက်၊ ၂၀၁၂ခု

Monday, September 10, 2012



                                                 ခါတလှည့်၊ လာခဲ့ကြပါလို့

ရှင်ပြု နားသလေး အကြောင်း ဆက်ရေးမယ်လို့  စိတ်က ကူးထားပေမဲ့ ကြားပေါက် ခရီးထွက်ဖြစ်ခဲ့ တာလေးကို ရေးပြချင်တာနဲ့   ဒါလေးရေးလိုက်ပါတယ်။ ဟိုး ရှေးရှေးက အကြာင်းတွေ ရေးပါလား လို့   အားပေးနေသူများ  တဆိတ် သည်းခံလိုက်ပါအုံးလို့  ပဏာမ ပြောလိုက်ပါရစေ။

၂၀၀၃ခုနှစ် အမေရိက ရောက်ပြီး ဖလော်ရီဒါပြည်နယ်မှာ ရောက်စ။ အလုပ်ကမရှိသေး။ ရောင်ခြာခြာ ဖြစ်နေတဲ့ အချိန်ကပေါ့။ အင်္ဂလိပ်စကားကို ပင်မထားပြီး အသုံးမပြုတဲ့ နိုင်ငံက လာသူတွေ အတွက် အစိုးရက စီစဉ်ပြီး အခမဲ့ သင်ကြားပေးနေတဲ့ အင်္ဂလိပ်စာသင်တန်းကို  တက်ရောက်သင်ဖြစ်ခဲ့တယ်။ အဲဒီသင်ခန်းစာတွေထဲမှာ စိတ်ဝင်စားစရာဇတ်လမ်းလေး တပုဒ်ပါတယ်။ ဒီဇတ်လမ်းကို ကောင်းကောင်းကြီးမှတ်မိနေပါတယ်။

တခါကတဲ့  အမေရိက၊ ကာလီဖိုးနီးယားပြည်နယ်မှာ  အမဲလိုက်တဲ့သူတယောက်  ရှိခဲ့တယ်တဲ့။ တနေ့သူက သမင်တကောင်နောက်ကို
လိုက်ရင်း  တောနက်ထဲကို  ရောက်သွားပါသတဲ့။ ဘယ်လောက်နက်နက် ဒီသမင်ကို  မရရင်မနေဘူးဆိုပြီး  ဇွဲနဲ့  လိုက်ခဲ့တယ် ဆိုဘဲ။ ဒီလိုနဲ့  တဖြည်းဖြည်းလိုက်ရာက လျှိုကြီးတခုထဲကို ရောက်မှန်းမသိ ရောက်သွားပါရောတဲ့။  ဒီလျှိုကြီးထဲမှာရှိတဲ့  သစ်တောအုပ်ကလေး တခုကို လွန်လဲသွားရော ဒီမုဆိုးက လျှိုကြီးရဲ့  မြင်ကွင်းကိုမြင်လိုက်ရတယ်တဲ့။ အဲဒီမှာ မုဆိုးက သမင်ကိုလည်း  မေ့သွား၊ သူဘာလုပ်နေလဲ ဆိုတာကိုလည်းသတိမရ၊ အသက်ရှုဘို့ ကိုပင် မေ့သွားလောက်အောင် ဒီလျှိုကြီးရဲ့  အလှအပကို တမေ့တမော ငေးစိုက်ကြည့်နေမိတယ်တဲ့။ အင်မတန် ကြမ်းတန်းခက်ထရော် နိုင်လှတဲ့ မုဆိုးတယောက်ရဲ့  နှလုံးသားကိုတောင် အရည်ပျော်ကျစေတဲ့  ဒီလျှိုကြီးကို နောင်ကြတော့
 " ယိုစမိုက် " လို့  ခေါ်တွင်ကြတယ်။ အစိုးရကလည်း  ဒီနေရာ တ၀ိုက်ကို " ယိုစမိုက် အမျိုးသားဥယျာဉ် " အဖြစ်သတ်မှတ်ခဲ့တယ်လို့
 အဲဒီမှာသင်ကြားခဲ့ရပါတယ်။

ဒီလို ကြမ်းတန်းလှတဲ့ မုဆိုးကြီး တယောက်ရဲ့  နှလုံးသားကိုတောင် စွဲဆောင်နိုင်တဲ့ အစွမ်းရှိတဲ့ ဒီရှုခင်းကိုတော့ဖြင့် အခွင့်အရေးရရင် ကြည့်ချင်တဲ့ စိတ် စာသင်ခန်းထဲမှာတင်ပေါ်ခဲ့တာပါ။ ဖလော်ရီဒါကတဆင့် ကာလီဖိုးနီးယားကို ရောက်ပြီးနောက် ပထမဆုံး စပြီးစုံစမ်းမိတာက " ယိုစမိုက်  ဆိုတဲ့ နေရာရောက်ဖူးလား။ တော်တော်လှသလား " ဆိုတာပါဘဲ။ သူတို့  က ပထမ မကြားဖူးသလို၊ စဉ်းစားနေသလို ဖြစ်နေပြီးမှ " ယိုစန်းမတီ" ကိုပြောတာလားနဲ့  ပြန်မေးကြတယ်။ ဒီတော့ "Yosemite"လို့  စာလုံးပေါင်းပြတော့မှ ယိုစန်းမတီလား။ အားလှတယ်။
 တော်တော်လှတယ်နဲ့  ပြန်ဖြေကြတယ်။ အော် ဒီတော့မှ အမေရိကန် တနိုင်ငံထဲမှာကိုဘဲ အသံထွက် တွေမတူတဲ့ အကြောင်း၊ ခရမ်းခြင်သီးကို တချို့  နေရာတွေက တမေးတိုးလို့ ခေါ် ပြီး တချို့  နေရာကြတော့ တမားတိုး လို့ခေါ်ကြတယ်လို့  သင်ခဲ့ ရတာအမှတ်ရမိတယ်။

အမေရိကန်ပြည်ရဲ့  အလှဆုံး နေရာတွေထဲမှာ တခု အပါအ၀င်ဖြစ်တဲ့  ယိုစန်းမတီ အရပ်ကိုဖြင့် ၂၀၁၀ခုနှစ်မှာ ဓမ္မသင်တန်း အတူတက်နေတဲ့ သူနှစ်ယောက် နဲ့  စာသင်ကြားပေးခဲ့တဲ့ ဆရာတော် လေးပါးနဲ့  အတူသွားဖြစ်ခဲ့ပါတယ်။ အချိန်က ဧပြီလ ကုန်လုကုန်ခါနီးပေါ့။ တို့နေတဲ့ ဒေလီစီးတီး ဘက်မှာတော့ နွေရဲ့ အခိုးအငွေ့  တွေ ရောက်နေပါပြီ။အအေးလည်းပေါ့လာပြီပေါ့။ယိုစန်းမတီသစ်တောဥယျဉ်
 ကတော့ဖြင့် ပေ၄၀၀၀အထက် ၅၀၀၀ကျော်၇၀၀၀လောက်ရှိတာမို့  အအေးရှိန်မပျောက်သေးဘူးဆိုလို့အနွေးထည်နဲ့  သွားရတာပါ။
 တောင်ပေါ်မှာတော့ လမ်းဘေးမှာ နှင်းကြွင်းတို့  ကား  မပျယ်သေး။ အစုလိုက်အပုံလိုက်ရှိနေဆဲ။ ထေါင်မတ်မြင့်မားတဲ့ ထင်းရှုးပင်က
ထွက်လာတဲ့ ပျော့ပျောင်းညွှတ်ကျနေတဲ့ အကိုင်းတွေရဲ့  ကော့နေတဲ့ အဖျားမှာတော့ နှင်းပွင့်တို့  ရီးလေးခိုနေဆဲ။ လေအသွေ့  မှာ ဘုတ်ခနဲ၊ ဘုတ်ခနဲ  မြေပြင်ကိုခုန်ဆင်းဆဲပါ။ ဒီတုံးက ရှုခင်းလေးကို ဒီပုံမှာမြင်နိုင်ပါတယ်။


ခုမိသားစုနဲ့  အတူ ဒီအလှကိုရှုစားဘို့  ခရီးတခေါက်ထွက်ခဲ့ပြန်ပါပြီ။ခုတခေါက်ကတော့ နွေခေါင်ခေါင်ပါ။တကယ်တန်းပြောရရင်ဖြင့်
 နွေအိုချိန်ပါ။ နေ့  တာတောင် တိုစပြုနေပါပြီ။ ဒါပေမဲ့ အပူရှိန်ကတော့ မပျယ်သေး။ ဒါပေမဲ့ တောင်ပေါ်ဒေသဖြစ်လို့  ရုတ်တရက် ပူရာက အေးသွားတာမျိုး၊ တိမ်တွေတက်လာပြီး မိုးရွာချတတ်တာမျိုးရှိတယ်လို့  ဒီဒေသရဲ့  မိုးလေ၀သကဆိုတော့ အနွေးထည်ရော၊ အအေးထည်ပါ စုံအောင်ထည့်လာခဲ့ကြရတယ်။ စက်တင်ဘာလ ၁ရက်နေ့  နံနက် ၈နာရီလောက်ထွက်ဖြစ်ခဲ့ပါတယ်။

ယိုစန်းမတီ  က ဒေလီစီတီးရဲ့  အရှေ့  စူးစူး မိုင်၂၀၀လောက် ၊ အတိအကျဆိုရရင် ၁၉၇မိုင် ဝေးပါတယ်။အနီးရောက်တော့  တောင်ပေါ်
လမ်းတွေဖြစ်လို့  အကွေ့  အကောက်တွေများလို့  ၄နာရီလောက်မောင်းရတာပါ။ သူ့ရဲ့  သမိုင်းကြောင်းလေးကိုလည်း ဒီနေရာမှာ အနည်းအကျဉ်း ပြောပါရစေ။ ကမ္ဘာကြီး စတင်အေးခဲ လာပြီးတော့ မြေလွှာအောက်မှာရှိတဲ့ ကျောက်လွှာများပွတ်တိုက်မှုကြောင့် အမေရိကတိုက်ရဲ့  အနောက်ဘက် ကမ်းခြေတလျောက်မှာ တွန့်  ခေါက်တောင်တန်းကြီးတွေ ပေါ်လာခဲ့တာပါ။ ဒီ ယိုစန်းမတီ ဒေသကတော့  ဂရင်းနိုက်  ကျောက်တွေနဲ့  ပြီးတဲ့ တောင်တန်းကြီးပေါ့။ စဖြစ်ခါစတုံးက ရိုးရိုးတောင်တန်း တောင်ကြားပါဘဲ။ နောက်ရေခဲ ခေတ်ကိုရောက်တော့ ဒီနေရာမှာရေခဲတွေစုပြီး ရေခဲမြစ်ကြီးဖြစ်ခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရေခဲမြစ်ရဲ့တိုက်စားမှုကြောင့် တောင်ကြားဒေသ ကျယ်ဝန်းလာပြီး ဂရင်းနိုက် ကျောက်သားတွေ တောင်ခပန်းပြတ်ကြီးတွေဖြစ်ကျန်ခဲ့တာလို့ သူ့  သမိုင်းကဆိုပါတယ်။ ရေခဲခေတ်ကုန်သွားတော့ ဒီ ကျောက်ခါးပန်းပြတ်ကြီးတွေရဲ့  အလှကပေါ်လာတယ်လို့  ဆိုတာပါ။ ယိုစန်းမတီ ကိုနီးလာတော့ ဒီလို ကျောက်တောင်တွေကို စမြင်ရပါပြီ။

တောင်ကြားကို ရောက်ပြီး ရှုခင်းကိုစမြင်ရပါပြီ။  ဓာတ်ပုံတွေကိုကြည့်ပြီး " ဟင်--ပြောသလိုလဲမလှပါဘူး "လို့   မပြောလိုက်ပါနဲ့  အုံး။ ယိုစန်းမတီ ရဲ့  သဘာဝအလှကို ပေါ်အောင် ဓာတ်ပုံဆရာ မရိုက်နိုင်လို့  ပါ။ ပန်းချီငိုလို့  ဆိုသလို ဒီမှာတော့ ဓာတ်ပုံဆရာငိုဖြစ်ရမှာပါ။
 ကဲဒီပုံကြည့်လိုက်ပါအုံး။





                                                   အောက်ကပုံကတော့  ယိုစန်းမတီ အ၀င်စပ်က စမ်းချောင်းလေးပါ။





                                                                    ဒီစမ်းချောင်းဘေးမှာ တို့  လေးယောက်။


ယိုစန်းမတီ  မှာက တောတောင် ရေတခွန်တွေအလွန်ပေါပါတယ်။  ဒါတွေနဲ့ လှနေတာပါ။ အများအားဖြင့်တော့ ရေတခွန်တွေက ဆောင်းမှာကျတဲ့ နှင်းတွေပျော်ပြီး ရေတွေဖြစ်ကျတာပါ။  အရင်တခေါက်သွားခဲ့ တုံးက တဝေါဝေါကျနေတဲ့ တချို့  ရေတခွန်ဆို ရေတစက်မှမရှိတော့ပါဘူး။ ယိုစန်းမတီ ရေတခွန်ပုံကို အောက်မှာ ယှဉ်ပြလိုက်ပါတယ်။





                                                                                 ခုပုံကိုကြည့်ပါဦး။




                                                                              ရေတစက်မှမကျတော့ဘူး။

                                                              ဒီပုံက ယိုစန်းမတီက  Bus မှတ်တိုင်မှာ ရိုက်လာခဲ့တာပါ။





                                                                               ဒါကတော့ ချောင်းတခုထဲမှာလေ။

                                                                                              ရွာလေးထဲမှာပေါ့။


ယိုစန်းမတီ တောင်ကြားရှုခင်းကိုကြည့်ပြီးကြတော့ အဲဒီနဲ့ မိုင်၄၀လောက်ဝေးတဲ့  မာရီပိုစာ ဆိုတဲ့ ရွာလေးမှာသွားအိပ်ကြတယ်။ ဒီရွာလေးက တောင်ကြားထဲမှာရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့  အလုပ်ဖြစ်နေတဲ့ ရွာလေးနဲ့  တူပါတယ်။ ဟိုတယ်တွေ အင်းတွေ အများကြီးဘဲ။တို့ အိပ်ခဲ့တဲ့ အင်းကတော့---------






နောက်နေ့  မနက်ကျ ပြန်ထွက်ကြပြီပေါ့။ ယိုစန်းမတီမှာ ကြည့်စရာတွေ ကျန်သေးတယ်လေ။


ဒါကတော့ ယိုစန်းမတီကို ပြန်အသွား လမ်းက မာဆစ်မြစ် ကမ်းဘေးမှာပေါ့။ မြစ်လို့  သာခေါ်တာ။ တို့  စီက
တောင်ငူနားက သံတောင် ချောင်းလောက်ဘဲရှိမယ်။

ဒီနေ့ တော့ မနေ့ က မရောက်ခဲ့ တဲ့ ဂလေစီယာပွိုင့် ကိုအသွား တောင်ပေါ်ကိုထပ်အတက်မှာ မနေ့  ကရောက်ခဲ့ တဲ့ တောင်ကြားတခုလုံးကို ရှုမြင်နိုင်တဲ့ ရှုခင်းမှာရပ်ပြီးဓာတ်ပုံရိုက်ကြပါတယ်။ တောင်တန်းတွေရဲ့ သဘာဝအရ မနက်ပိုင်းမှာ နေရောင်ကြောင့် ၀ါးတားတားဖြစ်နေလို့  သူ့  အလှတွေမပေါ်လွင်လှပါဘူး။ ဒါကြောင့် အရင်တခေါက်က ပုံနဲ့  တွဲ ပြလိုက်ပါတယ်။



ဒီကနေ ဂလေစီယာပွိုင့်ကိုအသွားလမ်းမှာ  လမ်းဘေးအိမ်သာလေးတခုရှိတယ်။ မြန်မာပြည်အခေါ်တော့ ပေါက်တောပေါ့နော်။ အရင်တခါသွားတဲ့ရှုခင်းနဲ့ ခုတခေါက်ရှုခင်း ခြားနားပုံကိုလည်း ဖေါ်ပြလိုက်ပါတယ်။








ဂလေစီယာပွိုင့် ကတော့ ရှုခင်းတကယ်လှတယ်။ ဂရင်းနိုက်ကျောက်တောင်တန်းကြီးကို အလှအပဆုံးတွေ့  နိုင်တဲ့ နေရာပေါ့။

ဒီကနေ မာရီပိုစာဂရု ဆိုတဲ့နေရာကိုသွားပါတယ်။ အဲဒီနေရာကတော့ သစ်ပင်ကြီးတွေ ရှိတဲ့နေရာပါ။ ရှေးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ ဒီသစ်ပင်ကြီးတွေကို မခုတ်မလှဲဘဲ စေါင့်ရှောက်ထားတဲ့နေရာပါ။ မာရီပိုစာဂရု နဲ့  ဂလေစီယာပွိုင့် နေရာတွေကို နွေရာသီဇွန်လက
 အောက်တိုဘာ လဆန်းပိုင်း လောက်အတွင်းသာ ဖွင့်တာပါ။  ကျန်အချိန်တွေဆိုရင် နှင်းတွေတအားကျလို့  ပိတ်ထားပါတယ်။  ဒါကြောင့် အရင်တစ်ခေါက်က အဲဒီနေရာတွေကိုမရောက်ခဲ့ပါဘူး။

                                         မာရီပိုစာဂရုကိုအသွား လမ်းရှုခင်းကို ကားပေါ်ကနေရိုက်ထားတာပါ။

မာရီပိုစာဂရုမှာရိုက်ခဲ့တဲ့ ပုံတွေပါ။ နေရာကကျယ်လွန်းလို့  ပြန်ရမှာလဲဖြစ်လို့  နေရာအနှံ့  ကိုမရောက်ခဲ့ပါဘူး။ အိမ်က တယောက်ယောက် ရောက်လာခဲ့ရင်တော့ ထပ်ပြီး စုံအောင် အနှံ့  လည်ကြသေးတာပေါ့။





အပြန်ခရီးကတော့ အလာတုံးက လမ်းမဟုတ်တော့ဘူး။ တောင်တက်တောင်ဆင်းတွေနည်းတဲ့ မြေပြန့်  လမ်းကပြန်ခဲ့ ကြတာပါ။

ရှုခင်းကမတူတာကိုတွေ့  နို င်ပါတယ်။  ည ၈နာရီလောက်မှာတော့ ဒေလီစီးတီးကိုပြန်ရောက်ပါတယ်။တခါတည်း ဗီယက်နမ် စားသောက်ဆိုင်
ကိုသွားကြပြီး ညစာအဖြစ် ဗီယက်နံစွတ် ကိုသောက်ပြီး ဒီခရီးကို အဆုံးသတ်ခဲ့ပါတယ်။
နိဂုံးမချုပ်ခင်တခုတော့ မှာလိုက်ပါရစေ။ ဓာတ်ပုံတွေကိုကလစ်ရိုက်လိုက်ရင် ပုံကြီးချဲ့  ပြီး တွေ့ ရမှာဖြစ်ပါတယ်။ရှုခင်းတွေဖြစ်လို့
 မြင်ကွင်းကြီးကြီးနဲ့  ကြည့်လေပိုလှလေပါဘဲ။ တယ်လီဖုန်းသေးသေးလေးနဲ့  ကြည့်ပြီး အားရတင်းတိမ်မနေပါနဲ့  ။ကွန်ပျူတာနဲ့ ကြည့်ကြပါ။  အားနာနာနဲ့  တခုတော့ တောင်းပန်ပါရစေ။ ဒီလောက်လှတဲ့ ရှုခင်းတွေကို ပေါ်လွင်အောင် မရိုက်နိုင်လို့   ကိုယ့် ကိုယ်ကို အားမလိုအားမရဖြစ်ပြီး ဒါလောက်ဘဲ တင်ပြလိုက်ရတာကို စိတ်မကောင်းဖြစ်မိကြောင်းပါ။ ကိုယ့်ရဲ့  ညံ့ဖြင်းတဲ့ ဓာတ်ပုံပညာကြောင့်  တောင်းပန်လိုက်ပါတယ်။


 ကဲ...အခွင့်အရေးရရင်ဖြင့်  ခါတလှည့်၊ လာခဲ့ကြပါလို့  ဖိတ်ခေါ်လိုက်ပါရစေ။

                    သုစံ
                   စက်တင်ဘာလ၊ ၁၀ရက်၊ ၂၀၁၂ခု