လာရောက်သောဧည့်သည်များ

Sunday, August 12, 2012

                                       တခါသားက " မလွယ်ဘူးဆရာ " (၂)

ဘာမှတ်ချက်မှတက်မလာတာထောက်ရင်  အင်း .. ရေးပုံ ရေးနည်းက စိတ်ဝင်စားစရာ တကွက်မှ မရှိလို့  လား။ မအားကြလို့ မဖတ်ဖြစ်ကြလို့ လား ။ အေးလေ...ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ်ပေါ့။ စက်ပို့တဲ့ အကြောင်းတော့ ဆက်ရေးမှ ဒီအကြောင်းပြည့်စုံမှာဖြစ်လို့  ဆက်ရေးရအုံးမှာဘဲပေါ့။

ဦးကြည်က နေရာကြည့်ပြီး လုပ်လို့ ရတယ်ဆိုတော့ လုပ်ဘို့ အော်ဒါချပေးလိုက်တာပေါ့။ သူတို့  လုပ်တာ ဖေဖေါ်ဝါရီလ လောက်ဆို အားလုံးပြီးသွားပြီ။ ဒီတော့ ပခုက္ကူ ပို့ဘို့  စီစဉ်ရတာပေါ့။ ဘဘဦးကျော်တင့်ရဲ့  မိတ်ဆွေ ဦးကျော်မောင် ဆိုတာ ကျောက်ပန်းတောင်းကို
 ပြောင်းသွားပြီး ကုန်တင်ကားပိုင် ဖြစ်နေတယ်။ အညာနဲ့  ရန်ကုန်နဲ့  လဲ ပြေးဆွဲ နေတယ်။ ဒီတော့ သူနဲ့ ဆက်ပြီး သူ့  ကားကိုငှားရတယ်။  ကားရတော့ တို့ ကုန်က ကားစီစာမရှိဘူး။ တ၀က်လောက်ဘဲရှိတယ်။ ဒီတော့ ပေါက်လမ်းက ဘိနပ်လုပ်ငန်းရှင် တယောက်နဲ့ စပ်ပြီး သူတ၀က်၊ ကိုယ်တ၀က် တင်ဘို့ စီစဉ်ရတယ်။ သူကဆိုးပြားတွေ တင်မှာဆိုတော့ ကားရှေ့ပိုင်းတ၀က်မှာ သူ့  ဆိုးပြားတွေတင်ခိုင်းလိုက်ရတယ်။ တကယ်တင်လာတော့ သူ့  ဆိုးပြားတွေက ၅ပုံ ၃ပုံ လောက်နေရာယူထားတော့ ကျန်တဲ့နေရာမှာဘဲ တို့  ကုန်တွေတင်ရတာပေါ့။ ရေအေး ထည့်ရမဲ့ ကန်က ၁ပေကျော်ကျော်လောက် နောက်ကိုထွက်နေလို့  နောက်တံခါးကို သံ ကြိုးနဲ့ သိုင်းထားရတယ်။

ဦးကြည်က သူ့  ရဲ့  စက်ဆရာ ဦးထွန်းမောင်ကိုထဲ့လိုက်တယ်။ ဦးထွန်းမောင်က လုပ်ငန်းကျွမ်းကျင်တယ်။ ဒီတော့ ပိုင်ရှင် ဦးကြည်က သူ့  စက်ဆရာကို ဘယ်လောက်မြှောက်စားထားသလဲဆိုရင်.. ဦးထွန်းမောင်မှာသမျှ၊ လဘက်ရည်ဖိုး၊ စီးကရက်ဖိုးအားလုံးကို စက်ရုံနားက လဘက်ရည်ဆိုင်မှာ စါရင်းမှတ်ခိုင်းထားပြီး လကုန်ရင် သူရှင်းပေးတယ်။ နည်းတယ်များတယ် ဘယ်တော့မှ မဆိုဘူး။ အဲဒီလိုဆက်ဆံတာ။

တို့ ရန်ကုန်က ထွက်မဲ့နေ့  က စနေနေ့  ။ မနက်စောစော ကုန်တွေတင်ပြီး စောစောထွက်ဘို့  စီစဉ်ထားတယ်။ စနေထွက်၊ တနင်္ဂနွေနေ့ လည်ညောင်ဦး၊ပုဂံ ရောက် ညနေဇက်နဲ့ကူး တနင်္လာနေ့ကုန်ချပေါ့။ ကားမှာက ဦးကျော်မောင်က မောင်း။ သူ့  စပါယ်ယာလေး
တယောက်ပါတယ်။ နောက်စက်ဆရာဦးထွန်းမောင်။ ပြီးတော့ ငါနဲ့  ကိုရဲနဲ့  လိုက်တာပေါ့။တကယ်ကျတော့ ဦးကျော်မောင်က သူ့  အဒေါ် သီလရှင်တယောက်လဲ လိုက်မယ် ဆိုတော့ ထွက်မဲ့အချိန်မှာစေါင့်နေရတာလေ။ မလာနိုင်လို့  ။ သီလရှင်ဆိုတော့ ဆွမ်းစားပြီးမှ
လာတယ်ထင်ပါတယ်။ နေ့ လည် ၁နာရီလောက်မှ ရန်ကုန်ကထွက်နိုင်တယ်။

ရှေ့  ခန်းမှာ သီလရှင်နဲ့  ဦးထွန်းမောင်ကိုလိုက်ခိုင်းပြီးတို့ နှစ်ယောက်ကတော့ နောက်ခန်းကုန်တွေပေါ်ထိုင်လိုက်ရတယ်။
 ဆောင်းမကုန်သေးဘူးမဟုတ်လား။ ဒီတော့ ကားမောင်းတဲ့ အရှိန်နဲ့ လေအေးတွေ တိုက်တာပေါ့။ နောက်ခန်းမှာ လေကွယ်အောင် ပစ္စည်းတွေ ရှေ့ မှာကာပြီး ပုလိုက်ရတယ်။ ကားက ကုန်အပြည့် ဆိုတော့ လမ်းကောင်း၊ ကားရှင်းရင်တောင် မိုင် ၂၀ လောက်ဘဲမောင်းနိုင်တာ။ အဲဒီညတော့ ပြည်တောင်မရောက်ဘူး။ အင်းမမှာ ညအိပ်ကြရတယ်။မနက်အစောကြီးထ ပြီးဆက်မောင်းလာတာ ဦးထွန်းမောင်က
 ပြည်ဇာတိဆိုတော့ ပြည် ရွှေဆံတော် ဘုရားအလွန် သူ့ အိမ်နားမှာ ခဏနားဖြစ်ကြတယ်။

ပြည်ကထွက်လာပြီး ပြည်အထွက်က ဆန်စက်တခုမှာခဏ ရပ်တယ်။ ဒီဆန်စက်က ဦးထွန်းမောင်ရဲ့ မိတ်ဆွေဆန်စက်။ အဲဒီမှ ရေခဲ ကန် ဘေးမှာ အအေးထိန်းဘို့ ထည့်ရတဲ့ စပါးခွံတွေကို ပါလာတဲ့ ဂုံနီအိပ်တွေနဲ့ ကြုံးထည့်ရတယ်။ အညာမှာ စပါးခွံ မရှိဘူးမဟုတ်လား။ ဦးထွန်းမောင် မိတ်ဆွေက အလကားပေးလိုက်တာပါ။ ပြီးတော့ ဆက်ထွက်လာကြတာပေါ့။ ဒိအချိန်က စီးပွါးရေးကို အစိုးရပိတ်ဆို့  ထားတဲ့ အချိန်။ ဆန်၊ စပါးတွေကို နယ်ကျော်ပြီးမသယ်ရဘူး။ သယ်တာတွေ့ရင် ထေါင်ဒဏ်ဘဲ။ မြို့  ၀င် မြို့  ထွက်တွေမှာ ဂိတ်တွေ ချပြီးလာသမျှကားတွေကိုစစ်ဆေးနေတဲ့ အချိန်ပေါ့။  အောင်လံ ဂိတ်ရောက်တော့ ရဲတယောက်က လာတာဘဲ။ လက်တဘက်ကနောက်ပစ်၊ တဘက်ကစပါးခွံအိပ်တွေကိုစမ်းကြည့်ပြီး ဘာတွေတုံး ဆိုမေးတော့တာဘဲ။  စပါယ်ယာလေးကလည်တယ်။ ရဲရဲ့  နောက်ပစ်ထားတဲံ လက်ထဲကို ပိုက်ဆံ ထည့် ပေးလိုက်ပြီး  " ဘာမှမဟုတ်ပါဘူး။ ရေခဲစက်မှာသုံးဘို့ စပါးခွံတွေပါ။  " ဆိုတော့  " အေး..အေး..သွား  သွား " ဆိုလို့  တို့  ဆက်ထွက်ခဲ့ရတယ်။

အောင်လံမြို့  နယ်ကျော်လာပြီး ဆင်ပေါင်ဝဲ မြို့  နယ်ကိုဖြတ်ခဲ့တော့ ကားလမ်းကအလယ်ရိုးမပေါ်ကိုတက်နေပြီ။ဒီတော့ တောင်ဆင်း
တောင်တက်တွေ၊ အကွေ့ အကောက်တွေနဲ့ပေါ့။ ကားကလဲဖြည်းဖြည်းဘဲမောင်းနိုင်ပါတော့တယ်။ဆင်ပေါင်ဝဲမြို့ နယ်ကိုကျော်ပြီးရင်
 တောင်တွင်းကြီမြို့နယ်လေ။ နီးပြိပေါ့။ တောင်ကုန်းတကုန်းကိုအတက် တောင်ထိပ်လဲ ရောက်ရော ဗြုံးဆိုတဖက်ကလာတဲ့ပစ်ကပ်ကားလေးနဲ့  ၀င်တိုက်မိတယ်။ တို့  ကားက ၅တန်ကား။ ကုန်အပြည့်နဲ့ဆိုတော့ ဘာမှမဖြစ်ဘူး။ "  တုံး "ဆိုမည်သွားတာတခုဘဲရှိတယ်။ ပစ်ကပ်ကားလေး
 ရှေ့ ဘီးဝင်ရိုးကတော့ ကျိုးသွားတယ်။ လမ်းမှာ သူ့ဘက်ခြမ်းက ချိုင့် ကြီးတခုရှိနေတော့ သူက ချိုင့်ကို ရှောင်မောင်းလိုက်တာမှာ တို့  ကားရဲ့
 နောက်ဘီးက ဒစ်ဝှီးနဲ့  တိုက်မိတာဆိုတာ ဆင်းကြည့်တော့မှသိရတယ်။ သူတို့ ကားက မြန်မာ့ရေနံဌာနက။ ကားကလဲ မောင်းမရတော့ ရဲကိုအကြောင်းမကြားလို့မရတော့ ဘူး။ တောင်တွင်းဘက်ကလာတဲ့ကားတစီးကိုစေါင့်စီးပြီး ရဲစခန်းရှိတဲ့ ဆင်ပေါင်ဝဲ လမ်းခွဲ ကိုသူတို့
လိုက်သွားရတယ်။ အဲဒီကရဲကလည်း အောင်လံ ဘက်ကတက်လာတဲ့ ကားကြုံ နဲ့  မှာ တို့ကားတိုက်တဲ့နေရာကို လိုက်လာနိုင်တယ်။
အကြာကြီးပေါ့ စေါင့်လိုက်ရတာ။

ရဲတွေရောက်လာတော့မှ ပေကြိုးတိုင်းဘာတိုင်းနဲ့ တို့ ကားမမှားဘူး။ သူတို့ ကားလေးကမှားတာပေါ့။ အမှုဖွင့်မယ်ဆိုတော့မှ ဦးကျော်မောင်က သူတို့  ကားပြင်ရင်ဘယ်လောက်ကုန်မလဲ။ သူပေးမယ် ဆိုမှ အမှု မဖွင့်ဘဲ ပြီးသွားတယ်။ နောက်မှ ဦးကျော်မောင်က တို့ ကိုရှင်းပြတာက အမှုဖွင့် ရင် ဆင်ပေါင်ဝဲကို အပါတ်စဉ်သွားရမယ်။ အလုပ်ကပျက်မယ်။ အမှုကဘယ်လောက်ကြာမယ်မသိဘူး။ ပြင်ခ ပေးလိုက်ရတာက ပိုသက်သာမယ်လို့  ရှင်းပြတယ်။

ကံဆိုးပုံများ ။ ပြောရအုံးမယ်။ ရဲတွေ ရောက်လို့  ပေကြိုးတိုင်းဘာတိုင်းနဲ့ လုပ်နေတုံး နွားအုပ်တအုပ်က အနားကဖြတ်သွားတယ်။နွားတွေ တကောင်နဲ့ တကောင် တိုးရင်း ခွေ့ ရင်းနဲ့ နွားတကောင်ကလဲကျသွားတယ်။ အဲဒီနွားကို နောက်နွားတကောင်က တက်နင်းလိုက်တာ
 ပေါင်ရိုးက တင်ပါးဆုံခွက်ထဲကထွက်သွားတယ်ထင်ပါတယ်။ နောက်ညာဘက်ခြေထေါက်ကတန်းတန်းကြီးဖြစ်သွားပြီး မထေါက်နိုင်
တော့ဘူး။ တောင်ကုန်းပေါ်ဆိုတော့ နောက်ကလိုက်လာတဲ့ နွားရှင်က အနိမ့်မှာရောက်နေလို့ မမြင်လိုက်ဘူး။ သူတောင်ကုန်းပေါ်ရောက်တော့မှ သူ့ နွားကိုတွေ့  လိုက်တော့ မှ " ငါ့ နွား  ကားတိုက်မိတာလား " ဆိုပြီးတို့  ကားဘက်လှမ်းမေး နေလို့  ရှင်းရသေးတယ်။ကားတိုက်မှု မှမပြီးသေး၊ နွားတိုက်မှုက ပေါ်အုံးမလို့  ။ ရဲတွေက လည်းရှိနေတော့နွားရှင်လည်း ဘာမှမပြောတော့ဘဲထွက်သွားတယ်။ ကဲ ကြည့်။
 ပြဿနာများ ဖြစ်ချင်ရင် ဘယ်လိုမှတားမရဘူး။ ဒီလိုကြုံရလေ မြန်မြန် ပခုက္ကူ ရောက်ချင်လေဘဲ။ စိတ်ထဲမှာ ကလိ...ကလိနဲ့ နေလေဘဲ။ ဘာမှလဲလုပ်မရနဲ့  စဉ်းစားသာကြည့်ကြပါတော့။

ကားတိုက်တဲ့ ကိစ္စ ရှင်းပြီးတော့ ဆက်မောင်းလာကြတယ်။ တောင်တွင်းကျော်လို့မကွေးရောက်ခါနီးတော့ မှောင်လာပြီ။ ဦးကျော်မောင်အိမ်က
 ကျောက်ပန်းတောင်းမှာမို့ ကျောက်ပန်းတောင်းကို အရောက်မောင်းတော့တယ်။ လမ်းမှာတော့ ဂိတ်ကလေးတွေဖြတ်ရတာတော့ ရှိတယ်။ ဂိတ်ကလေးဆိုတာက တဲသာသာလေး။ ရှေ့  မှာ မီး အနီ တလုံးထွန်းထားတယ်။ တာဆိုရင်ဂိတ်ဘဲ။ တဲထဲမှာ မော်တော်ပီကယ်နဲ့ အဖွဲ့ ထိုင်နေကြပြီး ဘာတွေလုပ်နေကြလဲတော့မသိဘူး။ ဘေးမှာ မော်တော်ပီကယ် ဦးထုပ်အဖြူတလုံး မှောက်ပြီးချထားတယ်။ မီးနီတွေ့  ရင် ကားကိုရပ်၊ စပါယ်ရာက ဆင်းပြီး အဲဒီ ဦးထုပ်ဖြူ အောက်ကို ပိုက်ဆံ သွားထည့် လိုက်ရတယ်။ ဒါဆိုရင် ဒီဂိတ်ကိစ္စပြီးသွားပြီ။ နောက်မီးနီ
တခုတွေ့ရင်လဲ ဒီလိုဘဲလုပ်ပေတော့။ ကုန်ကားသမားတွေက ဒီလမ်းကို အသွားအပြန် သုံးနေရတာ။ မပေးလို့ကတော့ အညစ်ခံရပြီသာမှတ်။ ဒီလိုနဲ့ ကျောက်ပန်းတောင်းကို မိုးချုပ်ချုပ်မှာရောက်ကြတယ်။  ဦးကျော်မောင်အိမ်မှာဘဲ တညနားကြရတာပေါ့။

နောက်နေ့ နံနက်စောစောထပြီး ညောင်ဦးကိုထွက်မယ်ဆိုတော့ ကားက ကပ်တောက်ကချို့  ယွင်းနေရော။ ကပ်တောက်ဆိုတာ အင်ဂျင်စနိုးရင် ဘက်ထရီက အားကို ယူပြီး စက်ကိုစလှည့်ပေးတယ်။  စက်နိုးသွားပြီဆိုရင် စက်နဲ့ တွဲထားတဲ့ ဒိုင်နမိုကအားနဲ့  ဘက်ထရီကိုအားပြန်သွင်းပေးတဲ့ ပစ္စည်းလေးတခုပေါ့။ ဒါချို့  ယွင်းနေတော့ ဘက်ထရီ အားပြန်မ၀င်တဲ့အပြင်ဘက်ထရီကအားကိုထုတ်သုံးနေလို့  ဘက်ထရီ ချက်ခြင်း
အားကုန်သွားမှာ။ ဒါဆိုဟွန်းလဲတီးမရ၊ စက်ရပ်သွားရင်လဲ ပြန်နိုးမရ ဖြစ်မှာဆိုတော့ ဒါလေးကိုကောင်းအောင်ပြင်နေရတာပေါ့။ ဒါနဲ့ ကျောက်ပန်းတောင်းက နေ တော်တော်နဲ့ မထွက်ဖြစ်ပြန်ဘူး။ စိတ်ထဲမှာ ကလိ..ကလိ  က ဂလိ..ဂလိဖြစ်လာရော။ ဒါပေမဲ့ ဘာမှ
မတတ်နိုင်ဘူးလေ။ ပြင်ပြီးအောင်စေါင့်ရတာပေါ့။ နေ့လည် ၁၁ နာရီလောက်မှ ကျောက်ပန်းတောင်းက ထွက်လာနိုင်တယ်။

ကဲ အဆင်မပြေတာတွေ ဒီလောက်နဲ့  ဘဲ ပြီးပါစေတော့  လို့ စိတ်ထဲကဘဲ ဆုတောင်းလာရတယ်။ ဒီတုံးက ပုဂံ ဗူးဘုရားဆိပ်ကနေ ပခုက္ကူ သမ၀ါယမအသင်းကဆွဲတဲ့ ဇက်နဲ့  ကျွန်းချောင်းကိုကူးရတဲ့အချိန်။ဇက်ဆိပ်ကိုရောက်တော့ ကုန်ကားတွေမှ အများကြီး။ ဇက်ကလည်း
ထွက်သွားတာ ရေလည်ရောက်နေပြီ။ သွားစုံစမ်းတော့ ကားကများလွန်းလို့  အရင်ရောက်နှင့်ပြီးကားတွေကို ဦးစားပေးတင်မှာမို့ တို့  ကားက နောက်နေ့တောင်ပါဘို့မသေခြာသေးဘူး။ဆီကလည်းရှားတဲ့အချိန်ဆိုတော့ကားတွေဘယ်လောက်များများတနေ့ နှစ်
ခေါက်ဘဲကူးပေးတာကိုး။ဒီသတင်းကြားတော့  ဖူး...ဆိုပြီးရင်ထဲက လေပူကြီးကိုအရှည်ကြီးမှုတ်ထုတ်လိုက်မိတယ်။ ကဲ ..မဖြစ်ဘူး၊
 ပခုက္ကူကို ဖုန်းဆက်မှဆိုပြီး ဦးကျော်မောင် ကားနဲ့ ဘဲ ဖုန်းရုံးကိုသွားကြတယ်။ အဲဒီကဖုန်းဆက်ပြီး အကျိုးအကြောင်းကိုပြောပြ။ ကျွန်းချောင်းဓာတ်မြေသြဇာ စက်ရုံက ဇက်ကို အကူအညီတောင်းလို့ ရမလား ပေါ့။  ပခုက္ကူကနေ စက်ရုံကိုမေးကြည့်အုံးမယ်။
 ပြန်ဆက်မယ်ဆိုတာနဲ့ ဖုန်းရုံးကဘဲ စေါင့်နေကြတယ်။ ၁၅မီးနစ်လောက်ကြာတော့ ပခုက္ကူက ဖုန်းပြန်လာတယ်။ VIP လာလို့ ဇက်က စက်ရုံမှာ stand by စောင့်နေရတယ်။ မထွက်နိုင်ဘူးတဲ့။ မင်းတို့ ညောင်ဦးမော်တော်စီးပြီးသာပြန်လာခဲ့။ ဦးကျော်မောင်တို့   အဆင်ပြေတဲ့ အချိန်လိုက်လာလိမ့်မယ်ဆိုတာနဲ့ တို့လဲ ဖုန်းရုံးကနေ မြင်းလှည်းငှား၊ ညောင်ဦးမော်တော်ဆိပ်ကနေ ပခုက္ကူ ကူးခဲ့ရတယ်။ ကဲ...အဲဒီလို...အဲဒီလို  စက်ကိုသယ်ခဲ့ရတာ။

တို့ ပခုက္ကူရောက်ပြီး ၂ရက်လောက်ရှိမှ ကားကကူးလာနိုင်တယ်။ ဒီကြားထဲမှာတော့ ဖေါင်ဒေးရှင်းကိစ္စတွေ၊မီတာတွေ ကိုစစ်ဆေး
ထားရတာပေါ့။ ဦးထွန်းမောင်က သူ့  အလုပ်ကိုပိုင်တယ်။ ရောက်လာပြီးစက်ကိုဆင်တာ ၂ရက်လောက်နဲ့  ပြီးတယ်။ ၃ရက်မြောက်ရောက်တော့ စက် စပြီးလည်နိုင်ပြီ။ ပခုက္ကူရဲ့ ရေ အပူချိန်က၂၄ဒီကရီ စင်တီဂရိတ်လောက်ရှိမယ်။ တဖြည်းဖြည်းချယူရတာ ၄ - ၅ရက် လောက်ရောက်မှ
 ရေခဲမှတ်အောက် - ၁၀ဒီဂရီ စင်တီဂရိတ်ရောက်တယ်။ ပါလာတဲ့ ရေခဲချောင်းခွက်ထဲကို ရိုးရိုး ရေထည့်ပြီး ၅မီးနစ်လောက်မျှောလိုက်တာ
အချိုအချဉ် ဘာမှမပါတဲ့ ရေခဲချောင်းတွေထွက်လာတာပေါ့။ တာကိုဘဲ အားလုံးဝမ်းသာအားရ ၀ိုင်းစားကြတာလေ၊အိမ်ရှေ့ က မမကြူတို့တောင် အပြေးအလွှားလာစားတာတွေ့  မိပါရဲ့  ။

အင်း...ဖတ်ရတာ ပျင်းသွားပြီလား။ စိတ်မောသွားပြီလားမသိဘူး။ အပျင်းပြေ၊ အမောပြေသွားအောင် ၁၉၇၅ခုနှစ် သားလှရတနာ ကိုတင့်လွင်၊ ကိုကျော်လွင်၊ ကိုမောင်မောင်တို့  ရှင်ပြုပွဲ၊ သမီးလှရတနာများဖြစ်ကြတဲ့ မိထား၊ မချို၊ တာကြီး၊မာကြီးတို့ နားသမင်္ဂလာပွဲ အပြီးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်လိုက်ပါတယ်။






အော် ရေခဲစက်ထေါင်ခဲ့ တာ မနေ့  တနေ့  ကလို့  စိတ်ထဲထင်ပေမဲ့  ဓာတ်ပုံတွေပြန်ကြည့်တော့မှ ကြာပြီကိုး လို့  သတိထားမိတော့တယ်။ ခုအချိန်မှာ စီးပွါးရေးဦးဆောင် ဦးရွက်လုပ်နေတဲ့ မဥမ္မာ ဆို ဒီတုံးက ချွတ်တိ ချွတ်တား ကလေးလေးဘဲ ရှိသေးတယ်။ သူ့ နောက်က ခေါင်းလေးဘဲပေါ်နေတာက ကိုမောင်မောင်လေ။









ဒီပုံတွေကြည့်တော့မှ ဒီတုံးက ပီဘိ ကလေးလေး တွေက ခု လူကြီးတွေဖြစ်နေပြီ။ အော်...သူတို့  တတွေ လူကြီးတွေဖြစ်နေပြီဆိုတော့ တို့ ကတော့ ရော?။ တို့ ကတော့ ကြီးလှပြီပေါ့။ ကြီးလှပြီဆိုလို့ ငယ်တုံးက မလှဘူးလို့ ဆိုလိုတာမဟုတ်ပါဘူးနော်။

 ကဲ...ကဲ...အားလုံး လှကြ၊ ၀ကြ၊ ပြုံးကြ၊ ပျော်နိုင်ကြပါစေ။

                      သုစံ
                      သြဂုတ်လ၊ ၁၂ရက်၊ ၂၀၁၂ခု






4 comments:

  1. လေးလေးချစ် ခါးပိုက်နှိုက်ခံရတာတော့ ကြားဖူးပါတယ် လူကြီးတွေပြောပြောပြလို့လေ ..ဒါပေမဲ့ ဘယ်တုန်းကမှန်းမသိဘူး အခုတော့ ရေလည်သွားပြီ ကျေးဖူးတင်ပါသည်ခင်ဗျား..

    ReplyDelete
  2. ဟုတ်တယ်။
    အဲဒီတုန်းက ပထမဆုံး ရေခဲချောင်းထွက်လာတာကိုပဲ အထူးအဆန်းဖြစ်ပြီးပျော်နေကြတာ။
    ပထမဆုံး နာမည်က "ငွေသီဟ" နောက်မှ "မလိခ" ဆိုပြီးဖြစ်သွားတာ။
    ကွန်မန့် မတက်တာက ပို့စ် အသစ်တင်တာ မသိကြလို့နဲ့တူတယ်။ ရေးတာက ကောင်းပါတယ်။
    ကြော်ညာလိုနေပြီထင်တယ်။ ပို့စ် အသစ်တင်ရင် e-mail နဲ့ auto အကြောင်းကြားတာလုပ်လို့ရတယ်ထင်တယ်။

    ReplyDelete
  3. ရှင်ပြု နားသ ပုံတွေ မမြင်ရဘူး၊ မတင်မိတာလား မသိဘူး။
    ဧပြီ ၁၉၇၅ ဆိုတော့ ကျနော် ၄နှစ်သားလောက်ရှိသေးတာပေါ့။
    ဟိုတုန်းက ဓာတ်ပုံတွေက ရက်စွဲကို အော်တိုမပါဘူးလေ။ ဒါကြောင့် ဒီိလို ဓာတ်ပုံမှာ ရက်စွဲလေးနဲ့ တွေ့လိုက်ရတော့ အဲလို မမှတ်ထားမိတဲ့ ဓာတ်ပုံအဟောင်းတွေကြည့်ပြီး မမှတ်ထားမိတာ နောင်တရမိတယ်။

    ReplyDelete
  4. ဒီပိုစ့်ကျမှပဲကွန်မန့်ရေးလို့ရတယ်..တခါသား(၂)မှာဝင်ရေးလို့မရဘူး..ဘာလို့လဲမသိဘူး။ ခုဒီဟာရေးပြီးမှပြန်ဝင်ကြည့်လိုက်အုန်းမယ်။ ရေခဲချောင်းစက်ရှိတာအရမ်းပျော်တာပဲ။ အဲဒီတုန်းကပခုကူပြန်ရောက်တာနဲ့အရင်ဆုံးလုပ်တဲ့အလုပ်ကရေခဲချောင်းသွားယူချင်တာပဲ။ ဒါပေမယ့်ငယ်သေးတော့လူကြီးတွေကရေခဲချောင်းနှိုက်ရင်းနဲ့အထဲလိမ့်ကျမှာဆိုးလို့ပေးမသွားဘူး။ နောက်ပေါက်ကလေးတွေဒါတွေမကြုံဘူးတာကိုသနားလိုက်တာ..ဦးမောင်ပြောသလိုပဲစိတ်မ၀င်စားတာမဟုတ်ပါဘူး။အသစ်တင်တာကိုမသိတာပေါ့။ နောက်ဆိုရင်အသစ်တင်တိုင်းအကြောင်းကြားနိုင်ရင်ကောင်းမယ်။ ၀င်တော့ဝင်ကြည့်ဖြစ်တယ်။ ၀င်ကြည့်တိုင်းအသစ်တင်ထားတာမတွေ့ရဘူး။ မကြည့်မိတဲ့အချိန်မှအသစ်တင်တာဖြစ်နေတာ။ ရှင်ပြုနားသပုံတွေမတွေ့ဘူး။ ခုလိုရေးပြမှပဲအရင်တုန်းကခရီးသွားတာအရမ်းခက်ခဲတာကိုသိရတော့တယ်။ နောက်ကိုအချိန်ရရင်ရသလိုပိုစ့်တွေရေးပေးပါ။ အကုန်လုံးကလည်းစောင့်မျှော်အားပေးလျက်ပါလို့.... :)

    ReplyDelete