တခါသားက " မလွယ်ဘူး ဆရာ "
" သမိုင်းကို ဘာကြောင့် သင်ရတာလဲ "" မအ, အောင်လို့ "
ဒီစကားကိုတော့ အားလုံး ကြားဘူးကြမယ်ထင်ပါတယ်။ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောသွားတဲ့ စကားပါ။
သမိုင်းသင်တာနဲ့ ဘာလို့ မအ တာလဲ။ ရှင်းပါတယ်။ အရင်တုံးက ဒီလို လုပ်ခဲ့ရင် ဒီလိုဖြစ်တယ်။ ဒါကိုဘယ်လိုလုပ်လိုက်ရင်တော့ ဘယ်လိုအပြောင်းအလဲ ဖြစ်သွားတာပေါ့ ဆိုတာသမိုင်းကို လေ့လာရင်သိမှာ ဖြစ်လို့ ခု ဖြင့် ဘယ်လိုလုပ်ထိုက်တယ်ဆိုတာ
မှန်ကန်တဲ့ အဆုံးအဖြတ် တခု အလွယ်တကူ ချနိုင်တော့ တာပေါ့။ ဒါကြောင့် အနာဂါတ်ကို ကောင်းကောင်း တည်ဆောက်နိုင်အောင် အတိတ်က အဖြစ်အပျက် ကလေးတွေ ပြန်ပြောပြ နေတာပါ။ မှန်ရဲ့ မဟုတ်လား။ ဖတ်ပါ။ ၀ိုင်းဆွေးနွေးပြီး စာရေးသူကို အားပေးကြပါ။
ပြီးခဲ့တဲ့ ကျောင်းဖွင့်ရက် ကာလတုံးက အရောင်း အ၀ယ် ကောင်းလွန်းလို့ မနားကြရဘူး။ ပင်ပန်းကြတယ်။ ကိုဖိုးသူ ပြန်တဲ့နှစ်တုံးကလည်း ဒီလိုဘဲ။ အဒေါ်တွေနဲ့ စကားတောင် ကောင်းကောင်း မပြောခဲ့ရဘူးလို့ ပြန်ပြောကြတယ်။ ဗိုလ်နေ၀င်း အာဏာ မသိမ်းခင်တုံးကလည်း ဒီအချိန်ဆို အရောင်းအ၀ယ်ကောင်းတာပါဘဲ။ အိမ်ရှိလူကုန်ထွက်ရတယ်။ ဈေးနှုန်း မသိလို့ မရောင်းတတ်ဘူးဆိုတောင် အလစ်သုတ်တာ
မခံရအောင်ပေါ့။
ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတော့ အရောင်းအ၀ယ်တွေဟာ ခုလိုမဟုတ်ဘူး။ကျဆင်းလာလိုက်တာ။ တို့တဆိုင်ထဲ မဟုတ်ပါဘူး။ နေရာတကာ
မှာအားလုံးဆုတ်ယုတ်ကုန်တာပါဘဲ။ ၁၉၇၀ ကျော်လောက်ရောက်တော့ ဘဘဦးကျော်တင့်က တိုင်ပင်လာတယ်။ ခလေးတွေလည်း တဖြည်းဖြည်းကြီးလာကြပြီ။ သူတို့ အတွက် အလုပ်အကိုင်တွေ လည်းဖန်တည်းပေးရအုံးမယ်။ စာအုပ်ဆိုင်တခု တည်းနဲ့တော့ မဖြစ်တော့ဘူး။ လဘက်ရည်ဆိုင်ဖွင့်ရရင်ကောင်းမလားပေါ့။
ဒီတုံးက ပခုက္ကူ အခြေအနေလေးလည်းသိထားမှ။ ဒါမှ ဒီဇတ်လမ်းကရည်လည်မှာ။ ဒီအချိန်မှာ စီးကရက်စက်ရုံ အသစ်ကြီးကလည်းဖွင့်ပြီ။ ကျွန်ချောင်းမှာလည်း ဓါတ်ငွေ့ တာဗိုင်စက်ကထုတ်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ လည်နေပြီ။ ပခုက္ကူကိုလည်း 11KV လျှပ်စစ်ဓါတ်
အားလိုင်းဆွဲနေပြီပေါ့။ ဟိုးအရင်တုံးက ခန်တောရပ်က ဒီဇယ်အင်ဂျင်နဲ့ မီးပေးရာက နောက် လောပီတာရေအားကရတဲ့လျှပ်စစ်ဓါတ်
အားပေးတယ်။ နည်းနည်းလေး မီးအားကောင်းလာတယ်ပေါ့။ အဲဒီအချိန်က တမြို့ လုံးအနေနဲ့တောင် လျှပ်စစ်မီးအသုံးကနည်းသေးတော့ ပါဝါမီတာတောင် ခုလျှောက် ခုရတဲ့အချိန်။ဒီတုံးက ရေတင်ဘို့ ပါဝါမီတာ (၃) ကောင်အား လေးရထားတယ်။
တို့ကလည်း လဘက်ရည်ဆိုင်ဆိုတာ၊ လဘက်ရည် ဖျော်တဲ့သူနဲ့ မုန့် လုပ်တဲ့သူက အခရာ။သူတို့ ကောင်းမှ ဆိုင်နံမည်ထွက်ပြီး
ရောင်းကောင်းမှာ။ သူတို့ကိုဈေးကြီးပေးပြီး ငှားရတယ်။ သူတို့ မကြေနပ်လို့ ၊သူတို့ ကသတ်ပြီဆိုရင် ပိုင်ရှင်ကခံရပြီ။ သူတို့ရဲ့ ကျွမ်းကျင်မှုကို ကိုယ်က ရယူနိုင်မှရေရှည်မှာ အဆင်ပြေမယ်။ ဒါကတစ်အချက်ပေါ့။ နောက် စားတဲ့သူက အမျိုးမျိုးရှိတယ်။ နံနက်စောစော ထစားတဲ့သူရှိသလို၊ မိုးချုပ်မှလဘက်ရည်ဆိုင်ထိုင်ကြတဲ့ သဘာဝလဲရှိတယ်။ မိုးမလင်းခင်ထပြီး စီမံခန့် ခွဲမဲ့သူ၊ မိုးချုပ်ထိစေါင့်ကြပ်ကြည့်ရှုမဲ့သူရှိမလားလို့ ပေါ့။
ဒီလိုဆွေးနွေးကြည့်တာပေါ့။ အဲဒီမှာလဘက်ရည်ဆိုင်ဖွင့်ဘို့ ကိစ္စ အင်တင်တင်ဖြစ်သွားတယ်။ ဒါဖြင့်ရင် ဘာလုပ်ရင်ကောင်းမလဲပေါ့။
အဲဒီတော့ ငါက ဆွေးနွေးကြည့်တယ်။ ပခုက္ကူမှာက ရေခဲ ရှားတယ်လေ။ အဲဒီအချိန်တုံးကတပ်ကြားရပ်မှာအမိုးနီးယားနဲ့ လည်တဲ့
စက်တစ်လုံးရှိတယ်။ အင်ဂျင်နဲ့ လည်တာပါ။ ဒီတော့ စားရိတ်က အလွန်ကြီးတယ်။ခု ပခုက္ကူမှာက လျှပ်စစ်မီးလည်း ကောင်းပြီ။
ရေခဲကလည်းရှားတယ်။ ရေခဲစက်ထေါင်ပါလား။ လူတွေအများကြီးနဲ့လဲ ဆက်ဆံစရာသိတ်မရှိဘူးပေါ့။ကိုယ်ကရေခဲ ထုတ်ရောင်းယုံဘဲပေါ့။ အဲဒီတော့ ဘဘဦးကျော်တင့်က ကုန်ကျစါးရိတ်ဘယ်လောက်လောက်ရှိမလဲ။ ဘာတွေလိုမလဲ စုံစမ်းပေးပါလား။ စဉ်းစားကြည့်ကြတာပေါ့တဲ့။
စုံစမ်းရတာမခက်ပါဘူး။ ငါက အောက်စီဂျင်စက်ရုံမှာလုပ်နေတဲ့သူဆိုတော့ ၀ပ်ရှော့လုပ်ငန်းတွေ၊ စက်နဲ့ပါတ်သက်တဲ့လုပ်ငန်းတွေနဲ့ အဆက်အသွယ်ကရှိပြီးသားကိုး။ ကီလီလမ်းမှာရှိတဲ့ ဦးကြည် ဆိုတဲ့ သူက ရေခဲစက်ကြီးလည်းပိုင်တယ်။ ရေခဲစက်ကလေးတွေလည်း လုပ်ရောင်းတယ် ဆိုတာသိရတော့သူ့ကိုသွားဆက်သွယ်ပြီး စုံစမ်းလိုက်တာပေါ့။ ဦးကြည်ကလည်း တို့စက်ရုံက ဓါတ်ငွေ့ ၀ယ်နေတဲ့သူ
ဆိုတော့ အဆင်ပြေပါတယ်။ လုပ်ဖြစ်အောင်လုပ်ဖို့လည်းအားပေးတယ်။အမိုးနီးယားသုံးစက်ဆိုရင်ကြီးနေမယ်။ ဖရီယွန်၂၂
သုံးတဲ့စက်လုပ်ပေးမယ်။ ဘယ်လောက်တော့ကျမယ်ပေါ့။ သိရတာတွေကို ဘဘဦးကျော်တင့် ကိုပြောပြရတာပေါ့။ ဘဘက ရေခဲကြီးဘဲ ထုတ်ရောင်းတဲ့ စက်ဆိုရင် ပခုက္ကူမှာအလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မသေခြာတော့ ရေခဲလည်းထုတ်လို့ရ၊ ရေခဲချောင်း
ထုတ်ချင်တယ်ဆိုရင်လဲ ရတဲ့ စက်မျိုးလိုချင်တယ်ဆိုတော့ ဦးကြည်ကိုပြောပြရတာပေါ့။ ဦးကြည်ကလဲ ရတယ်၊ လုပ်ပေးမယ်လို့ပြောတယ်။
ဦးကြည်ရဲ့ ပုံကိုလည်းပြောပြုခင်သေးတယ်။ သူကတရုပ်လူမျိုး။ အသားကတော့ဖြူတာပေါ့နော်။ ပုပု၊ ၀၀၊ ခေါင်းမှာဆံပင်မွှေးက
၎-၅-၁၀ပင်လောက်ဘဲရှိမယ်ထင်ပါတယ်။ နည်းနည်းပျော်တတ်တယ်။လြုံခည်မ၀တ်တတ်ဘူး။ အမြဲ ဘောင်းဘီရှည်နဲ့ ။ အလုပ်တခုခု၊ အခက်အခဲ တခုခု တွေ့ ပြီဆိုလျှင် သူပြောနေကြစကားက " မလွယ်ဘူးဆရာ " ဆိုတဲ့ စကား။ ဒီစကားကိုသူကသုံးလွန်းလို့ ဒီစကားနဲ့ သူနဲ့ တွဲပြီး အမြဲမှတ်မိနေတာပါ။
နောက် တို့ မှာ မသေခြာတာက ပါဝါမီတာက ၃ကောင်ဘဲရှိတာရယ်။ နေရာဘယ်လောက်လောက်လိုမလဲလို့ မသိတာရယ်က
ပြဿနာဖြစ်နေတယ်။ ဒီအကြောင်းကို ဦးကြည် ကိုပြောတော့ ပခုက္ကူကိုသူလိုက်ကြည့်ပေးမယ်။ ဆရာမလိုက်နိုင်ရင် တယောက်ယောက်
ထဲ့ပေးလိုက်ပါလို့သူကပြောတယ်။ သူ့ တောင်းဆိုချက်ကိုကြားရတော့ အံ့အားသင့်သွားတယ်။ တခါမှလဲမရောက်ဖူးဘူး။ ငါကလွှဲပြီးတော့လဲ တယောက်မှသူမသိဘူး။ ရေခဲစက် လုပ်ဖြစ်မယ် ဆိုတာလဲမသေခြာသေးဘူး။ စုံစမ်းနေတဲ့ အဆင့်ဘဲရှိသေးတာ။ တရုပ် စီးပွါးရေးသမား
တယောက်ရဲ့ဆောင်ရွက်ချက်က ဒိလိုပါလားဆိုတာသိခဲ့ရတယ်။
ဒါနဲ့ ပခုက္ကူကိုလဲပြော၊ ငါလဲမလိုက်နိုင်သေးတော့၊ ကိုချစ်လှိုင် ကိုလိုက်ခိုင်းရတာပေါ့။ ကိုချစ်လှိုင်ကဒီအချိန်မြောက်ဥက္ကလာရောက်နေပြီ။
အော်....ဒီတုံးက ရန်ကုန် ပခုက္ကူ ခရီးစဉ်ကိုလဲပြောရအုံးမယ်။ခုခေတ်လို ကိုယ်ပိုင်ကားလေးနဲ့ သွားတဲ့အချိန်မဟုတ်သေးဘူး။ လူစီးကားတောင်ကောင်းကောင်းမရှိသေးဘူး။ မီးရထားစီးပြီး ရန်ကုန်က မြင်းခြံကိုသွားရတယ်။ မြင်းခြံရောက်တော့မှ ဘူတာက မော်တော်ဆိပ် ဆင်းပြီး မော်တော်စီး ပခုက္ကူသွားရတာ။ ရေနည်းတဲ့ နွေရာသီဆို ပခုက္ကူမကပ်နိုင်လို့ ကျွန်းတွေမှာကပ်ရပြီး အဲဒီကမှတဆင့် ပခုက္ကူကိုသွားရတာ။
ကိုချစ်လှိုင်နဲ့ချိန်းပြီး သူတို့နှစ်ယောက် မီးရထားနဲ့ သွားကြတာပေါ့။ ရထားမှာလဲ အထက်တန်းက အိပ်ခန်းတွဲ ဘဲပါတယ်။ ပြီးတော့ ရိုးရိုးတန်းပေါ့။ အထက်တန်းက တခန်းကို လေးယောက်စီး။ အိပ်လိုက်သွားယုံဘဲ။ နှစ်ယောက်အတွက်ကို ဦးကြည်က သူ့ပိုက်ဆံနဲ့ ၀ယ်ပြီးသွားတာ။ ပခုက္ကူမှာကြည့်ပြီး ကိုချစ်လှိုင် ပြန်လာတော့မှ အခြေအနေမေးရတာပေါ့။ ကဲ အောက်မှာ ကိုချစ်လှိုင်ပြောပြတာကို ကိုချစ်လှိုင် ပြောပြနေသလို ရေးပြပါမယ်။
ကျွန်တော်တို့ အခန်းက လေးယောက်ခန်းဆိုပေမဲ့ ၂ယောက်ထဲဘဲ ရှိတာမို့ ချောင်တယ်ဟ လို့ ထင်ထားတာ။ ထွက်ခါနီးမှ လူတယောက်ရောက်လာတယ်။ ရောက်လာတဲ့သူကလည်း ခြေတဘက်မသန်ဘူး။ ဂျိုင်းထောက်ကြီးနဲ့ ။
အော်...သူလည်း အညာသွားမှာဘဲကိုး လို့ သတိထားလိုက်မိတယ်။ ရထားက ညနေ ၄နာရီခွဲ လောက်ရန်ကုန်က စထွက်တယ်။ ပဲခူးကိုကျော်ပြီဆိုရင် မှောင်လာပြီပေါ့။ တညလုံး မောင်းပြီး မနက်မိုးလင်း အလင်းရောင် ရခါစဆို သာစည်ရောက်ပြီ။ တို့ တွဲ တွေက မန္တလေး အမြန်ရထားမှာတွဲပေးထားတာ။ ကျောက်ပန်းတောင်းတွဲနဲ့ မြင်းခြံတွဲတွေပေါ့။ ပျဉ်းမနားရောက်ရင် ကျောက်ပန်းတောင်းတွဲကို ဖြုတ်ထားခဲ့ပြီး သာစည်ရောက်ရင် မြင်းခြံတွဲ ကိုဖြုတ်ထားခဲ့တာပေါ့။ သာစည်ကတဆင့်တော့ မြင်းခြံရထားနဲ့ တို့ တွဲ တွေကို ဆက်ပေးပြီး မြင်းခြံကို မနက် ၇နာရီခွဲ၊ ၈နာရီလောက်စ ထွက်တယ်။ မြင်းခြံကို မနက် ၁၁နာရီခွဲ၊ ၁၂နာရီလောက်ရောက်တာပေါ့။
ညစာကို ပါလာတဲ့ ခေါက်ဆွဲကြာ်လေး ဖွင့်စားပြီးပဲခူးကျော်လာပြီဆိုရင် အိပ်ယာဝင်တော့တာဘဲ။ ထိုင်တဲ့ခုံတွေကို ဆွဲဆန့် လိုက်ရင် အိပ်စင်ဖြစ်သွားတာဘဲလေ။ တရုပ်ကြီးနဲ့ ကလည်းခုမှသိတာဆိုတော့ ထွေထွေထူးထူး ပြောစရာလည်းမရှိဘူးမဟုတ်လား။ တရုပ်ကြီးက အောက်ကအိပ်စင်မှာအိပ်ပြီး ငါကတော့ အပေါ်ထပ်အိပ်စင်မှာအိပ်လိုက်တယ်။ ဗိုက်ကလည်း အစာပြည့်၊ ရထားကလည်းလှုပ်နေတော့ ပုခက်ထဲ အိပ်ရသလိုပေါ့။ အော်...တခုပြောရအုံးမယ်။ ရာသီဥတုက မိုးဦးကျ ဘဲမို့ အပူရှိန်ကရှိသေးတယ်။ ဒီအချိန်ကမှောင်ခိုခေတ်ဆိုတော့ လမ်းမှာ မှောင်ခို ကုန်သည်တွေ အတင်းတက်မှာစိုးလို့ တံခါးတွေကိုလည်း ပိတ်အိပ်ရတယ်။ အဲဒီလူတွေက အုပ်စုလိုက် အတင်းတက်၊ အတင်းနေရာယူတတ်ကြတဲ့ အပြင် ချောင်ရင် ပစ္စည်းလည်းလစ်တတ်သေးတာကိုး။ အဲ..နောက်တခုက
မှောင်ခိုတွေကြီးစိုးတဲ့ခေတ်မှာ ရထားတွေကလည်း မီးမပါဘူး။ ညဆိုမှောင်နေတာဘဲ။ခရီးသည်တွေကပါလာတဲ့ ဖယောင်းတိုင်လေးတွေကို
လေကွယ်ပြီးထွန်းရတယ်။
တို့အိပ်ခန်းက ၃ယောက်ဘဲပါတာမို့ မီးထွန်းမနေတော့ပါဘူး။ အိပ်လိုက်ကြတာပေါ့။ ခြေမသန်တဲ့ သူကတော့ မအိပ်ခင် မီးထွန်းပြီး ဘုရားရှိခိုးတာလား၊ ဘာလားတော့ မသိဘူး။ တခုခု လုပ်တာတော့တွေ့ တယ်။ ပြီးတော့ သူလည်းအိပ်တာပါဘဲ။ ရာသီဥတုကလည်း ပူ၊ အခန်းတံခါးတွေကလည်းပိတ်အိပ်ကြတာမို့ ငါလည်း အပေါ်အင်္ကျီချွတ် စွတ်ကျယ်နဲ့ လုံချည်းလေးနဲ့ ဘဲအိပ်ရတာပေါ့။တရုပ်ကြီးကတော့
စွတ်ကျယ်လေးနဲ့ အောက်ခံ ဘောင်းဘီလေးနဲ့ ဘဲပေါ့။အိပ်လို့ကလည်း ကောင်းလိုက်တာလေ။ လမ်းမှာ တရေးတောင်မနိုးဘူး။ သာစည်နားရောက်တော့မှ နိုးတယ်။ လူကလည်း စိတ်လွတ်ကိုယ်လွတ်၊ ရထားကလည်းလှုပ်သိပ် နေတာဆိုတော့ ဒီတခါလောက် အိပ်ကောင်းတာမျိုးမတွေ့ ခဲ့ဘူးပါဘူး။
နိုးပြီးဟိုဟိုဒီဒီကြည့်လိုက်တော့ ခြေမသန်လူကြီးကိုမတွေ့ဘူး။ ဘယ်ဘူတာဆင်းသွားတယ်မသိဘူးပေါ့။ စိတ်ထဲက။ နောက် ဟိုဟို ဒီဒီ လိုက်ကြည့်လိုက်တော့ ငါချွတ်ထားတဲ့ အင်္ကျီလည်းမတွေ့ဘူး။ အောက်များကျနေလားလို့ အောက်ကိုငုံ့ ကြည်မိတော့လဲ မတွေ့ဘူး။ ဒါနဲ့ အောက်ကိုဆင်း သေသေချာချာရှာတော့မှ အင်္ကျီတင်မကဘူး တို့အိပ်တွေလည်းတလုံးမှ မရှိတော့ဘူး။ အော် ဒီတော့မှ ခြေမသန်တဲ့သူက တို့အိပ်တုံး မသွားပြီဆိုတာသိရတယ်။ ငါလည်းစွတ်ကျယ်နဲ့ လုံခြည်လေးတထည်ဘဲကျန်တယ်၊ ၀တ်ထားတာ။ တရုပ်ကြီးလည်း စွတ်ကျယ်နဲ့ အောက်ခံ ဘောင်းဘီလေးဘဲကျန်တယ်။ ပိုက်ဆံလည်းတပြားမှမကျန်တော့ဘူး။ မြင်းခြံကြတော့ မြင်းရထားခပေးရမယ်။
နောက်မော်တော်ခပေးရအုံးမယ်။ ပြဿနာပေါ့။
သာစည်ဘူတာ ရောက်လို့ ရထားရပ်တော့မှ တွဲ ထဲ ကဆင်းပြီး ရိုးရိုးတန်းဘက် အသိပါသလားလို့ လိုက်ရှာရတယ်။ တော်သေးတယ်။ အသိတယောက်ပါလာလို့ အကျိုးအကြောင်းပြောပြပြီး သူ့စီက အင်္ကျီနဲ့ ပိုက်ဆံ နည်းနည်းချေးခဲ့ရတယ်။
အဲမြင်းခြံ ပခုက္ကူ လမ်းအကြောင်းလည်းပြောရအုံးမယ်။ဒီခရီး ဟာ ဒီလောက် ဆင်းရဲပါလားလို့ ခုလူငယ်တွေ တွေးတောင်တွေးတတ်ကြမှာ
မဟုတ်ဘူး။ပြောရရင်ယုံတောင်ယုံကြပါ့ မလားမပြောတတ်ဘူး။မြင်းခြံမြို့ ကမ်းနဲ့ မော်တော်ဆိပ်က ၂မိုင်ကျော်ကျော်လောက်ဝေးတယ်။ လမ်းကသဲလမ်း။မညီမညာနဲ့။ တော်ရုံတန်ရုံမြင်းတွေမဆွဲနိုင်ဘူး။ ပြိင်မြင်းကြီးတွေလို ဒေါင်ကောင်းကောင်းမြင်းတွေဘဲဆွဲနိုင်တာ။
ဒါကနွေရာသီကိုပြောတာ။ ခု တို့ သွားတာက မိုးဦးကျ ။ မြစ်ရေကတက်စပြုနေပြီ။ ဒီတော့ နိမ့်တဲ့နေရာတွေမှာ ရေ၀င်နေပြီ။ ကျွန်းမြေဆိုတော့ ရေ၀င်တာနဲ့ ရွံ့ နွံတွေဖြစ်သွားပြီ။ မြင်းတွေ မဆွဲ နိုင်တော့ဘူး။ နွား၂ကောင်နဲ့ ဆွဲတဲ့ လှည်းဘဲ ဆွဲနိုင်တော့တယ်။ အဲဒီနွံတွေကလည်း ဘယ်လောက်အထိနက် သလဲဆိုရင် လှည်းပန်းတောင်းမြုတ်တယ်။
တို့လည်း လှည်းတစီးငှားပြီးမော်တော်ဆိပ်ဆင်းရတာပေါ့။ နွံတွေကလှည်းပန်းတောင်းတောင်ရောက်တော့ နွားအမြီးတွေက နွံတွေထဲကျ။
နွားတွေက သူတို့ အမြီးကိုရမ်းလိုက်ရင် ရွံ့ စက်တွေက တို့ကို အကုန်စင်တာဘဲ။ နွေနေ့လည်ရဲ့ အပူရှိန်အောက်မှာ တရုပ်ကြီးလည်း
ချွေးတရွဲရွဲ နဲ့ ၊ ပြောင်နေတဲ့ သူ့ ခေါင်းပေါ်မှာလည်း ရွံ့ စက် အဖတ်ဖတ်နဲ့ ။ သူကရှေ့ ကထိုင်ပြီး နောက်ထပ်ရွံ့ မစင်အောင် နွားမြီးကိုကိုင်ပြီး လိုက်ခဲ့ရတဲ့ သူပုံကို စဉ်းစားသာကြည့်ကြပါတော့။ပြီးတော့ သူ့ ထုံးစံအတိုင်း " မလွယ်ဘူးဆရာ၊ မလွယ်ဘူးဆရာ " နဲ့ ပြောရင်းဆိုရင်း
ပခုက္ကူကို ရောက်ခဲ့ရပါတော့တယ်ဗျာ။
ကဲ စာလည်း ရှည်သွားပြီ။ ဖတ်ရတာ ပျင်းများ နေကြမလား။ နောက်တပါတ်မှ ရေခဲစက် ပခုက္ကူ ပို့ တဲ့အကြောင်း ဆက်ပါအုံးမယ်။ ဖတ်ရတာပျင်းစရာကြီးဆိုလည်းပြော။ အားမနာနဲ့။ မှတ်ချက်သာရေး လိုက်ပါနော်။
သုစံ
သြဂုတ်လ၊ ၅ရက်၊ ၂၀၁၂ခု
လွမ်းမောဖွယ်ရာ အတိတ်ကဇာတ်လမ်းများပါပဲ။
ReplyDeleteအဲဒီတုန်းက ကလေးပဲရှိသေးတော့ တော်တော်များများ မသိသေးတာတွေ သိလိုက်ရပါတယ်။ အားပေးပါတယ် ဆက်ရေးပါဦး။