လာရောက်သောဧည့်သည်များ
Friday, September 28, 2012
                              သမိုင်း ဟူသည်မှာ (၁)
သမိုင်းဆိုသည်မှာ မည်သို့  စခဲ့ သည်ဟု သိနိုင်ရန်အကြောင်းမရှိ။ ခန့်  မှန်းယုံသာခန့်  မှန်းနိုင်ပါမည်။ ကြာတော့လည်း ရှေးဟောင်းတို့  သည် မှေးမှိန်ပျောက်ကွယ်စမြဲ။ လူတို့  ၏သက်တန်းသည် တိုလှ၏။  တိုလှသည့် သက်တန်းအတွင်းမှာပင် စမှအဆုံး အားလုံးကုန်စင်အောင် မမှတ်မိနိုင်ပါ။ ဒီတော့ စုပေါင်းမှတ်ကြရသည့် အလေ့အထ လူတို့  တွင် ရှိခဲ့ ပါသည်။ ဆိုလိုသည်ကတော့ သက်ကြီးသူတို့  က အဖြစ်အပျက်စုံကို ငယ်သူတို့  အား ပြောကြားခြင်းဖြင့် တဆင့်ပြီးတဆင့် သမိုင်းကိုလက်ဆင့် ကမ်း၍ သိစေခဲ့ ပါသည်။
ခုလည်း မှတ်မိသမျှကိုလက်ဆင့်ကမ်းလိုက်ပါဦးမည်။ ရည်ရွယ်သည်ကတော့ အတိတ်ကို လွမ်းဆွတ်တသ နေဘို့  မဟုတ်ပါ။ အော်  ဒီလိုရှိခဲ့ပါလားဟု  ဆင်ခြင် သုံးသပ် သိစေရန်ဖြစ်ပါသည်။
ကဲ ဘယ် ကစ မည်နည်း။ ကိုမောင်မောင်ရဲ့ ဇရပ်လေးကစကြပါစို့  ။ ၂၀၀၉ခုနှစ် မြန်မာပြည် ပြန်ရောက်တော့ ကိုကျော်လွင်လိုက်ပို့  လို့  စေတီယံတောင်ပေါ်က အမေသက် ၏ဇရပ်ကလေးကိုရောက်ခဲ့ရပြန်ပါတယ်။  သံမံတလင်းခင်းပြီး အုတ်နံရံ လေးနဲ့ သပ်သပ်ရပ်ရပ်
 ဖြစ်နေတဲ့  ဇရပ်ကို ၀မ်းသာကြည်နူးစွာနဲ့  တွေ့  ခဲ့ရပါတယ်။
တို့  ငယ်ငယ်တုံးကတော့ ၀ါးကပ်မိုး ထရံကာနဲ့ ဇရပ်လေးပါ။ ဘယ်တုံးက၊ ဘယ်လိုစတင်ဖြစ်လာတယ်ဆိုတာတော့ မသိမှီပါဘူး။ ပခုက္ကူမြို့  ကဧရာဝတီမြစ်ကမ်းတလျှောက် တည်ရှိနေတဲ့ မြို့  တခုပါ။ မြစ်ကမ်းခြေတလျှောက် မြေပြန့်  မှာ တည်ဆောက်ထားတာပါ။ မြို့  ရဲ့  အနောက်ဘက်မှာတော့ စပြီးတောင်ကုန်းလေးတွေဖြစ်နေတာပါ။ အနောက်ဘက်ရောက်လေ မြင့်သွားလေဖြစ်ပြီး အနောက်ရိုးမ အထိ ဆက်နေတာပါ။ ပခုက္ကူအနီး တောင်ကုန်းလေးတွေကတော့ မမြင့်လှပါဘူး။ စစ်ကိုင်းတောင်ရိုးလို တရားကျင့်တဲ့ သူတော်စင်တွေ အစဉ်အဆက် နေထိုင်ခဲ့တဲ့ နေရာနဲ့  တူပါတယ်။ မြို့  နဲ့  လည်းသိတ်မဝေးလှတော့ သူတော်စင်တွေအဖို့  ဆွမ်းကွမ်းလည်းမပူပင်ရတဲ့နေရာပါ။ တို့  ငယ်စဉ်အချိန်က ပခုက္ကူမြို့  ဟာ ခုထက်အများကြီးသေးငယ်တဲ့ မြို့  လေးတမြို့  ပါ။အနီးဆုံးတောင်ကုန်းလေးဆိုတာတောင်  မြို့ နဲ့  တခေါ်လောက်ဝေးတဲ့ နေရာပေါ့။ ခန်တောရပ်ကနေ တောင်ပေါ်ကို သွားမယ်ဆိုရင်အမှတ်(၂) ကျောင်းကျော်လိုက်တာနဲ့  ယာခင်းတွေထဲ
ရောက်သွားပါပြီ။ မြေပဲစိုက်တဲ့ ယာခင်းတွေမို့  သဲမြေဆန်တဲ့ မြေတွေပါ။ အိမ်တွေဘာတွေခုလိုမရှိပါဘူး။  မြိုင်လမ်းကိုကျော်ပြီးသွားမယ်
ဆိုရင်လဲ အိမ်တန်း တစ်တန်းနှစ်တန်းလောက်ကျော်တာနဲ့  ယာခင်းတွေထဲရောက်သွားတာပါဘဲ။ဒီတော့ တောင်ပေါ်မှာ အင်မတန်အေးချမ်း
တာပါ။ ဆိတ်ငြိမ်ပြီး မြို့  ပြအငွေ့ အသက်မရှိပါဘူး။ မြို့  မြေပြင်ထက်လည်းမြင့်နေတဲ့ အရပ်မို့  မြစ်ပြင်က ဖြတ်တိုက်လာတဲ့ လေအေးအေးက
 တဖြူးဖြူးနဲ့  ပေါ့။ ဒါကြောင့်လည်း သူတော်စင်တွေ မှီခိုနေကြတာဖြစ်မှာပါ။ ဒီလိုနေရာမျိုးမှာ အမေသက်ရဲ့  ဇရပ်လေးရှိနေတာပါ။
ဒီလိုအေးချမ်းသာယာတဲ့ နေရာမို့   ၁၉၆၁ခုနှစ် ၉တန်းကျောင်းသားဘ၀က ဓာတ်ပုံရိုက်ထွက်ခဲ့ဘူးပါတယ်။ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း
 တနေ့  မှာပေါ့။ ဘဘဦးကျော်တင့် ရဲ့  ကင်မရာနဲ့  ပေါ့။ သူငယ်ချင်း ကိုသက်တင်နဲ့။ သူကလဲကင်မရာတလုံးနဲ့  ။စက်ဘီးကိုယ်စီနဲ့   တောင်ပေါ်
တက်ရိုက်။ ပြီးတော့ ပေါက်အင်းသွားရိုက်တာပေါ့။
ဒါတောင်ပေါ်မှာရိုက်ခဲ့တာ။ ပေါက်အင်းဆိုတာလည်း အဲဒီအချိန်တုံးက စစ်တပ်မရှိသေးဘူး။ မြို့  ပေါ် ကလူငယ်တွေ အားတဲ့ နေ့  ပျော်ပွဲစား
ထွက်ကြတဲ့နေရာပေါ့။ ဆောင်းတွင်းဆိုတော့ ရေက သိတ်မရှိလှဘူး။အင်းကြီးအစပ်က ညောင်ပင်ကြီးက အရမ်းလှတာ။ အကိုင်းကြီးတွေ
 အကြီးကြီးတွေ ညွှတ်ကိုင်းပြန့်   ပြူးနေတာ။ ဒီညောင်ပင်ကြီးကိုဓာတ်ပုံမရိုက်ခဲ့မိတာခုမှနောင်တရမိတယ်။ မြို့ ကနေပေါက်လမ်းအတိုင်း
ထွက်လာရင်လည်း ချောင်းကလေး( နံမည်မေ့နေပြီ) ကတံတားကိုကျော်လိုက်ရင် အိမ်တွေမရှိတော့ဘူး။ တောင်နှစ်လုံးကြားကို
ကျော်လိုက်ရင် ပေါက်အင်းပေါ့။ ဒီအင်းမှာငှက်တွေတအားပေါတာ။ စိတ်ကူးက ဒီငှက်တွေကို ဓာတ်ပုံရိုက်မယ်ပေါ့။ မဂ္ဂဇင်းတွေထဲမှာ ငှက်ပုံလှလှတွေမြင်ဘူးကတည်းကရိုက်ချင်နေတာ။ တကယ်လိုက်ရိုက်တော့ မလွယ်ဘူး။  ဒီတုံးကလည်းနားမလည်ဘူးလေ။ ဘယ်လိုကင်မရာမျိုးနဲ့  မဆိုရိုက်လို့ရတယ်ထင်နေတာ။ တယ်လီမှန်ဘီလူးမပါတဲ့ ကင်မရာနဲ့ အနားကပ်ရိုက်မယ်ဆိုပြီး ငှက်တွေနားကပ်လိုက် ငှက်ကပျံပြေးလိုက်။ကိုယ်ကထပ်လိုက် လိုက်။ ငှက်ကပျံပြေးလိုက်နဲ့  ပေါ့။ အောက်က ခြေသလုံးလောက်နက်တဲ့ ရေ၊ အပေါ်ကနေပူပူနဲ့
 ကြိုးစားရိုက်လိုက်တာ ငှက်ပုံသေးသေးလေးတွေ ပေါ်တဲ့ပုံဘဲရတယ်။ အကျိုးကတော့ အပြန်ကြအပူရှပ်ပြီးဖျားတာဘဲ။ တောင်ပေါ်
အကြောင်းပြောရင်းနဲ့  ဘေးထွက်သွားတယ်။ ကဲ  ပြန်ဆက်ရအောင်။
ဝါတွင်းကာလ ဥပုသ်နေ့  တွေဆိုရင် တောင်ပေါ်ကိုတက် ဥပုသ်စေါင့်တဲ့ စရိုက် အဲဒီတုံးကရှိခဲ့ပါတယ်။ တမြို့  လုံးက မိမိနဲ့ သက်ဆိုင်တဲ့ ဇရပ်တွေသွားပြီး ဥပုသ် သီလ ယူကြလို့ တမြို့ လုံးလူမရှိသလို ခြောက်ကပ်နေတာပါဘဲ။
ဥပုသ်နေ့  ဆို ဒေါ်ဒေါ်က အစောကြီးထပြီး ထမင်းချက်တယ်။  မနက်သရေစာသဘောမျိုးစားဘို့  ရော၊ ဥပုသ်ယူပြီး မနက်စာစားဘို့ 
ရောပေါ့။ ဒါတင်မကသေးဘူး  ဥပုသ်သမားတွေ ဆိုတော့ သာမန်နေ့  ထက် အခွင့်အရေးပိုရတာကမနက်စာစားပြီးရင် စားဘို့ အချိုပွဲအတွက်က စီစဉ်ရသေးတယ်။ တချို့ အိမ်မှာတင် ကြော်တန်တာကြော်၊ ၀ယ်တန်တာဝယ်ပေါ့။ ပြီးတော့ မှ တောင်းကြီးတောင်းငယ်နဲ့  ထည့်၊
 လှည်းပေါ်တင်ပြီး လှည်းနဲ့  သွားကြတာ။ ဘဘဦးဘသန်း၊ ဦးကြီး၊ ဘဘဦးကျော်တင့် နဲ့  တို့ ကတော့ ခြေလျှင်တလှည့်၊ ကုန်းကြောင်းတလှည့်
 တောင်ပေါ်တက်ကြတာပါ။ မြို့  ကကျော်လို့ ယာခင်းသဲမြေထဲ ရောက်တဲ့အခါတော့ ရှေးကသွားထားကြလို့  ဖြစ်နေတဲ့ လူသွားလမ်းလေး
တလျှောက်  ရှေ့  နောက်တန်းစီပြီးသွားကြရတာ။
မသွားခင် မနက်စာ  စားခဲ့ ရတာလေးကိုလဲ နည်းနည်းတော့ ပြောပါရစေ။ပင်ပင်ပန်းပန်းလုပ်ထားရတဲ့ ဒေါ်ဒေါ်ရဲ့ လုပ်အားကို အမှတ်တရလည်း
ဖြစ်အောင်၊  ဂုဏ်လည်းပြုရအောင်လို့  ပါ။ စောစောထချက်ထားတဲ့ ထမင်းမှာ စားတော်ပဲပြုတ်ကိုထည့်။ ပြီးတော့ နှမ်းဆီမွှေးမွှေးလေးဆမ်းပြီး ဆားလေးနည်းနည်းထည့် သမအောင်မွှေထားတာပါ။ ဒါကို ရေဆေးထားပြီး လေးစိပ် စိပ်ထားတဲ့ ကြက်သွန်နီဥကို ကိုက်စားရင်း  စားရပါတယ်။
ကော့နေတဲ့ ထမင်းလုံးလေးတွေမှာ  နှမ်းဆီက ဆိုရွှဲနေတော့ တောက်ပြောင်နေပါတယ်။ ဒါကိုဇွန်းနဲ့  ကော်ပြီး   စားမယ်လို့ ပါးစပ်နား
ရောက်လာတယ်ဆိုရင်ဘဲ မွှေးမြမြ နှမ်းဆီနံ့  က နှာခေါင်းထဲ တိုးဝင်လာတာပါ။ စူးစူးရှရှကြီးမဟုတ်ဘဲ  သင်းသင်းလေးမွှေးနေတဲ့အနံ့  ပါ။ ဒီအနံ့  လေးကြောင့် စားချင်စိတ်က ပိုကဲလာပြီး ထမင်းလုပ်ကို ပါးစပ်ထဲ ထည့်ဖြစ်တော့တာပါဘဲ။ ပြီးတော့ လေးစိပ်စိပ်ထားတဲ့ ကြက်သွန်နီ တစိပ်ကို ဖဲ့ ။ ပါးစပ်ထဲထည့် ၀ါးလိုက်ပါတယ်။ ကြက်သွန်နီရဲ့ မွှန်တွန်တွန်အနံ့ လေးက အာခေါင်ကနေ နှာခေါင်းထဲရောက်သွားပြီး မွှေးမြမြ မွှန်တွန်တွန်လေးဖြစ်သွားပါတယ်။ ပါးစပ်ထဲမှာတော့ ၀ါးလိုက်တဲ့ ကြက်သွန်နီကထွက်လာတဲ့ အရည်ရဲ့  ချိုမြမှု၊ ထမင်းလုံးရဲ့  ပေါ့တော့တော့ စိမ့်တိမ့်တိမ့် အရသာ၊ ပဲပြုတ်ရဲ့   လေးလေးပင်ပင် စိမ့်တဲ့ အရသာ၊ နှမ်းဆီရဲ့  တမျိုးလေးစိမ့်တဲ့ အရသာ အားလုံးပေါင်းပြီး စားနေရင်းကို ဆာလောင်မွတ်သိပ်လာစေတော့တာပါ။ ဒီတော့ ဘယ်သူမှ တစ်ပန်းကန်နဲ့  မတင်းတိမ်ပါဘူး။ ထပ်ထည့်ကြတာပါဘဲ။  ဒီလိုထမင်းမျိုးကို တခါတလေကြ ကြွတ်ကြွတ်ရွရွ လေးကြော်ထားတဲ့ ဘယာကြော်လိုမျိုးနဲ့  ဖြစ်ဖြစ်၊ စမူစာလေးနဲ့  ဖြစ်ဖြစ် စားခဲ့ကြရတာပါ။  ဒါ ဥပုသ်နေ့  နံနက်ခင်း အစာပြေ စားပုံလေးပေါ့။ စားအုန်းဆီတွေရောထားတဲ့ ဒီခေတ်ကြီးမှာတော့ နှမ်းဆီစစ်စစ် မရနိုင်တော့ လို့  ဒီလို ထမင်းမျိုး စားချင်လို့  မရနိုင်တော့ပါဘူး ဆိုရင် စာရေးသူကို လွန်တယ်လို့  မထင်လိုက်ကြပါနဲ့  ။
မနက် သီလယူပြီး နံနက်စာ စားပြီးရင်တော့  လူကြီးတွေက ပုတီးစပ်တဲ့သူကစိပ်၊ ခဏ လဲလျောင်း အနားယူသူကယူပေါ့။  လူငယ်တွေကတော့ ဘယ်တောင်မှာ ဘယ်သူငယ်ခြင်းလာတယ်ဆိုတာ ကြိုချိန်းထားတာဖြစ်လို့ အဲဒီတောင်တွေကိုလျှောက်လည်ပေါ့။ မြို့  ထဲက ကာလသားတွေကတော့  ဘယ်တောင်မှာ ဘယ်အပျိုချောတွေရှိတယ်ကွလို့  တယောက်နဲ့  တယောက် သတင်းပေးရင်း လည်ကြပတ်ကြနဲ့  တောင်ပေါ်မှာတော့စည်ကားနေတာပါဘဲ။ အဲ ညနေစေါင်းကြတော့မှ တချို့  ကလည်းအိမ်ကိုတန်းပြန်၊ တချို့  ကြတော့ သီဟိုဠ်ရှင် ဘုရားကိုဝင်ဖူးပြီးမှ အိမ်ပြန်ကြတာပါ။
ဒါကတော့ ဥပုသ်နေ့  တနေ့  တာ  လှုပ်ရှားခဲ့မှုလေးတွေကို အမှတ်တရပြန်ပြောဖြစ်တာပါ။ ဖွားဖွားကြီးဆိုတာဘယ်သူလဲလို့  မေးတဲ့ ကိုဖိုးပါနဲ့   အဲဒါရေးပါအုံးလို့  ပြောတဲ့ ကိုမောင်မောင်ရဲ့  တိုက်တွန်းချက်ကိုတော့  နောက်တပါတ်မှ  ဆက်ဖြစ်မယ် ထင်ပါတယ်။
ကဲ...ကဲ  မှတ်ချက်ကလေးတွေ ပေးကြပါအုံး။  ပို့  တွေမှာတင်မဲ့ ဓာတ်ပုံကိုလည်း ကင်မရာစစ်စစ်နဲ့  ရိုက်ကြပါ။  ဖုန်းနဲ့  ရိုက်တဲ့ ပုံတွေက ၀ါးပြီး ရီဆိုလူးရှင်းညံ့လို့  မကောင်းပါဘူးလို့  အကြံပေးပါရစေ။
အားလုံးအဆင်ပြေကြပါစေ။
သုစံ
စက်တင်ဘာလ၊ ၂၈ရက်၊ ၂၀၁၂ခု
Monday, September 10, 2012
                                                 ခါတလှည့်၊ လာခဲ့ကြပါလို့
ရှင်ပြု နားသလေး အကြောင်း ဆက်ရေးမယ်လို့  စိတ်က ကူးထားပေမဲ့ ကြားပေါက် ခရီးထွက်ဖြစ်ခဲ့ တာလေးကို ရေးပြချင်တာနဲ့   ဒါလေးရေးလိုက်ပါတယ်။ ဟိုး ရှေးရှေးက အကြာင်းတွေ ရေးပါလား လို့   အားပေးနေသူများ  တဆိတ် သည်းခံလိုက်ပါအုံးလို့  ပဏာမ ပြောလိုက်ပါရစေ။
၂၀၀၃ခုနှစ် အမေရိက ရောက်ပြီး ဖလော်ရီဒါပြည်နယ်မှာ ရောက်စ။ အလုပ်ကမရှိသေး။ ရောင်ခြာခြာ ဖြစ်နေတဲ့ အချိန်ကပေါ့။ အင်္ဂလိပ်စကားကို ပင်မထားပြီး အသုံးမပြုတဲ့ နိုင်ငံက လာသူတွေ အတွက် အစိုးရက စီစဉ်ပြီး အခမဲ့ သင်ကြားပေးနေတဲ့ အင်္ဂလိပ်စာသင်တန်းကို  တက်ရောက်သင်ဖြစ်ခဲ့တယ်။ အဲဒီသင်ခန်းစာတွေထဲမှာ စိတ်ဝင်စားစရာဇတ်လမ်းလေး တပုဒ်ပါတယ်။ ဒီဇတ်လမ်းကို ကောင်းကောင်းကြီးမှတ်မိနေပါတယ်။
တခါကတဲ့  အမေရိက၊ ကာလီဖိုးနီးယားပြည်နယ်မှာ  အမဲလိုက်တဲ့သူတယောက်  ရှိခဲ့တယ်တဲ့။ တနေ့သူက သမင်တကောင်နောက်ကို
လိုက်ရင်း  တောနက်ထဲကို  ရောက်သွားပါသတဲ့။ ဘယ်လောက်နက်နက် ဒီသမင်ကို  မရရင်မနေဘူးဆိုပြီး  ဇွဲနဲ့  လိုက်ခဲ့တယ် ဆိုဘဲ။ ဒီလိုနဲ့  တဖြည်းဖြည်းလိုက်ရာက လျှိုကြီးတခုထဲကို ရောက်မှန်းမသိ ရောက်သွားပါရောတဲ့။  ဒီလျှိုကြီးထဲမှာရှိတဲ့  သစ်တောအုပ်ကလေး တခုကို လွန်လဲသွားရော ဒီမုဆိုးက လျှိုကြီးရဲ့  မြင်ကွင်းကိုမြင်လိုက်ရတယ်တဲ့။ အဲဒီမှာ မုဆိုးက သမင်ကိုလည်း  မေ့သွား၊ သူဘာလုပ်နေလဲ ဆိုတာကိုလည်းသတိမရ၊ အသက်ရှုဘို့ ကိုပင် မေ့သွားလောက်အောင် ဒီလျှိုကြီးရဲ့  အလှအပကို တမေ့တမော ငေးစိုက်ကြည့်နေမိတယ်တဲ့။ အင်မတန် ကြမ်းတန်းခက်ထရော် နိုင်လှတဲ့ မုဆိုးတယောက်ရဲ့  နှလုံးသားကိုတောင် အရည်ပျော်ကျစေတဲ့  ဒီလျှိုကြီးကို နောင်ကြတော့
 " ယိုစမိုက် " လို့  ခေါ်တွင်ကြတယ်။ အစိုးရကလည်း  ဒီနေရာ တ၀ိုက်ကို " ယိုစမိုက် အမျိုးသားဥယျာဉ် " အဖြစ်သတ်မှတ်ခဲ့တယ်လို့
 အဲဒီမှာသင်ကြားခဲ့ရပါတယ်။
ဒီလို ကြမ်းတန်းလှတဲ့ မုဆိုးကြီး တယောက်ရဲ့  နှလုံးသားကိုတောင် စွဲဆောင်နိုင်တဲ့ အစွမ်းရှိတဲ့ ဒီရှုခင်းကိုတော့ဖြင့် အခွင့်အရေးရရင် ကြည့်ချင်တဲ့ စိတ် စာသင်ခန်းထဲမှာတင်ပေါ်ခဲ့တာပါ။ ဖလော်ရီဒါကတဆင့် ကာလီဖိုးနီးယားကို ရောက်ပြီးနောက် ပထမဆုံး စပြီးစုံစမ်းမိတာက " ယိုစမိုက်  ဆိုတဲ့ နေရာရောက်ဖူးလား။ တော်တော်လှသလား " ဆိုတာပါဘဲ။ သူတို့  က ပထမ မကြားဖူးသလို၊ စဉ်းစားနေသလို ဖြစ်နေပြီးမှ " ယိုစန်းမတီ" ကိုပြောတာလားနဲ့  ပြန်မေးကြတယ်။ ဒီတော့ "Yosemite"လို့  စာလုံးပေါင်းပြတော့မှ ယိုစန်းမတီလား။ အားလှတယ်။
 တော်တော်လှတယ်နဲ့  ပြန်ဖြေကြတယ်။ အော် ဒီတော့မှ အမေရိကန် တနိုင်ငံထဲမှာကိုဘဲ အသံထွက် တွေမတူတဲ့ အကြောင်း၊ ခရမ်းခြင်သီးကို တချို့  နေရာတွေက တမေးတိုးလို့ ခေါ် ပြီး တချို့  နေရာကြတော့ တမားတိုး လို့ခေါ်ကြတယ်လို့  သင်ခဲ့ ရတာအမှတ်ရမိတယ်။
အမေရိကန်ပြည်ရဲ့  အလှဆုံး နေရာတွေထဲမှာ တခု အပါအ၀င်ဖြစ်တဲ့  ယိုစန်းမတီ အရပ်ကိုဖြင့် ၂၀၁၀ခုနှစ်မှာ ဓမ္မသင်တန်း အတူတက်နေတဲ့ သူနှစ်ယောက် နဲ့  စာသင်ကြားပေးခဲ့တဲ့ ဆရာတော် လေးပါးနဲ့  အတူသွားဖြစ်ခဲ့ပါတယ်။ အချိန်က ဧပြီလ ကုန်လုကုန်ခါနီးပေါ့။ တို့နေတဲ့ ဒေလီစီးတီး ဘက်မှာတော့ နွေရဲ့ အခိုးအငွေ့  တွေ ရောက်နေပါပြီ။အအေးလည်းပေါ့လာပြီပေါ့။ယိုစန်းမတီသစ်တောဥယျဉ်
 ကတော့ဖြင့် ပေ၄၀၀၀အထက် ၅၀၀၀ကျော်၇၀၀၀လောက်ရှိတာမို့  အအေးရှိန်မပျောက်သေးဘူးဆိုလို့အနွေးထည်နဲ့  သွားရတာပါ။
 တောင်ပေါ်မှာတော့ လမ်းဘေးမှာ နှင်းကြွင်းတို့  ကား  မပျယ်သေး။ အစုလိုက်အပုံလိုက်ရှိနေဆဲ။ ထေါင်မတ်မြင့်မားတဲ့ ထင်းရှုးပင်က
ထွက်လာတဲ့ ပျော့ပျောင်းညွှတ်ကျနေတဲ့ အကိုင်းတွေရဲ့  ကော့နေတဲ့ အဖျားမှာတော့ နှင်းပွင့်တို့  ရီးလေးခိုနေဆဲ။ လေအသွေ့  မှာ ဘုတ်ခနဲ၊ ဘုတ်ခနဲ  မြေပြင်ကိုခုန်ဆင်းဆဲပါ။ ဒီတုံးက ရှုခင်းလေးကို ဒီပုံမှာမြင်နိုင်ပါတယ်။
ခုမိသားစုနဲ့  အတူ ဒီအလှကိုရှုစားဘို့  ခရီးတခေါက်ထွက်ခဲ့ပြန်ပါပြီ။ခုတခေါက်ကတော့ နွေခေါင်ခေါင်ပါ။တကယ်တန်းပြောရရင်ဖြင့်
 နွေအိုချိန်ပါ။ နေ့  တာတောင် တိုစပြုနေပါပြီ။ ဒါပေမဲ့ အပူရှိန်ကတော့ မပျယ်သေး။ ဒါပေမဲ့ တောင်ပေါ်ဒေသဖြစ်လို့  ရုတ်တရက် ပူရာက အေးသွားတာမျိုး၊ တိမ်တွေတက်လာပြီး မိုးရွာချတတ်တာမျိုးရှိတယ်လို့  ဒီဒေသရဲ့  မိုးလေ၀သကဆိုတော့ အနွေးထည်ရော၊ အအေးထည်ပါ စုံအောင်ထည့်လာခဲ့ကြရတယ်။ စက်တင်ဘာလ ၁ရက်နေ့  နံနက် ၈နာရီလောက်ထွက်ဖြစ်ခဲ့ပါတယ်။
ယိုစန်းမတီ  က ဒေလီစီတီးရဲ့  အရှေ့  စူးစူး မိုင်၂၀၀လောက် ၊ အတိအကျဆိုရရင် ၁၉၇မိုင် ဝေးပါတယ်။အနီးရောက်တော့  တောင်ပေါ်
လမ်းတွေဖြစ်လို့  အကွေ့  အကောက်တွေများလို့  ၄နာရီလောက်မောင်းရတာပါ။ သူ့ရဲ့  သမိုင်းကြောင်းလေးကိုလည်း ဒီနေရာမှာ အနည်းအကျဉ်း ပြောပါရစေ။ ကမ္ဘာကြီး စတင်အေးခဲ လာပြီးတော့ မြေလွှာအောက်မှာရှိတဲ့ ကျောက်လွှာများပွတ်တိုက်မှုကြောင့် အမေရိကတိုက်ရဲ့  အနောက်ဘက် ကမ်းခြေတလျောက်မှာ တွန့်  ခေါက်တောင်တန်းကြီးတွေ ပေါ်လာခဲ့တာပါ။ ဒီ ယိုစန်းမတီ ဒေသကတော့  ဂရင်းနိုက်  ကျောက်တွေနဲ့  ပြီးတဲ့ တောင်တန်းကြီးပေါ့။ စဖြစ်ခါစတုံးက ရိုးရိုးတောင်တန်း တောင်ကြားပါဘဲ။ နောက်ရေခဲ ခေတ်ကိုရောက်တော့ ဒီနေရာမှာရေခဲတွေစုပြီး ရေခဲမြစ်ကြီးဖြစ်ခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရေခဲမြစ်ရဲ့တိုက်စားမှုကြောင့် တောင်ကြားဒေသ ကျယ်ဝန်းလာပြီး ဂရင်းနိုက် ကျောက်သားတွေ တောင်ခပန်းပြတ်ကြီးတွေဖြစ်ကျန်ခဲ့တာလို့ သူ့  သမိုင်းကဆိုပါတယ်။ ရေခဲခေတ်ကုန်သွားတော့ ဒီ ကျောက်ခါးပန်းပြတ်ကြီးတွေရဲ့  အလှကပေါ်လာတယ်လို့  ဆိုတာပါ။ ယိုစန်းမတီ ကိုနီးလာတော့ ဒီလို ကျောက်တောင်တွေကို စမြင်ရပါပြီ။
တောင်ကြားကို ရောက်ပြီး ရှုခင်းကိုစမြင်ရပါပြီ။  ဓာတ်ပုံတွေကိုကြည့်ပြီး " ဟင်--ပြောသလိုလဲမလှပါဘူး "လို့   မပြောလိုက်ပါနဲ့  အုံး။ ယိုစန်းမတီ ရဲ့  သဘာဝအလှကို ပေါ်အောင် ဓာတ်ပုံဆရာ မရိုက်နိုင်လို့  ပါ။ ပန်းချီငိုလို့  ဆိုသလို ဒီမှာတော့ ဓာတ်ပုံဆရာငိုဖြစ်ရမှာပါ။
 ကဲဒီပုံကြည့်လိုက်ပါအုံး။
                                                   အောက်ကပုံကတော့  ယိုစန်းမတီ အ၀င်စပ်က စမ်းချောင်းလေးပါ။
                                                                    ဒီစမ်းချောင်းဘေးမှာ တို့  လေးယောက်။
ယိုစန်းမတီ  မှာက တောတောင် ရေတခွန်တွေအလွန်ပေါပါတယ်။  ဒါတွေနဲ့ လှနေတာပါ။ အများအားဖြင့်တော့ ရေတခွန်တွေက ဆောင်းမှာကျတဲ့ နှင်းတွေပျော်ပြီး ရေတွေဖြစ်ကျတာပါ။  အရင်တခေါက်သွားခဲ့ တုံးက တဝေါဝေါကျနေတဲ့ တချို့  ရေတခွန်ဆို ရေတစက်မှမရှိတော့ပါဘူး။ ယိုစန်းမတီ ရေတခွန်ပုံကို အောက်မှာ ယှဉ်ပြလိုက်ပါတယ်။
                                                                                 ခုပုံကိုကြည့်ပါဦး။
                                                                              ရေတစက်မှမကျတော့ဘူး။
                                                              ဒီပုံက ယိုစန်းမတီက  Bus မှတ်တိုင်မှာ ရိုက်လာခဲ့တာပါ။
                                                                               ဒါကတော့ ချောင်းတခုထဲမှာလေ။
                                                                                              ရွာလေးထဲမှာပေါ့။
ယိုစန်းမတီ တောင်ကြားရှုခင်းကိုကြည့်ပြီးကြတော့ အဲဒီနဲ့ မိုင်၄၀လောက်ဝေးတဲ့  မာရီပိုစာ ဆိုတဲ့ ရွာလေးမှာသွားအိပ်ကြတယ်။ ဒီရွာလေးက တောင်ကြားထဲမှာရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့  အလုပ်ဖြစ်နေတဲ့ ရွာလေးနဲ့  တူပါတယ်။ ဟိုတယ်တွေ အင်းတွေ အများကြီးဘဲ။တို့ အိပ်ခဲ့တဲ့ အင်းကတော့---------
နောက်နေ့  မနက်ကျ ပြန်ထွက်ကြပြီပေါ့။ ယိုစန်းမတီမှာ ကြည့်စရာတွေ ကျန်သေးတယ်လေ။
ဒါကတော့ ယိုစန်းမတီကို ပြန်အသွား လမ်းက မာဆစ်မြစ် ကမ်းဘေးမှာပေါ့။ မြစ်လို့  သာခေါ်တာ။ တို့  စီက
တောင်ငူနားက သံတောင် ချောင်းလောက်ဘဲရှိမယ်။
ဒီနေ့ တော့ မနေ့ က မရောက်ခဲ့ တဲ့ ဂလေစီယာပွိုင့် ကိုအသွား တောင်ပေါ်ကိုထပ်အတက်မှာ မနေ့  ကရောက်ခဲ့ တဲ့ တောင်ကြားတခုလုံးကို ရှုမြင်နိုင်တဲ့ ရှုခင်းမှာရပ်ပြီးဓာတ်ပုံရိုက်ကြပါတယ်။ တောင်တန်းတွေရဲ့ သဘာဝအရ မနက်ပိုင်းမှာ နေရောင်ကြောင့် ၀ါးတားတားဖြစ်နေလို့  သူ့  အလှတွေမပေါ်လွင်လှပါဘူး။ ဒါကြောင့် အရင်တခေါက်က ပုံနဲ့  တွဲ ပြလိုက်ပါတယ်။
ဒီကနေ ဂလေစီယာပွိုင့်ကိုအသွားလမ်းမှာ  လမ်းဘေးအိမ်သာလေးတခုရှိတယ်။ မြန်မာပြည်အခေါ်တော့ ပေါက်တောပေါ့နော်။ အရင်တခါသွားတဲ့ရှုခင်းနဲ့ ခုတခေါက်ရှုခင်း ခြားနားပုံကိုလည်း ဖေါ်ပြလိုက်ပါတယ်။
ဂလေစီယာပွိုင့် ကတော့ ရှုခင်းတကယ်လှတယ်။ ဂရင်းနိုက်ကျောက်တောင်တန်းကြီးကို အလှအပဆုံးတွေ့  နိုင်တဲ့ နေရာပေါ့။
ဒီကနေ မာရီပိုစာဂရု ဆိုတဲ့နေရာကိုသွားပါတယ်။ အဲဒီနေရာကတော့ သစ်ပင်ကြီးတွေ ရှိတဲ့နေရာပါ။ ရှေးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ ဒီသစ်ပင်ကြီးတွေကို မခုတ်မလှဲဘဲ စေါင့်ရှောက်ထားတဲ့နေရာပါ။ မာရီပိုစာဂရု နဲ့  ဂလေစီယာပွိုင့် နေရာတွေကို နွေရာသီဇွန်လက
 အောက်တိုဘာ လဆန်းပိုင်း လောက်အတွင်းသာ ဖွင့်တာပါ။  ကျန်အချိန်တွေဆိုရင် နှင်းတွေတအားကျလို့  ပိတ်ထားပါတယ်။  ဒါကြောင့် အရင်တစ်ခေါက်က အဲဒီနေရာတွေကိုမရောက်ခဲ့ပါဘူး။
                                         မာရီပိုစာဂရုကိုအသွား လမ်းရှုခင်းကို ကားပေါ်ကနေရိုက်ထားတာပါ။
မာရီပိုစာဂရုမှာရိုက်ခဲ့တဲ့ ပုံတွေပါ။ နေရာကကျယ်လွန်းလို့  ပြန်ရမှာလဲဖြစ်လို့  နေရာအနှံ့  ကိုမရောက်ခဲ့ပါဘူး။ အိမ်က တယောက်ယောက် ရောက်လာခဲ့ရင်တော့ ထပ်ပြီး စုံအောင် အနှံ့  လည်ကြသေးတာပေါ့။
အပြန်ခရီးကတော့ အလာတုံးက လမ်းမဟုတ်တော့ဘူး။ တောင်တက်တောင်ဆင်းတွေနည်းတဲ့ မြေပြန့်  လမ်းကပြန်ခဲ့ ကြတာပါ။
ရှုခင်းကမတူတာကိုတွေ့  နို င်ပါတယ်။  ည ၈နာရီလောက်မှာတော့ ဒေလီစီးတီးကိုပြန်ရောက်ပါတယ်။တခါတည်း ဗီယက်နမ် စားသောက်ဆိုင်
ကိုသွားကြပြီး ညစာအဖြစ် ဗီယက်နံစွတ် ကိုသောက်ပြီး ဒီခရီးကို အဆုံးသတ်ခဲ့ပါတယ်။
နိဂုံးမချုပ်ခင်တခုတော့ မှာလိုက်ပါရစေ။ ဓာတ်ပုံတွေကိုကလစ်ရိုက်လိုက်ရင် ပုံကြီးချဲ့  ပြီး တွေ့ ရမှာဖြစ်ပါတယ်။ရှုခင်းတွေဖြစ်လို့
 မြင်ကွင်းကြီးကြီးနဲ့  ကြည့်လေပိုလှလေပါဘဲ။ တယ်လီဖုန်းသေးသေးလေးနဲ့  ကြည့်ပြီး အားရတင်းတိမ်မနေပါနဲ့  ။ကွန်ပျူတာနဲ့ ကြည့်ကြပါ။  အားနာနာနဲ့  တခုတော့ တောင်းပန်ပါရစေ။ ဒီလောက်လှတဲ့ ရှုခင်းတွေကို ပေါ်လွင်အောင် မရိုက်နိုင်လို့   ကိုယ့် ကိုယ်ကို အားမလိုအားမရဖြစ်ပြီး ဒါလောက်ဘဲ တင်ပြလိုက်ရတာကို စိတ်မကောင်းဖြစ်မိကြောင်းပါ။ ကိုယ့်ရဲ့  ညံ့ဖြင်းတဲ့ ဓာတ်ပုံပညာကြောင့်  တောင်းပန်လိုက်ပါတယ်။
 ကဲ...အခွင့်အရေးရရင်ဖြင့်  ခါတလှည့်၊ လာခဲ့ကြပါလို့  ဖိတ်ခေါ်လိုက်ပါရစေ။
                    သုစံ
                   စက်တင်ဘာလ၊ ၁၀ရက်၊ ၂၀၁၂ခု
Friday, August 24, 2012
                                                     ဒုလ္လဘ၊ ကြုံသမျှ
အသစ် တင်လိုက်ပါပြီ။ ဒီအကြောင်း ရေးမယ်လို့  တခါသား(၂) မှာ အစလေးဖေါ်ခဲ့ ပေမဲ့ ဘယ်သူမှ မတွေ့ ဘူး။ စာရေးသူရေးပုံရေးနည်း
ညံ့တာကြောင့် နေမှာပေါ့နော်။ ဆွဲ ဘို့ တင်လိုက်တဲ့ အစလေးက "သားလှ ရတနာ " ဆိုတဲ့ စကားလေးပါ။ ဒါပေမဲ့ ဆွဲကြတဲ့ သူတွေက ရှင်ပြု နားသ ပုံတွေ ကြည့်မရဘူးဆိုတော့ ဟ ငါဘယ်လိုများရေးမိလို့  ပါလိမ့် ဆိုပြီး ပြန်ဖတ်ရသေးတယ်။ တကယ်တော့ ရှင်ပြု နားသ မင်္ဂလာပွဲ အပြီးမှာရိုက်ခဲ့တဲ့ ပုံလို့  ဆိုလိုတာပါ။ မင်္ဂလာပွဲမှာရိုက်ခဲ့တဲ့ပုံ လို့ မဆိုလိုပါဘူး။
အင်း ...ဒါကလည်း မြန်မာစာကို တက္ကသိုလ်မှာ လေးနှစ်လောက် မသင်ခဲ့ ရလို့  မြန်မာစာဝိဇ္ဇာ ၊ မြန်မာစာဇော်ဂျီ၊ မြန်မာစာတပသီ မဖြစ်ခဲ့ရတဲ့  မြန်မာစာ မှင်စာလေးရဲ့  အရေးအသားကြောင့် ဖြစ်မှာပါ။ ရေးကတည်းက ဖတ်လိုက်တဲ့သူ ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းရှင်းလင်းလင်း ရေးပေမဲ့ ရှင်းရှင်းလင်းလင်း ဖြစ်မသွားတဲ့ အတွက် ပြန်ပြီး ရှင်းလင်းပြရတဲ့  ရှင်းလင်းချက်ပါ။ ( ဘာရယ်မဟုတ်ပါဘူး။ "ရှင်း" ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် ထပ်သုံးပြီး ၀ါကျ တကြောင်း ရေးဖွဲ့  ကြည့်တာပါ။) ဓာတ်ပုံကိစ္စ ဖြစ်သလို ရေခဲစက်ပို့  တာကို ဆားစက်ပို့  တယ်လို့  ထင်သွားအောင် ဖတ်ပြနိုင်ခဲ့တာလဲ ဒီမှင်စာလေး ရဲ့  အရေးအသားကြောင့်လား  မသိပါဘူး။ ထားတော့။
ဒီအကြောင်းတွေကို  အ၀င်းနဲ့ ပြန်ပြောရင်းနဲ့   မေ့နေတဲ့ အကြောင်းတခုကို သူပြောမှ ပြန်သတိရမိတယ်။ ဒါကတော့ ရေခဲချောင်းစက်ဖွင့် တဲ့နှစ်မှာဘဲ အဲဒီရှင်ပြုနားသပွဲ လုပ်တာပါတဲ့။ ဒီပွဲမှာ လာတဲ့ ဧည့်ပရိဿတ်ကို ကျွေးမွေးဘို့  ကူဖီးလ် လုပ်ပြီးဧည့်ခံခဲ့တာတဲ့။
ရှင်ပြုပွဲ ကိုသိသလောက် လေးကြိမ်လောက်လုပ်ဖူးတယ်။ ပထမဆုံးအကြိမ်ကတော့ ကိုရဲတို့  အဖွဲ့  ရှင်ပြုပြီး အ၀င်းတို့  အဖွဲ့  နားသတာပါ။ နောက်နှစ်တော်တော်ကြာတော့မှ ကိုတင့်လွင်တို့ အဖွဲ့  ရှင်ပြုပြီး မချိုတို့ အဖွဲ့  နားသတာပါ။ ဒါ ဒုတိယအကြိမ်ပေါ့။ တတိယကြတော့ ဦးပညာစာရကို ရဟန်းဘောင် တင်တဲ့ ပွဲပေါ့။ စတုတ္ထကြတော့ ကိုဖိုးသူတို့ ရှင်ပြု၊ မလွင်မာဦးတို့ နားသတဲ့ပွဲပါ။ ဒီနောက်တော့ ကိုချစ်ခိုင်၊ ကိုမောင်မောင်၊ ကိုနေမျိုးတင့် တို့  မကြာခဏ ရဟန်းခံကြတယ်လို့  သိရပါတယ်။ နောက်ဆုံးကတော့ကိုအောင်ကြည်မင်း၊
ကိုကျော်လွင်၊ ကိုမောင်မောင်တို့   ဗုဒ္ဓဂယာမှာ ၀တ်ကြတာနဲ့တူပါတယ်။
ကဲ...ပထမဆုံးပွဲ ကို စလိုက်ကြရအောင်လား။
ဒီပွဲက ကြာပြီဖြစ်တော့ အမှတ်ရတာလေး နည်းနည်းပါးပါးဘဲ ရှိပါတယ်။  ရှင်လောင်းနဲ့  နားသမဲ့ သူတွေကို ဒီတုံးက စလွန်းကားတွေနဲ့ အလယ်တိုက်ကြီးကိုသွားပြီးလုပ်တာပါ။  ကားတွေ တော်တော်များတယ်။  အိမ်ကနေတန်းစီပြီးထွက်တာ။ မှတ်တမ်းဓာတ်ပုံတွေရှိသေးလား၊ မီးထဲပါသွားပြီလားတော့ မသိတော့ဘူး။ ပုံ အကြီးအတွက်တော့ ဒီတုံးက ရိုက်နေကြ စိန်ဓာတ်ပုံတိုက်မှာ ရိုက်ခဲ့ တာပါ။ နားသတဲ့ အ၀င်း၊ သန်းသန်းတင့် ၊ မနှင်းတို့  ကိုပြင်ဆင်မိတ်ကပ်လိမ်းပေးတဲ့သူက ကြေးဆိုင်က မမြရွှေ ပေါ့။ စိန်ဓာတ်ပုံတိုက်မှာ ဓာတ်ပုံရိုက်မယ်လုပ်နေတုံး သူကဘေးကနေ၀င်ပြီးပြင်လိုက်တဲ့ အတွက် သူ့  ပုံပါဓာတ်ပုံထဲပါလာလို့  မှတ်မိနေတာပါ။ ဒီတုံးက ပထမဆုံးပွဲဆိုတော့ ကြီးကြီးကျယ်ကျယ်
လုပ်ဖြစ်ပါတယ်။ ၀ိုင်းအလယ်မှာမဏ္ဍပ်ကြီးထိုးပြီး လုပ်ခဲ့တာပါ။ကျွန်းထဲက လာကူကြသူတွေလဲ အများကြီးဘဲ။ အချက်အပြုတ်ကိုတော့ ဘကြီး သဲ ကဦးဆောင်လုပ်တယ်လို့  မှတ်မိတယ်။ ဘကြီးသဲ ဆိုတာ ဒေါ်ဝက်ရဲ့   ခင်ပွန်းပေါ့။ ရှင်ပြုနားသပွဲ ပြီးတဲ့ ညမှာ လာကူတဲ့ သူတွေကို ပစ္စည်းတွေမဲဖေါက်ပြီး လက်ဆောင်ပေးခဲ့တယ်။ အပျော်ပေါ့။ ပစ္စည်းကလည်းအစုံဘဲ။ ဒီတုံးက ကလေးတွေသိပ်တဲ့ ကြိမ်နဲ့လုပ်ထားတဲ့
 ဆောင်ပန်း ( ပုခက်) ကြီးတခုလဲပါတယ်။ ကျွန်းထဲက လာကူတဲ့ အပျိုလေးတယောက်မဲ နိုက်လိုက်တာ ပေါက်မဲက မွေးစ ကလေးတိုက်တဲ့ နို့  ဗူးပေါက်လို့  အားလုံး  ၀ါးကနဲ ရီလိုက်ကြတာကို မှတ်မိနေသေးတယ်။
ဒုတိယပွဲကတော့ " တခါသား(၂) " မှာ အစဖေါ်ခဲ့တဲ့ပွဲပေါ့။ ဒီပွဲ အကြောင်းမရေးခင် နိဒါန်းလေးတော့ ပျိုးလိုက်ပါရစေဦး။ ဆန်းသိရိ ရုပ်ရှင်ရုံနားမှာနေတဲ့ ဘဘဦးဘသန်းရဲ့  ညီမ " ဖွါးလေး" ဆိုတာရှိတယ်။  သူ့  ခါးကိုတို့လိုက်ရင် သူက ယောင်ယောင်ပြီး အော်တတ်တယ်။ ကိုချစ်လှိုင်ဆို သူအိမ်ကိုလာပြိဆိုရင် သူ့  ခါးကိုတို့လိုက်ပြီး ဘေးက ပါးစပ်ဆိုင်း တီးပေးတတ်တယ်။ လက်က လက်ခုပ်တီးပေးတယ်။ အဲဒါဆို ဖွါးလေးက ကွေးနေအောင် ကတော့တာဘဲ။လက်တကွေး နှစ်ကွေးလောက်ကပြီးမှ"ဟာဒီကောင်လေးကလဲ"ဆိုပြီးအကရပ်သွားတာ။
 အဲသူငယ်ငယ်က ယောင်ယောင်ပြီး အော်တာက" ကျော်တင့် စောလှိုင်ညီလေး"လို့ အော်တတ်တယ်တဲ့။ငါကတော့မကြားဘူးပါဘူး။
 သူများတွေပြောလို့  သိတာပါ။
 အဲ... အဲဒီ  ဦးညီလေးက ပျောက်သွားတာကြာပြီ။ ဘယ်မှာနေလို့ နေမှန်းလဲမသိဘူး။ နှစ်ပေါင်း အများကြီးကိုကြာခဲ့တာပါ။ နောက်တော့ ဘဘဦးကျော်တင့်တို့  က လိပ်စာဘယ်လိုရလဲမသိဘူး။ ရန်ကုန်ရောက်တော့အဲ ဒီလိပ်စာနဲ့  ရှာပြီး  သွားတွေ့  ကြတယ်။
 တောင်ဥက္ကလာမှာနေတာ။  တွေ့  တော့ ရှေးဖြစ်နောက်ကြောင်းတွေ ပြောကြဆိုကြနဲ့  ပေါ့။ ပြီးတော့ " ဒီနှစ်သင်္ကြန်မှာ ငါ့သားတွေရှင်ပြုမှာ။
 မင်းပခုက္ကူလာခဲ့။ သူတို့လဲလာမှာဆိုပြီး"  တို့နဲ့  ချိတ်ပေးတယ်။  သူကလည်းလာမယ်ပေါ့။ ဒီတော့ ဘယ်နေ့ သွားဖြစ်မယ်။ ရထားနဲ့  ပေါ့။ အဲဒီ ဦးညီလေးက အဲဒီနေ့  မင်းတို့ အိမ်ကစေါင့်နေ။ ငါကားငှားလာပြီး မင်းတို့ ကိုပါခေါ်မယ် လို့ ပြောတယ်။ တို့  ကလည်း အိုကေ ပေါ့။
ဘူတာဆင်းတဲ့ နေ့  ကြတော့၊ ကိုချစ်လှိုင်ရော ကိုရဲပါ လိုက်မှာမို့  လူများနေတာနဲ့  ငါက ပစ္စည်းတွေနဲ့  စောစောဆင်းလာခဲ့တယ်။ ရထားက ညနေ လေးနာရီခွဲ ထွက်တာပါ။  လေးနာရီသာသာလောက်ကြတော့ တွဲထိုးပြီ။  ဒီအချိန်ထိ ဘယ်သူမှာပေါ်မလာကြသေးလို့ ငါတယောက်ထဲ ပစ္စည်းတွေတင်ရတယ်။ ပစ္စည်းတွေ ရထားပေါ် ရောက်တော့မှ အေးအေးဆေးဆေးထိုင်ရင်း သူတို့  အလာကိုမျှော်နေမိတာပေါ့။  လေးနာရီ
ကလည်းခွဲ ကာနီးလာတော့ ပစ္စည်းတွေပြန်ချရမလား၊ တယောက်တည်းဘဲလိုက်သွားရကောင်းမလားနဲ့  ဘာလုပ်ရမှန်းမသိဘူး။ လည်တဆန့်  ဆန့်နဲ့  ပေါ့။ခေါင်းတွဲကလည်း လာမဆက်သေးတော့ရထားမထွက်ပါစေနဲ့  ဦးလို့  ဘဲ ဆုတောင်းနေရတာပေါ့။သူတို့တတွေ၅နာရီ
ထိုးကာနီးမှ ပေါ်လာကြတယ်။ ရထားသာအချိန်မှန်ရင် ဘယ်မှီမလဲ။ ဘာလို့  နောက်ကျနေလဲ ဆိုတော့ ဦးညီလေး လာတာနောက်ကျလို့တဲ့။ ကိုရဲက မစောင့်တော့ဘူး၊ ကိုယ့်ဖာသာ ကားငှားသွားရအောင်ဆိုပြီး အိမ်ကအထွက်ကြတော့မှ ရောက်လာတယ်တဲ့။  သူတို့  ရောက်လာတော့မှ ငါလည်း စိတ်အမောပြေသွားတယ်။  ရထား ထွက်နိုး၊ ထွက်နိုးနဲ့  စောင့်လိုက်ရတာ အဲဒီနေ့ ညနေ ခြောက်နာရီခွဲ လောက်မှ ရန်ကုန်ဘူတာ
ကထွက်ဖြစ်တယ်။ ဒါကတော့ ဒီပွဲမှာ  ဦးညီလေးပါလာရတဲ့ အကြောင်းပါ။
တို့  ပခုက္ကူ ရောက်တော့ မှ ဖိတ်စာကို ဖတ်ဖြစ်တယ်။ ပြောခဲ့ တဲ့ အတိုင်းပေါ့။ သားလှရတနာ မောင်တင့်လွင်တင့်၊ မောင်ကျော်လွင်တင့် စသည်ဖြင့်ပေါ့။ အဲဒီ ဖိတ်စာကို ဖတ်ပြီး ကိုကျော်လွင်က ကလေးချင်းဘာပြောသလဲဆိုတော့ " တင့်လွင်က အသားဖြူလို့  သားလှရတနာ လို့  ရေးတာနေမှာ ။တို့   ကြတော့ မပါဘူး"  လို့  ပြောသံကြားတယ်လို့  သူ့  သားပြောတာကို သဘောကြပြီး ဘဘဦးကျော်တင့်က တို့  ကိုပြန်ပြောပြတယ်။ ဒီအစလေးကို ထုတ်ခဲ့ တာ ဘယ်သူမှမဆွဲ ကြဘူး။ ကဲ...ထားတော့။
               ဒါကတော့ ပန်းစွာတိုက် ဆွမ်းစားဆောင်မှာ သင်္ကန်းတောင်းပြီး ကိုရင်ဝတ်နေတုံးကပေါ့။
 သူတို့  ကိုရင်ဝတ်ပြီးတဲ့ အချိန်မှာ ဆရာဦးလှမြင့်က နားဖေါက်ပေးတယ်။ အငယ်ဆုံး မဥမ္မာက စပြီးနားဖေါက်ပါတယ်။ လှခြင်လွန်းလို့  လားမသိဘူး။ မဥမ္မာဖြင့် တစက်လေးတွန့် သွားတယ်မရှိဘူး။
                                 မဥမ္မာ ပြီးတော့ မချိုကိုနားဖေါက်တယ်။ နည်းနည်းတော့ ကြောက်တဲ့ ပုံပေါ်တယ်။
တတိယဖေါက်တာကတော့ မိထား။ သူကတော့ ပိုပြီးကြောက်နေသလိုဘဲ။ ချွေးတွေကိုပြန်လို့  ။ မသီတာကြတော့ ကြောက်လို့  ငိုပြီး ရုံးနေတာနဲ့  ၀ိုင်းကိုင်ပြီး ဖေါက်ရတော့ ဓာတ်ပုံတောင်ရိုက်လို့မရဘူး။ ဒါကြောင့် သူ့  ဓာတ်ပုံ မပါတာ။
ဒါကတော့ ကိုရင်ဝတ်ပြီး ၊  တရားပွဲ မစခင် ကျောင်း ခေါင်းရင်းက ရေကန်ကြီးဘေးနားမှာ ရိုက်ထားတဲ့ ပုံတွေပါ။ ဒီအချိန်မှာ နားမဖေါက်ရသေးပါဘူး။
                                                         အလှူတရားပွဲ စကာနီးအချိန်မှာ ရိုက်ထားတဲ့ပုံပါ။
သူတို့တတွေ ကိုရင်က ထွက်လာကြပြီး တို့  တတွေ ရန်ကုန် မပြန်ခင် အမှတ်တရ အားလုံးစုပြီး ဓာတ်ပုံရိုက်ဖြစ်ပါတယ်။
အဲဒီပုံမှာ လူတော်တော်စုံတယ်။ အားလုံး ၂၉ ယောက်ရှိတယ်။ ဒီထဲက တ၀က်လောက် ခု မရှိကြတော့ဘူး။  နောက်ဆုံးတန်း ဦးလေးသိန်းက အစ ကိုရဲ အဆုံး ၇ယောက်မှာ ကိုရဲ တယောက်ဘဲကျန်တော့တယ်။ ( ဦးညီလေး အကြောင်း ဘာမှမကြားရတော့ပေမဲ့ မရှိလောက်တော့ ဘူးလို့ ယူဆပြီးပြောတာပါ။) နောက် သုစံ အစ ကိုရဲဆွေ အဆုံး၈ယောက်ရှိတဲ့ အထဲမှာတော့ ၅ယောက်ဘဲကျန်တော့တယ်။ ထိုင်နေတဲ့ မစောမြင့်လှိုင်အစ မနှင်းအဆုံးမှာတော့၇ ယောက်ရှိတာမှာ၂ ယောက်ဘဲကျန်တော့တယ်။ ရှေ့  ဆုံးတန်း ဖျာပေါ်မှာထိုင်နေကြတဲ့ ကိုကျော်လွင်အစ ကိုတင့်လွင် အဆုံး၇ ယောက်ကတော့ အားလုံးရှိကြပါတယ်။  တနေ့ တော့ ခွဲ ခွါ ကြရမှာမို့ ရှိကြတုံးမှာ တယောက်နဲ့  တယောက် သည်းခံပြီး ချစ်ချစ် ခင်ခင် နေကြဘို့  လိုအပ်တယ်လို့  ထင်မိကြောင်းပါဗျာ။
                                 သုစံ
                                 သြဂုတ်လ၊ ၂၄ရက်၊ ၂၀၁၂ခု
Sunday, August 12, 2012
                                       တခါသားက " မလွယ်ဘူးဆရာ " (၂)
ဘာမှတ်ချက်မှတက်မလာတာထောက်ရင်  အင်း .. ရေးပုံ ရေးနည်းက စိတ်ဝင်စားစရာ တကွက်မှ မရှိလို့  လား။ မအားကြလို့ မဖတ်ဖြစ်ကြလို့ လား ။ အေးလေ...ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ်ပေါ့။ စက်ပို့တဲ့ အကြောင်းတော့ ဆက်ရေးမှ ဒီအကြောင်းပြည့်စုံမှာဖြစ်လို့  ဆက်ရေးရအုံးမှာဘဲပေါ့။
ဦးကြည်က နေရာကြည့်ပြီး လုပ်လို့ ရတယ်ဆိုတော့ လုပ်ဘို့ အော်ဒါချပေးလိုက်တာပေါ့။ သူတို့  လုပ်တာ ဖေဖေါ်ဝါရီလ လောက်ဆို အားလုံးပြီးသွားပြီ။ ဒီတော့ ပခုက္ကူ ပို့ဘို့  စီစဉ်ရတာပေါ့။ ဘဘဦးကျော်တင့်ရဲ့  မိတ်ဆွေ ဦးကျော်မောင် ဆိုတာ ကျောက်ပန်းတောင်းကို
 ပြောင်းသွားပြီး ကုန်တင်ကားပိုင် ဖြစ်နေတယ်။ အညာနဲ့  ရန်ကုန်နဲ့  လဲ ပြေးဆွဲ နေတယ်။ ဒီတော့ သူနဲ့ ဆက်ပြီး သူ့  ကားကိုငှားရတယ်။  ကားရတော့ တို့ ကုန်က ကားစီစာမရှိဘူး။ တ၀က်လောက်ဘဲရှိတယ်။ ဒီတော့ ပေါက်လမ်းက ဘိနပ်လုပ်ငန်းရှင် တယောက်နဲ့ စပ်ပြီး သူတ၀က်၊ ကိုယ်တ၀က် တင်ဘို့ စီစဉ်ရတယ်။ သူကဆိုးပြားတွေ တင်မှာဆိုတော့ ကားရှေ့ပိုင်းတ၀က်မှာ သူ့  ဆိုးပြားတွေတင်ခိုင်းလိုက်ရတယ်။ တကယ်တင်လာတော့ သူ့  ဆိုးပြားတွေက ၅ပုံ ၃ပုံ လောက်နေရာယူထားတော့ ကျန်တဲ့နေရာမှာဘဲ တို့  ကုန်တွေတင်ရတာပေါ့။ ရေအေး ထည့်ရမဲ့ ကန်က ၁ပေကျော်ကျော်လောက် နောက်ကိုထွက်နေလို့  နောက်တံခါးကို သံ ကြိုးနဲ့ သိုင်းထားရတယ်။
ဦးကြည်က သူ့  ရဲ့  စက်ဆရာ ဦးထွန်းမောင်ကိုထဲ့လိုက်တယ်။ ဦးထွန်းမောင်က လုပ်ငန်းကျွမ်းကျင်တယ်။ ဒီတော့ ပိုင်ရှင် ဦးကြည်က သူ့  စက်ဆရာကို ဘယ်လောက်မြှောက်စားထားသလဲဆိုရင်.. ဦးထွန်းမောင်မှာသမျှ၊ လဘက်ရည်ဖိုး၊ စီးကရက်ဖိုးအားလုံးကို စက်ရုံနားက လဘက်ရည်ဆိုင်မှာ စါရင်းမှတ်ခိုင်းထားပြီး လကုန်ရင် သူရှင်းပေးတယ်။ နည်းတယ်များတယ် ဘယ်တော့မှ မဆိုဘူး။ အဲဒီလိုဆက်ဆံတာ။
တို့ ရန်ကုန်က ထွက်မဲ့နေ့  က စနေနေ့  ။ မနက်စောစော ကုန်တွေတင်ပြီး စောစောထွက်ဘို့  စီစဉ်ထားတယ်။ စနေထွက်၊ တနင်္ဂနွေနေ့ လည်ညောင်ဦး၊ပုဂံ ရောက် ညနေဇက်နဲ့ကူး တနင်္လာနေ့ကုန်ချပေါ့။ ကားမှာက ဦးကျော်မောင်က မောင်း။ သူ့  စပါယ်ယာလေး
တယောက်ပါတယ်။ နောက်စက်ဆရာဦးထွန်းမောင်။ ပြီးတော့ ငါနဲ့  ကိုရဲနဲ့  လိုက်တာပေါ့။တကယ်ကျတော့ ဦးကျော်မောင်က သူ့  အဒေါ် သီလရှင်တယောက်လဲ လိုက်မယ် ဆိုတော့ ထွက်မဲ့အချိန်မှာစေါင့်နေရတာလေ။ မလာနိုင်လို့  ။ သီလရှင်ဆိုတော့ ဆွမ်းစားပြီးမှ
လာတယ်ထင်ပါတယ်။ နေ့ လည် ၁နာရီလောက်မှ ရန်ကုန်ကထွက်နိုင်တယ်။
ရှေ့  ခန်းမှာ သီလရှင်နဲ့  ဦးထွန်းမောင်ကိုလိုက်ခိုင်းပြီးတို့ နှစ်ယောက်ကတော့ နောက်ခန်းကုန်တွေပေါ်ထိုင်လိုက်ရတယ်။
 ဆောင်းမကုန်သေးဘူးမဟုတ်လား။ ဒီတော့ ကားမောင်းတဲ့ အရှိန်နဲ့ လေအေးတွေ တိုက်တာပေါ့။ နောက်ခန်းမှာ လေကွယ်အောင် ပစ္စည်းတွေ ရှေ့ မှာကာပြီး ပုလိုက်ရတယ်။ ကားက ကုန်အပြည့် ဆိုတော့ လမ်းကောင်း၊ ကားရှင်းရင်တောင် မိုင် ၂၀ လောက်ဘဲမောင်းနိုင်တာ။ အဲဒီညတော့ ပြည်တောင်မရောက်ဘူး။ အင်းမမှာ ညအိပ်ကြရတယ်။မနက်အစောကြီးထ ပြီးဆက်မောင်းလာတာ ဦးထွန်းမောင်က
 ပြည်ဇာတိဆိုတော့ ပြည် ရွှေဆံတော် ဘုရားအလွန် သူ့ အိမ်နားမှာ ခဏနားဖြစ်ကြတယ်။
ပြည်ကထွက်လာပြီး ပြည်အထွက်က ဆန်စက်တခုမှာခဏ ရပ်တယ်။ ဒီဆန်စက်က ဦးထွန်းမောင်ရဲ့ မိတ်ဆွေဆန်စက်။ အဲဒီမှ ရေခဲ ကန် ဘေးမှာ အအေးထိန်းဘို့ ထည့်ရတဲ့ စပါးခွံတွေကို ပါလာတဲ့ ဂုံနီအိပ်တွေနဲ့ ကြုံးထည့်ရတယ်။ အညာမှာ စပါးခွံ မရှိဘူးမဟုတ်လား။ ဦးထွန်းမောင် မိတ်ဆွေက အလကားပေးလိုက်တာပါ။ ပြီးတော့ ဆက်ထွက်လာကြတာပေါ့။ ဒိအချိန်က စီးပွါးရေးကို အစိုးရပိတ်ဆို့  ထားတဲ့ အချိန်။ ဆန်၊ စပါးတွေကို နယ်ကျော်ပြီးမသယ်ရဘူး။ သယ်တာတွေ့ရင် ထေါင်ဒဏ်ဘဲ။ မြို့  ၀င် မြို့  ထွက်တွေမှာ ဂိတ်တွေ ချပြီးလာသမျှကားတွေကိုစစ်ဆေးနေတဲ့ အချိန်ပေါ့။  အောင်လံ ဂိတ်ရောက်တော့ ရဲတယောက်က လာတာဘဲ။ လက်တဘက်ကနောက်ပစ်၊ တဘက်ကစပါးခွံအိပ်တွေကိုစမ်းကြည့်ပြီး ဘာတွေတုံး ဆိုမေးတော့တာဘဲ။  စပါယ်ယာလေးကလည်တယ်။ ရဲရဲ့  နောက်ပစ်ထားတဲံ လက်ထဲကို ပိုက်ဆံ ထည့် ပေးလိုက်ပြီး  " ဘာမှမဟုတ်ပါဘူး။ ရေခဲစက်မှာသုံးဘို့ စပါးခွံတွေပါ။  " ဆိုတော့  " အေး..အေး..သွား  သွား " ဆိုလို့  တို့  ဆက်ထွက်ခဲ့ရတယ်။
အောင်လံမြို့  နယ်ကျော်လာပြီး ဆင်ပေါင်ဝဲ မြို့  နယ်ကိုဖြတ်ခဲ့တော့ ကားလမ်းကအလယ်ရိုးမပေါ်ကိုတက်နေပြီ။ဒီတော့ တောင်ဆင်း
တောင်တက်တွေ၊ အကွေ့ အကောက်တွေနဲ့ပေါ့။ ကားကလဲဖြည်းဖြည်းဘဲမောင်းနိုင်ပါတော့တယ်။ဆင်ပေါင်ဝဲမြို့ နယ်ကိုကျော်ပြီးရင်
 တောင်တွင်းကြီမြို့နယ်လေ။ နီးပြိပေါ့။ တောင်ကုန်းတကုန်းကိုအတက် တောင်ထိပ်လဲ ရောက်ရော ဗြုံးဆိုတဖက်ကလာတဲ့ပစ်ကပ်ကားလေးနဲ့  ၀င်တိုက်မိတယ်။ တို့  ကားက ၅တန်ကား။ ကုန်အပြည့်နဲ့ဆိုတော့ ဘာမှမဖြစ်ဘူး။ "  တုံး "ဆိုမည်သွားတာတခုဘဲရှိတယ်။ ပစ်ကပ်ကားလေး
 ရှေ့ ဘီးဝင်ရိုးကတော့ ကျိုးသွားတယ်။ လမ်းမှာ သူ့ဘက်ခြမ်းက ချိုင့် ကြီးတခုရှိနေတော့ သူက ချိုင့်ကို ရှောင်မောင်းလိုက်တာမှာ တို့  ကားရဲ့
 နောက်ဘီးက ဒစ်ဝှီးနဲ့  တိုက်မိတာဆိုတာ ဆင်းကြည့်တော့မှသိရတယ်။ သူတို့ ကားက မြန်မာ့ရေနံဌာနက။ ကားကလဲ မောင်းမရတော့ ရဲကိုအကြောင်းမကြားလို့မရတော့ ဘူး။ တောင်တွင်းဘက်ကလာတဲ့ကားတစီးကိုစေါင့်စီးပြီး ရဲစခန်းရှိတဲ့ ဆင်ပေါင်ဝဲ လမ်းခွဲ ကိုသူတို့
လိုက်သွားရတယ်။ အဲဒီကရဲကလည်း အောင်လံ ဘက်ကတက်လာတဲ့ ကားကြုံ နဲ့  မှာ တို့ကားတိုက်တဲ့နေရာကို လိုက်လာနိုင်တယ်။
အကြာကြီးပေါ့ စေါင့်လိုက်ရတာ။
ရဲတွေရောက်လာတော့မှ ပေကြိုးတိုင်းဘာတိုင်းနဲ့ တို့ ကားမမှားဘူး။ သူတို့ ကားလေးကမှားတာပေါ့။ အမှုဖွင့်မယ်ဆိုတော့မှ ဦးကျော်မောင်က သူတို့  ကားပြင်ရင်ဘယ်လောက်ကုန်မလဲ။ သူပေးမယ် ဆိုမှ အမှု မဖွင့်ဘဲ ပြီးသွားတယ်။ နောက်မှ ဦးကျော်မောင်က တို့ ကိုရှင်းပြတာက အမှုဖွင့် ရင် ဆင်ပေါင်ဝဲကို အပါတ်စဉ်သွားရမယ်။ အလုပ်ကပျက်မယ်။ အမှုကဘယ်လောက်ကြာမယ်မသိဘူး။ ပြင်ခ ပေးလိုက်ရတာက ပိုသက်သာမယ်လို့  ရှင်းပြတယ်။
ကံဆိုးပုံများ ။ ပြောရအုံးမယ်။ ရဲတွေ ရောက်လို့  ပေကြိုးတိုင်းဘာတိုင်းနဲ့ လုပ်နေတုံး နွားအုပ်တအုပ်က အနားကဖြတ်သွားတယ်။နွားတွေ တကောင်နဲ့ တကောင် တိုးရင်း ခွေ့ ရင်းနဲ့ နွားတကောင်ကလဲကျသွားတယ်။ အဲဒီနွားကို နောက်နွားတကောင်က တက်နင်းလိုက်တာ
 ပေါင်ရိုးက တင်ပါးဆုံခွက်ထဲကထွက်သွားတယ်ထင်ပါတယ်။ နောက်ညာဘက်ခြေထေါက်ကတန်းတန်းကြီးဖြစ်သွားပြီး မထေါက်နိုင်
တော့ဘူး။ တောင်ကုန်းပေါ်ဆိုတော့ နောက်ကလိုက်လာတဲ့ နွားရှင်က အနိမ့်မှာရောက်နေလို့ မမြင်လိုက်ဘူး။ သူတောင်ကုန်းပေါ်ရောက်တော့မှ သူ့ နွားကိုတွေ့  လိုက်တော့ မှ " ငါ့ နွား  ကားတိုက်မိတာလား " ဆိုပြီးတို့  ကားဘက်လှမ်းမေး နေလို့  ရှင်းရသေးတယ်။ကားတိုက်မှု မှမပြီးသေး၊ နွားတိုက်မှုက ပေါ်အုံးမလို့  ။ ရဲတွေက လည်းရှိနေတော့နွားရှင်လည်း ဘာမှမပြောတော့ဘဲထွက်သွားတယ်။ ကဲ ကြည့်။
 ပြဿနာများ ဖြစ်ချင်ရင် ဘယ်လိုမှတားမရဘူး။ ဒီလိုကြုံရလေ မြန်မြန် ပခုက္ကူ ရောက်ချင်လေဘဲ။ စိတ်ထဲမှာ ကလိ...ကလိနဲ့ နေလေဘဲ။ ဘာမှလဲလုပ်မရနဲ့  စဉ်းစားသာကြည့်ကြပါတော့။
ကားတိုက်တဲ့ ကိစ္စ ရှင်းပြီးတော့ ဆက်မောင်းလာကြတယ်။ တောင်တွင်းကျော်လို့မကွေးရောက်ခါနီးတော့ မှောင်လာပြီ။ ဦးကျော်မောင်အိမ်က
 ကျောက်ပန်းတောင်းမှာမို့ ကျောက်ပန်းတောင်းကို အရောက်မောင်းတော့တယ်။ လမ်းမှာတော့ ဂိတ်ကလေးတွေဖြတ်ရတာတော့ ရှိတယ်။ ဂိတ်ကလေးဆိုတာက တဲသာသာလေး။ ရှေ့  မှာ မီး အနီ တလုံးထွန်းထားတယ်။ တာဆိုရင်ဂိတ်ဘဲ။ တဲထဲမှာ မော်တော်ပီကယ်နဲ့ အဖွဲ့ ထိုင်နေကြပြီး ဘာတွေလုပ်နေကြလဲတော့မသိဘူး။ ဘေးမှာ မော်တော်ပီကယ် ဦးထုပ်အဖြူတလုံး မှောက်ပြီးချထားတယ်။ မီးနီတွေ့  ရင် ကားကိုရပ်၊ စပါယ်ရာက ဆင်းပြီး အဲဒီ ဦးထုပ်ဖြူ အောက်ကို ပိုက်ဆံ သွားထည့် လိုက်ရတယ်။ ဒါဆိုရင် ဒီဂိတ်ကိစ္စပြီးသွားပြီ။ နောက်မီးနီ
တခုတွေ့ရင်လဲ ဒီလိုဘဲလုပ်ပေတော့။ ကုန်ကားသမားတွေက ဒီလမ်းကို အသွားအပြန် သုံးနေရတာ။ မပေးလို့ကတော့ အညစ်ခံရပြီသာမှတ်။ ဒီလိုနဲ့ ကျောက်ပန်းတောင်းကို မိုးချုပ်ချုပ်မှာရောက်ကြတယ်။  ဦးကျော်မောင်အိမ်မှာဘဲ တညနားကြရတာပေါ့။
နောက်နေ့ နံနက်စောစောထပြီး ညောင်ဦးကိုထွက်မယ်ဆိုတော့ ကားက ကပ်တောက်ကချို့  ယွင်းနေရော။ ကပ်တောက်ဆိုတာ အင်ဂျင်စနိုးရင် ဘက်ထရီက အားကို ယူပြီး စက်ကိုစလှည့်ပေးတယ်။  စက်နိုးသွားပြီဆိုရင် စက်နဲ့ တွဲထားတဲ့ ဒိုင်နမိုကအားနဲ့  ဘက်ထရီကိုအားပြန်သွင်းပေးတဲ့ ပစ္စည်းလေးတခုပေါ့။ ဒါချို့  ယွင်းနေတော့ ဘက်ထရီ အားပြန်မ၀င်တဲ့အပြင်ဘက်ထရီကအားကိုထုတ်သုံးနေလို့  ဘက်ထရီ ချက်ခြင်း
အားကုန်သွားမှာ။ ဒါဆိုဟွန်းလဲတီးမရ၊ စက်ရပ်သွားရင်လဲ ပြန်နိုးမရ ဖြစ်မှာဆိုတော့ ဒါလေးကိုကောင်းအောင်ပြင်နေရတာပေါ့။ ဒါနဲ့ ကျောက်ပန်းတောင်းက နေ တော်တော်နဲ့ မထွက်ဖြစ်ပြန်ဘူး။ စိတ်ထဲမှာ ကလိ..ကလိ  က ဂလိ..ဂလိဖြစ်လာရော။ ဒါပေမဲ့ ဘာမှ
မတတ်နိုင်ဘူးလေ။ ပြင်ပြီးအောင်စေါင့်ရတာပေါ့။ နေ့လည် ၁၁ နာရီလောက်မှ ကျောက်ပန်းတောင်းက ထွက်လာနိုင်တယ်။
ကဲ အဆင်မပြေတာတွေ ဒီလောက်နဲ့  ဘဲ ပြီးပါစေတော့  လို့ စိတ်ထဲကဘဲ ဆုတောင်းလာရတယ်။ ဒီတုံးက ပုဂံ ဗူးဘုရားဆိပ်ကနေ ပခုက္ကူ သမ၀ါယမအသင်းကဆွဲတဲ့ ဇက်နဲ့  ကျွန်းချောင်းကိုကူးရတဲ့အချိန်။ဇက်ဆိပ်ကိုရောက်တော့ ကုန်ကားတွေမှ အများကြီး။ ဇက်ကလည်း
ထွက်သွားတာ ရေလည်ရောက်နေပြီ။ သွားစုံစမ်းတော့ ကားကများလွန်းလို့  အရင်ရောက်နှင့်ပြီးကားတွေကို ဦးစားပေးတင်မှာမို့ တို့  ကားက နောက်နေ့တောင်ပါဘို့မသေခြာသေးဘူး။ဆီကလည်းရှားတဲ့အချိန်ဆိုတော့ကားတွေဘယ်လောက်များများတနေ့ နှစ်
ခေါက်ဘဲကူးပေးတာကိုး။ဒီသတင်းကြားတော့  ဖူး...ဆိုပြီးရင်ထဲက လေပူကြီးကိုအရှည်ကြီးမှုတ်ထုတ်လိုက်မိတယ်။ ကဲ ..မဖြစ်ဘူး၊
 ပခုက္ကူကို ဖုန်းဆက်မှဆိုပြီး ဦးကျော်မောင် ကားနဲ့ ဘဲ ဖုန်းရုံးကိုသွားကြတယ်။ အဲဒီကဖုန်းဆက်ပြီး အကျိုးအကြောင်းကိုပြောပြ။ ကျွန်းချောင်းဓာတ်မြေသြဇာ စက်ရုံက ဇက်ကို အကူအညီတောင်းလို့ ရမလား ပေါ့။  ပခုက္ကူကနေ စက်ရုံကိုမေးကြည့်အုံးမယ်။
 ပြန်ဆက်မယ်ဆိုတာနဲ့ ဖုန်းရုံးကဘဲ စေါင့်နေကြတယ်။ ၁၅မီးနစ်လောက်ကြာတော့ ပခုက္ကူက ဖုန်းပြန်လာတယ်။ VIP လာလို့ ဇက်က စက်ရုံမှာ stand by စောင့်နေရတယ်။ မထွက်နိုင်ဘူးတဲ့။ မင်းတို့ ညောင်ဦးမော်တော်စီးပြီးသာပြန်လာခဲ့။ ဦးကျော်မောင်တို့   အဆင်ပြေတဲ့ အချိန်လိုက်လာလိမ့်မယ်ဆိုတာနဲ့ တို့လဲ ဖုန်းရုံးကနေ မြင်းလှည်းငှား၊ ညောင်ဦးမော်တော်ဆိပ်ကနေ ပခုက္ကူ ကူးခဲ့ရတယ်။ ကဲ...အဲဒီလို...အဲဒီလို  စက်ကိုသယ်ခဲ့ရတာ။
တို့ ပခုက္ကူရောက်ပြီး ၂ရက်လောက်ရှိမှ ကားကကူးလာနိုင်တယ်။ ဒီကြားထဲမှာတော့ ဖေါင်ဒေးရှင်းကိစ္စတွေ၊မီတာတွေ ကိုစစ်ဆေး
ထားရတာပေါ့။ ဦးထွန်းမောင်က သူ့  အလုပ်ကိုပိုင်တယ်။ ရောက်လာပြီးစက်ကိုဆင်တာ ၂ရက်လောက်နဲ့  ပြီးတယ်။ ၃ရက်မြောက်ရောက်တော့ စက် စပြီးလည်နိုင်ပြီ။ ပခုက္ကူရဲ့ ရေ အပူချိန်က၂၄ဒီကရီ စင်တီဂရိတ်လောက်ရှိမယ်။ တဖြည်းဖြည်းချယူရတာ ၄ - ၅ရက် လောက်ရောက်မှ
 ရေခဲမှတ်အောက် - ၁၀ဒီဂရီ စင်တီဂရိတ်ရောက်တယ်။ ပါလာတဲ့ ရေခဲချောင်းခွက်ထဲကို ရိုးရိုး ရေထည့်ပြီး ၅မီးနစ်လောက်မျှောလိုက်တာ
အချိုအချဉ် ဘာမှမပါတဲ့ ရေခဲချောင်းတွေထွက်လာတာပေါ့။ တာကိုဘဲ အားလုံးဝမ်းသာအားရ ၀ိုင်းစားကြတာလေ၊အိမ်ရှေ့ က မမကြူတို့တောင် အပြေးအလွှားလာစားတာတွေ့  မိပါရဲ့  ။
အင်း...ဖတ်ရတာ ပျင်းသွားပြီလား။ စိတ်မောသွားပြီလားမသိဘူး။ အပျင်းပြေ၊ အမောပြေသွားအောင် ၁၉၇၅ခုနှစ် သားလှရတနာ ကိုတင့်လွင်၊ ကိုကျော်လွင်၊ ကိုမောင်မောင်တို့  ရှင်ပြုပွဲ၊ သမီးလှရတနာများဖြစ်ကြတဲ့ မိထား၊ မချို၊ တာကြီး၊မာကြီးတို့ နားသမင်္ဂလာပွဲ အပြီးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်လိုက်ပါတယ်။
အော် ရေခဲစက်ထေါင်ခဲ့ တာ မနေ့  တနေ့  ကလို့  စိတ်ထဲထင်ပေမဲ့  ဓာတ်ပုံတွေပြန်ကြည့်တော့မှ ကြာပြီကိုး လို့  သတိထားမိတော့တယ်။ ခုအချိန်မှာ စီးပွါးရေးဦးဆောင် ဦးရွက်လုပ်နေတဲ့ မဥမ္မာ ဆို ဒီတုံးက ချွတ်တိ ချွတ်တား ကလေးလေးဘဲ ရှိသေးတယ်။ သူ့ နောက်က ခေါင်းလေးဘဲပေါ်နေတာက ကိုမောင်မောင်လေ။
ဒီပုံတွေကြည့်တော့မှ ဒီတုံးက ပီဘိ ကလေးလေး တွေက ခု လူကြီးတွေဖြစ်နေပြီ။ အော်...သူတို့  တတွေ လူကြီးတွေဖြစ်နေပြီဆိုတော့ တို့ ကတော့ ရော?။ တို့ ကတော့ ကြီးလှပြီပေါ့။ ကြီးလှပြီဆိုလို့ ငယ်တုံးက မလှဘူးလို့ ဆိုလိုတာမဟုတ်ပါဘူးနော်။
 ကဲ...ကဲ...အားလုံး လှကြ၊ ၀ကြ၊ ပြုံးကြ၊ ပျော်နိုင်ကြပါစေ။
                      သုစံ
                      သြဂုတ်လ၊ ၁၂ရက်၊ ၂၀၁၂ခု
Sunday, August 5, 2012
                                   တခါသားက  "  မလွယ်ဘူး ဆရာ "
" သမိုင်းကို ဘာကြောင့် သင်ရတာလဲ "
" မအ, အောင်လို့  "
ဒီစကားကိုတော့ အားလုံး  ကြားဘူးကြမယ်ထင်ပါတယ်။  သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောသွားတဲ့ စကားပါ။
 သမိုင်းသင်တာနဲ့  ဘာလို့  မအ  တာလဲ။  ရှင်းပါတယ်။ အရင်တုံးက ဒီလို လုပ်ခဲ့ရင် ဒီလိုဖြစ်တယ်။ ဒါကိုဘယ်လိုလုပ်လိုက်ရင်တော့ ဘယ်လိုအပြောင်းအလဲ ဖြစ်သွားတာပေါ့  ဆိုတာသမိုင်းကို  လေ့လာရင်သိမှာ ဖြစ်လို့  ခု ဖြင့်  ဘယ်လိုလုပ်ထိုက်တယ်ဆိုတာ
 မှန်ကန်တဲ့ အဆုံးအဖြတ် တခု အလွယ်တကူ ချနိုင်တော့ တာပေါ့။ ဒါကြောင့် အနာဂါတ်ကို ကောင်းကောင်း တည်ဆောက်နိုင်အောင် အတိတ်က အဖြစ်အပျက် ကလေးတွေ ပြန်ပြောပြ နေတာပါ။ မှန်ရဲ့  မဟုတ်လား။ ဖတ်ပါ။ ၀ိုင်းဆွေးနွေးပြီး စာရေးသူကို အားပေးကြပါ။
ပြီးခဲ့တဲ့ ကျောင်းဖွင့်ရက် ကာလတုံးက အရောင်း အ၀ယ် ကောင်းလွန်းလို့ မနားကြရဘူး။ ပင်ပန်းကြတယ်။ ကိုဖိုးသူ ပြန်တဲ့နှစ်တုံးကလည်း ဒီလိုဘဲ။ အဒေါ်တွေနဲ့  စကားတောင် ကောင်းကောင်း မပြောခဲ့ရဘူးလို့ ပြန်ပြောကြတယ်။ ဗိုလ်နေ၀င်း အာဏာ မသိမ်းခင်တုံးကလည်း ဒီအချိန်ဆို အရောင်းအ၀ယ်ကောင်းတာပါဘဲ။ အိမ်ရှိလူကုန်ထွက်ရတယ်။ ဈေးနှုန်း မသိလို့ မရောင်းတတ်ဘူးဆိုတောင် အလစ်သုတ်တာ
မခံရအောင်ပေါ့။
ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတော့ အရောင်းအ၀ယ်တွေဟာ ခုလိုမဟုတ်ဘူး။ကျဆင်းလာလိုက်တာ။ တို့တဆိုင်ထဲ မဟုတ်ပါဘူး။ နေရာတကာ
မှာအားလုံးဆုတ်ယုတ်ကုန်တာပါဘဲ။ ၁၉၇၀ ကျော်လောက်ရောက်တော့ ဘဘဦးကျော်တင့်က တိုင်ပင်လာတယ်။ ခလေးတွေလည်း တဖြည်းဖြည်းကြီးလာကြပြီ။ သူတို့  အတွက် အလုပ်အကိုင်တွေ လည်းဖန်တည်းပေးရအုံးမယ်။ စာအုပ်ဆိုင်တခု တည်းနဲ့တော့ မဖြစ်တော့ဘူး။ လဘက်ရည်ဆိုင်ဖွင့်ရရင်ကောင်းမလားပေါ့။
ဒီတုံးက ပခုက္ကူ အခြေအနေလေးလည်းသိထားမှ။ ဒါမှ ဒီဇတ်လမ်းကရည်လည်မှာ။ ဒီအချိန်မှာ စီးကရက်စက်ရုံ အသစ်ကြီးကလည်းဖွင့်ပြီ။ ကျွန်ချောင်းမှာလည်း ဓါတ်ငွေ့ တာဗိုင်စက်ကထုတ်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ လည်နေပြီ။ ပခုက္ကူကိုလည်း 11KV လျှပ်စစ်ဓါတ်
အားလိုင်းဆွဲနေပြီပေါ့။  ဟိုးအရင်တုံးက ခန်တောရပ်က ဒီဇယ်အင်ဂျင်နဲ့ မီးပေးရာက နောက် လောပီတာရေအားကရတဲ့လျှပ်စစ်ဓါတ်
အားပေးတယ်။ နည်းနည်းလေး မီးအားကောင်းလာတယ်ပေါ့။ အဲဒီအချိန်က တမြို့  လုံးအနေနဲ့တောင် လျှပ်စစ်မီးအသုံးကနည်းသေးတော့ ပါဝါမီတာတောင် ခုလျှောက် ခုရတဲ့အချိန်။ဒီတုံးက ရေတင်ဘို့  ပါဝါမီတာ (၃) ကောင်အား လေးရထားတယ်။
တို့ကလည်း လဘက်ရည်ဆိုင်ဆိုတာ၊ လဘက်ရည် ဖျော်တဲ့သူနဲ့ မုန့်  လုပ်တဲ့သူက အခရာ။သူတို့ ကောင်းမှ ဆိုင်နံမည်ထွက်ပြီး
 ဒီလိုဆွေးနွေးကြည့်တာပေါ့။ အဲဒီမှာလဘက်ရည်ဆိုင်ဖွင့်ဘို့ ကိစ္စ အင်တင်တင်ဖြစ်သွားတယ်။ ဒါဖြင့်ရင် ဘာလုပ်ရင်ကောင်းမလဲပေါ့။
အဲဒီတော့ ငါက ဆွေးနွေးကြည့်တယ်။ ပခုက္ကူမှာက ရေခဲ ရှားတယ်လေ။ အဲဒီအချိန်တုံးကတပ်ကြားရပ်မှာအမိုးနီးယားနဲ့  လည်တဲ့
 စက်တစ်လုံးရှိတယ်။ အင်ဂျင်နဲ့  လည်တာပါ။ ဒီတော့ စားရိတ်က အလွန်ကြီးတယ်။ခု ပခုက္ကူမှာက လျှပ်စစ်မီးလည်း ကောင်းပြီ။
  ရေခဲကလည်းရှားတယ်။ ရေခဲစက်ထေါင်ပါလား။ လူတွေအများကြီးနဲ့လဲ ဆက်ဆံစရာသိတ်မရှိဘူးပေါ့။ကိုယ်ကရေခဲ ထုတ်ရောင်းယုံဘဲပေါ့။ အဲဒီတော့ ဘဘဦးကျော်တင့်က ကုန်ကျစါးရိတ်ဘယ်လောက်လောက်ရှိမလဲ။ ဘာတွေလိုမလဲ စုံစမ်းပေးပါလား။ စဉ်းစားကြည့်ကြတာပေါ့တဲ့။
စုံစမ်းရတာမခက်ပါဘူး။ ငါက အောက်စီဂျင်စက်ရုံမှာလုပ်နေတဲ့သူဆိုတော့ ၀ပ်ရှော့လုပ်ငန်းတွေ၊ စက်နဲ့ပါတ်သက်တဲ့လုပ်ငန်းတွေနဲ့  အဆက်အသွယ်ကရှိပြီးသားကိုး။ ကီလီလမ်းမှာရှိတဲ့ ဦးကြည် ဆိုတဲ့ သူက ရေခဲစက်ကြီးလည်းပိုင်တယ်။ ရေခဲစက်ကလေးတွေလည်း လုပ်ရောင်းတယ် ဆိုတာသိရတော့သူ့ကိုသွားဆက်သွယ်ပြီး စုံစမ်းလိုက်တာပေါ့။ ဦးကြည်ကလည်း တို့စက်ရုံက ဓါတ်ငွေ့  ၀ယ်နေတဲ့သူ
 ဆိုတော့ အဆင်ပြေပါတယ်။ လုပ်ဖြစ်အောင်လုပ်ဖို့လည်းအားပေးတယ်။အမိုးနီးယားသုံးစက်ဆိုရင်ကြီးနေမယ်။ ဖရီယွန်၂၂
 သုံးတဲ့စက်လုပ်ပေးမယ်။ ဘယ်လောက်တော့ကျမယ်ပေါ့။ သိရတာတွေကို ဘဘဦးကျော်တင့် ကိုပြောပြရတာပေါ့။ ဘဘက ရေခဲကြီးဘဲ ထုတ်ရောင်းတဲ့ စက်ဆိုရင် ပခုက္ကူမှာအလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မသေခြာတော့  ရေခဲလည်းထုတ်လို့ရ၊ ရေခဲချောင်း
ထုတ်ချင်တယ်ဆိုရင်လဲ ရတဲ့ စက်မျိုးလိုချင်တယ်ဆိုတော့ ဦးကြည်ကိုပြောပြရတာပေါ့။  ဦးကြည်ကလဲ ရတယ်၊ လုပ်ပေးမယ်လို့ပြောတယ်။
ဦးကြည်ရဲ့  ပုံကိုလည်းပြောပြုခင်သေးတယ်။ သူကတရုပ်လူမျိုး။ အသားကတော့ဖြူတာပေါ့နော်။ ပုပု၊ ၀၀၊ ခေါင်းမှာဆံပင်မွှေးက
 ၄-၅-၁၀ပင်လောက်ဘဲရှိမယ်ထင်ပါတယ်။ နည်းနည်းပျော်တတ်တယ်။လြုံခည်မ၀တ်တတ်ဘူး။  အမြဲ ဘောင်းဘီရှည်နဲ့  ။ အလုပ်တခုခု၊ အခက်အခဲ တခုခု တွေ့  ပြီဆိုလျှင် သူပြောနေကြစကားက " မလွယ်ဘူးဆရာ " ဆိုတဲ့ စကား။ ဒီစကားကိုသူကသုံးလွန်းလို့  ဒီစကားနဲ့ သူနဲ့ တွဲပြီး အမြဲမှတ်မိနေတာပါ။
နောက် တို့ မှာ မသေခြာတာက ပါဝါမီတာက ၃ကောင်ဘဲရှိတာရယ်။ နေရာဘယ်လောက်လောက်လိုမလဲလို့  မသိတာရယ်က
 ပြဿနာဖြစ်နေတယ်။ ဒီအကြောင်းကို ဦးကြည် ကိုပြောတော့ ပခုက္ကူကိုသူလိုက်ကြည့်ပေးမယ်။ ဆရာမလိုက်နိုင်ရင် တယောက်ယောက်
ထဲ့ပေးလိုက်ပါလို့သူကပြောတယ်။ သူ့  တောင်းဆိုချက်ကိုကြားရတော့ အံ့အားသင့်သွားတယ်။ တခါမှလဲမရောက်ဖူးဘူး။ ငါကလွှဲပြီးတော့လဲ တယောက်မှသူမသိဘူး။ ရေခဲစက် လုပ်ဖြစ်မယ် ဆိုတာလဲမသေခြာသေးဘူး။ စုံစမ်းနေတဲ့ အဆင့်ဘဲရှိသေးတာ။ တရုပ် စီးပွါးရေးသမား
တယောက်ရဲ့ဆောင်ရွက်ချက်က ဒိလိုပါလားဆိုတာသိခဲ့ရတယ်။
 ဒါနဲ့ ပခုက္ကူကိုလဲပြော၊ ငါလဲမလိုက်နိုင်သေးတော့၊ ကိုချစ်လှိုင် ကိုလိုက်ခိုင်းရတာပေါ့။ ကိုချစ်လှိုင်ကဒီအချိန်မြောက်ဥက္ကလာရောက်နေပြီ။
 အော်....ဒီတုံးက ရန်ကုန် ပခုက္ကူ ခရီးစဉ်ကိုလဲပြောရအုံးမယ်။ခုခေတ်လို ကိုယ်ပိုင်ကားလေးနဲ့  သွားတဲ့အချိန်မဟုတ်သေးဘူး။ လူစီးကားတောင်ကောင်းကောင်းမရှိသေးဘူး။ မီးရထားစီးပြီး ရန်ကုန်က မြင်းခြံကိုသွားရတယ်။ မြင်းခြံရောက်တော့မှ ဘူတာက မော်တော်ဆိပ် ဆင်းပြီး မော်တော်စီး ပခုက္ကူသွားရတာ။ ရေနည်းတဲ့ နွေရာသီဆို ပခုက္ကူမကပ်နိုင်လို့  ကျွန်းတွေမှာကပ်ရပြီး အဲဒီကမှတဆင့် ပခုက္ကူကိုသွားရတာ။
ကိုချစ်လှိုင်နဲ့ချိန်းပြီး သူတို့နှစ်ယောက် မီးရထားနဲ့ သွားကြတာပေါ့။ ရထားမှာလဲ အထက်တန်းက အိပ်ခန်းတွဲ ဘဲပါတယ်။ ပြီးတော့ ရိုးရိုးတန်းပေါ့။ အထက်တန်းက တခန်းကို လေးယောက်စီး။ အိပ်လိုက်သွားယုံဘဲ။ နှစ်ယောက်အတွက်ကို ဦးကြည်က သူ့ပိုက်ဆံနဲ့ ၀ယ်ပြီးသွားတာ။ ပခုက္ကူမှာကြည့်ပြီး ကိုချစ်လှိုင် ပြန်လာတော့မှ အခြေအနေမေးရတာပေါ့။ ကဲ အောက်မှာ ကိုချစ်လှိုင်ပြောပြတာကို  ကိုချစ်လှိုင် ပြောပြနေသလို ရေးပြပါမယ်။
ကျွန်တော်တို့  အခန်းက လေးယောက်ခန်းဆိုပေမဲ့   ၂ယောက်ထဲဘဲ ရှိတာမို့  ချောင်တယ်ဟ လို့ ထင်ထားတာ။ ထွက်ခါနီးမှ လူတယောက်ရောက်လာတယ်။ ရောက်လာတဲ့သူကလည်း ခြေတဘက်မသန်ဘူး။ ဂျိုင်းထောက်ကြီးနဲ့  ။
အော်...သူလည်း အညာသွားမှာဘဲကိုး လို့  သတိထားလိုက်မိတယ်။  ရထားက ညနေ ၄နာရီခွဲ လောက်ရန်ကုန်က စထွက်တယ်။ ပဲခူးကိုကျော်ပြီဆိုရင် မှောင်လာပြီပေါ့။  တညလုံး မောင်းပြီး မနက်မိုးလင်း အလင်းရောင် ရခါစဆို သာစည်ရောက်ပြီ။ တို့  တွဲ တွေက မန္တလေး အမြန်ရထားမှာတွဲပေးထားတာ။ ကျောက်ပန်းတောင်းတွဲနဲ့  မြင်းခြံတွဲတွေပေါ့။ ပျဉ်းမနားရောက်ရင် ကျောက်ပန်းတောင်းတွဲကို ဖြုတ်ထားခဲ့ပြီး သာစည်ရောက်ရင် မြင်းခြံတွဲ ကိုဖြုတ်ထားခဲ့တာပေါ့။ သာစည်ကတဆင့်တော့ မြင်းခြံရထားနဲ့  တို့  တွဲ တွေကို  ဆက်ပေးပြီး မြင်းခြံကို မနက် ၇နာရီခွဲ၊ ၈နာရီလောက်စ ထွက်တယ်။ မြင်းခြံကို မနက် ၁၁နာရီခွဲ၊ ၁၂နာရီလောက်ရောက်တာပေါ့။
ညစာကို ပါလာတဲ့ ခေါက်ဆွဲကြာ်လေး ဖွင့်စားပြီးပဲခူးကျော်လာပြီဆိုရင် အိပ်ယာဝင်တော့တာဘဲ။ ထိုင်တဲ့ခုံတွေကို ဆွဲဆန့်  လိုက်ရင် အိပ်စင်ဖြစ်သွားတာဘဲလေ။ တရုပ်ကြီးနဲ့  ကလည်းခုမှသိတာဆိုတော့ ထွေထွေထူးထူး ပြောစရာလည်းမရှိဘူးမဟုတ်လား။  တရုပ်ကြီးက အောက်ကအိပ်စင်မှာအိပ်ပြီး ငါကတော့ အပေါ်ထပ်အိပ်စင်မှာအိပ်လိုက်တယ်။ ဗိုက်ကလည်း အစာပြည့်၊ ရထားကလည်းလှုပ်နေတော့ ပုခက်ထဲ အိပ်ရသလိုပေါ့။ အော်...တခုပြောရအုံးမယ်။ ရာသီဥတုက မိုးဦးကျ ဘဲမို့  အပူရှိန်ကရှိသေးတယ်။ ဒီအချိန်ကမှောင်ခိုခေတ်ဆိုတော့ လမ်းမှာ မှောင်ခို ကုန်သည်တွေ အတင်းတက်မှာစိုးလို့  တံခါးတွေကိုလည်း ပိတ်အိပ်ရတယ်။ အဲဒီလူတွေက အုပ်စုလိုက် အတင်းတက်၊ အတင်းနေရာယူတတ်ကြတဲ့ အပြင် ချောင်ရင် ပစ္စည်းလည်းလစ်တတ်သေးတာကိုး။ အဲ..နောက်တခုက
 မှောင်ခိုတွေကြီးစိုးတဲ့ခေတ်မှာ ရထားတွေကလည်း မီးမပါဘူး။ ညဆိုမှောင်နေတာဘဲ။ခရီးသည်တွေကပါလာတဲ့ ဖယောင်းတိုင်လေးတွေကို
 လေကွယ်ပြီးထွန်းရတယ်။
တို့အိပ်ခန်းက ၃ယောက်ဘဲပါတာမို့  မီးထွန်းမနေတော့ပါဘူး။ အိပ်လိုက်ကြတာပေါ့။ ခြေမသန်တဲ့ သူကတော့ မအိပ်ခင် မီးထွန်းပြီး ဘုရားရှိခိုးတာလား၊ ဘာလားတော့ မသိဘူး။ တခုခု လုပ်တာတော့တွေ့  တယ်။  ပြီးတော့ သူလည်းအိပ်တာပါဘဲ။ ရာသီဥတုကလည်း ပူ၊ အခန်းတံခါးတွေကလည်းပိတ်အိပ်ကြတာမို့  ငါလည်း အပေါ်အင်္ကျီချွတ် စွတ်ကျယ်နဲ့  လုံချည်းလေးနဲ့ ဘဲအိပ်ရတာပေါ့။တရုပ်ကြီးကတော့
 စွတ်ကျယ်လေးနဲ့ အောက်ခံ ဘောင်းဘီလေးနဲ့  ဘဲပေါ့။အိပ်လို့ကလည်း ကောင်းလိုက်တာလေ။ လမ်းမှာ တရေးတောင်မနိုးဘူး။ သာစည်နားရောက်တော့မှ နိုးတယ်။ လူကလည်း စိတ်လွတ်ကိုယ်လွတ်၊ ရထားကလည်းလှုပ်သိပ် နေတာဆိုတော့ ဒီတခါလောက် အိပ်ကောင်းတာမျိုးမတွေ့  ခဲ့ဘူးပါဘူး။
နိုးပြီးဟိုဟိုဒီဒီကြည့်လိုက်တော့ ခြေမသန်လူကြီးကိုမတွေ့ဘူး။ ဘယ်ဘူတာဆင်းသွားတယ်မသိဘူးပေါ့။ စိတ်ထဲက။ နောက် ဟိုဟို ဒီဒီ လိုက်ကြည့်လိုက်တော့ ငါချွတ်ထားတဲ့ အင်္ကျီလည်းမတွေ့ဘူး။ အောက်များကျနေလားလို့ အောက်ကိုငုံ့  ကြည်မိတော့လဲ မတွေ့ဘူး။ ဒါနဲ့ အောက်ကိုဆင်း သေသေချာချာရှာတော့မှ အင်္ကျီတင်မကဘူး တို့အိပ်တွေလည်းတလုံးမှ မရှိတော့ဘူး။ အော်  ဒီတော့မှ ခြေမသန်တဲ့သူက တို့အိပ်တုံး မသွားပြီဆိုတာသိရတယ်။ ငါလည်းစွတ်ကျယ်နဲ့ လုံခြည်လေးတထည်ဘဲကျန်တယ်၊ ၀တ်ထားတာ။ တရုပ်ကြီးလည်း စွတ်ကျယ်နဲ့ အောက်ခံ ဘောင်းဘီလေးဘဲကျန်တယ်။ ပိုက်ဆံလည်းတပြားမှမကျန်တော့ဘူး။ မြင်းခြံကြတော့ မြင်းရထားခပေးရမယ်။
 နောက်မော်တော်ခပေးရအုံးမယ်။ ပြဿနာပေါ့။
သာစည်ဘူတာ ရောက်လို့ ရထားရပ်တော့မှ တွဲ ထဲ ကဆင်းပြီး ရိုးရိုးတန်းဘက် အသိပါသလားလို့ လိုက်ရှာရတယ်။ တော်သေးတယ်။ အသိတယောက်ပါလာလို့  အကျိုးအကြောင်းပြောပြပြီး သူ့စီက အင်္ကျီနဲ့ ပိုက်ဆံ နည်းနည်းချေးခဲ့ရတယ်။
အဲမြင်းခြံ ပခုက္ကူ လမ်းအကြောင်းလည်းပြောရအုံးမယ်။ဒီခရီး ဟာ ဒီလောက် ဆင်းရဲပါလားလို့ ခုလူငယ်တွေ တွေးတောင်တွေးတတ်ကြမှာ
မဟုတ်ဘူး။ပြောရရင်ယုံတောင်ယုံကြပါ့ မလားမပြောတတ်ဘူး။မြင်းခြံမြို့  ကမ်းနဲ့  မော်တော်ဆိပ်က ၂မိုင်ကျော်ကျော်လောက်ဝေးတယ်။ လမ်းကသဲလမ်း။မညီမညာနဲ့။ တော်ရုံတန်ရုံမြင်းတွေမဆွဲနိုင်ဘူး။ ပြိင်မြင်းကြီးတွေလို ဒေါင်ကောင်းကောင်းမြင်းတွေဘဲဆွဲနိုင်တာ။
ဒါကနွေရာသီကိုပြောတာ။ ခု တို့ သွားတာက မိုးဦးကျ ။ မြစ်ရေကတက်စပြုနေပြီ။ ဒီတော့ နိမ့်တဲ့နေရာတွေမှာ ရေ၀င်နေပြီ။ ကျွန်းမြေဆိုတော့ ရေ၀င်တာနဲ့ ရွံ့  နွံတွေဖြစ်သွားပြီ။ မြင်းတွေ မဆွဲ နိုင်တော့ဘူး။ နွား၂ကောင်နဲ့  ဆွဲတဲ့ လှည်းဘဲ ဆွဲနိုင်တော့တယ်။ အဲဒီနွံတွေကလည်း ဘယ်လောက်အထိနက် သလဲဆိုရင် လှည်းပန်းတောင်းမြုတ်တယ်။
 တို့လည်း လှည်းတစီးငှားပြီးမော်တော်ဆိပ်ဆင်းရတာပေါ့။ နွံတွေကလှည်းပန်းတောင်းတောင်ရောက်တော့ နွားအမြီးတွေက နွံတွေထဲကျ။
 နွားတွေက သူတို့  အမြီးကိုရမ်းလိုက်ရင် ရွံ့  စက်တွေက တို့ကို အကုန်စင်တာဘဲ။ နွေနေ့လည်ရဲ့ အပူရှိန်အောက်မှာ တရုပ်ကြီးလည်း
 ချွေးတရွဲရွဲ နဲ့  ၊ ပြောင်နေတဲ့ သူ့  ခေါင်းပေါ်မှာလည်း ရွံ့  စက် အဖတ်ဖတ်နဲ့  ။ သူကရှေ့  ကထိုင်ပြီး နောက်ထပ်ရွံ့  မစင်အောင် နွားမြီးကိုကိုင်ပြီး လိုက်ခဲ့ရတဲ့ သူပုံကို စဉ်းစားသာကြည့်ကြပါတော့။ပြီးတော့ သူ့ ထုံးစံအတိုင်း  " မလွယ်ဘူးဆရာ၊ မလွယ်ဘူးဆရာ " နဲ့   ပြောရင်းဆိုရင်း
 ပခုက္ကူကို ရောက်ခဲ့ရပါတော့တယ်ဗျာ။
ကဲ စာလည်း ရှည်သွားပြီ။ ဖတ်ရတာ ပျင်းများ နေကြမလား။ နောက်တပါတ်မှ ရေခဲစက် ပခုက္ကူ ပို့   တဲ့အကြောင်း ဆက်ပါအုံးမယ်။  ဖတ်ရတာပျင်းစရာကြီးဆိုလည်းပြော။  အားမနာနဲ့။  မှတ်ချက်သာရေး လိုက်ပါနော်။
                 သုစံ
                သြဂုတ်လ၊ ၅ရက်၊ ၂၀၁၂ခု
Saturday, July 14, 2012
                                                     အမှတ်တရ ကလေးများ (၃)
                                    တခါတရံအမှတ်တမဲ့လုပ်ခဲ့သည်များကအမှတ်တရဖြစ်သွားတတ်သည်များကိုတော့ လူတိုင်း ကြုံဘူး၊ ဆုံဘူးကြမှာပါ။ကလေးဆိုတော့လဲ နောင်ဖြစ်နိုင်သည့်ကိစ္စများကိုကြိုပြီးမတွေးတတ်။လုပ်ခြင်တာလေးတခုကိုဘဲအာရုံထဲ
တွင် ရှိနေပြီးလုပ်တတ်ကြတာ ကလေးတိုင်းရဲ့ သဘာဝပါ။ အကျိုးဆက် ကောင်းတာလည်းရှိသလို၊ မကောင်းတာလဲ ဖြစ်ပေါ်
လာနိုင်ပါတယ်။ဒီအကြောင်းမပြောခင် ပထမ အိမ်အကြောင်းပြောရအောင်လား။
                                     မီးလောင်ပြီးတော့မှ ဒီတိုက်ကို စဆောက်တာပါ။၂ထပ်တိုက်ဖြစ်ပြီး အောက်ထပ် မြောက်ဘက်ခြမ်းမှာ အိပ်ခန်း ၃ခန်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအခန်း၃ ခန်းရဲ့ အနောက်မှာမှအပေါ်ထပ်ကို တက်ဘို့ လှေခါးဖွဲ့ ထားတာပါ။ လှေခါးက အတက်ဆိုရင် ဘယ်ဘက်က နံရံ ဖြစ်ပြီး၊ ညာဘက်က လက်ရမ်းတတ်ထားပါတယ်။လက်ရမ်းကိုခိုင်အောင်လို့  လက်ရမ်းအောက်မှာ ပျဉ်ချပ်တွေကို
 အကွက်ဖေါ်ပြီး အပေါ်က လက်ရမ်းကို ထောက်ထားတာပါ။ ဒီပျဉ်ချပ်တွေမှာ စက်ဝိုင်းခြမ်းလေးတွေနဲ့ အကွက်ဖေါ်ထားတာဆိုတော့
ပျဉ်ချပ် ၂ချပ်ဆက်နေတဲ့ နေရာက စက်ဝိုင်းပေါက်လို  အပေါက်ဝိုင်းလေးတွေဖြစ်နေတာပေါ့။ မြင်ပြီနော်။အင်း.... မမြင်ရင်လဲ သွားတာ
ကြည့်လိုက်ပါတော့။
                                           ဒီအဖြစ်အပျက် ကတော့ တို့ မရှိပါဘူး။  ရန်ကုန်မှာ ရောက်နေတဲ့အချိန်ပေါ့။ဘဘဦးကျော်တင့် ပြောပြလို့
သိခဲ့ရတာပါ။ တခါသားတော့ ကိုကျော်စေကတဲ့။ အဲဒီ လက်ရမ်းက အပေါက်ဝိုင်းကနေ ခေါင်းသွင်းပြီအနောက်ဘက် အခန်းထဲကို ငုံ့ ကြည့်တယ်တဲ့။ကလေးဆိုတော့သူ့ ခေါင်းက အသာလေးဝင်သွားတာပေါ့။ အဲ ပြဿနာက ဘယ်အချိန်ကြတော့ ဖြစ်သလဲ ဆိုတော့ သူ့ ခေါင်းကို ပြန်ထုတ်တဲ့အချိန်မှာပေါ့။ ပြန်ထုတ်တော့ မရဘူး။ နားရွက်တွေနဲ့ တစ်နေရောတဲ့။  ဒီတော့ ငိုမှာပေါ့လေ။  ကလေးကိုး။ ဒီတော့ လူကြီးတွေ လဲ ၀ိုင်းပြီးကျိုးစားထုတ်ပေမဲ့ ဘယ်လိုမှမရဘူးတဲ့။ တွေးကြည့်ကြစမ်းပါ။ ရှေးဘုရင်တွေလက်ထက်က ထိပ်တုံးခတ်ထားတဲ့
 ပုံစံမျိုးနေမှာပေါ့။
                                            နောက်တော့ လက်သမားဆရာခေါ်  ပြီိး ပျဉ်ချပ်တွေ လွှနဲ့ တိုက်ဖြတ် တော့မှခေါင်းထွက်လာနိုင်တော့
တယ်တဲ့။  ကိုကျော်စေ။ မှတ်မိသေးလား။ အဲဒီတုံးက ခံစားခဲ့ရတာလေးတွေ အမှတ်ရရင် မှတ်ချက်မှာရေးခဲ့ပါအုံး။ သိရတာပေါ့။
                                                    ကိုကျော်စေ ဒီအရွယ်လောက်ဘဲရှိအုံးမယ်ထင်ပါတယ်။ ကိုကျော်စေရဲ့ဖြည့်စွက် ရေးသားချက်ကလေးကတော့ လိုလိမ့်မယ်ထင်ပါတယ်။  ကြားရအောင်လား ကိုကျော်စေ။
                                               ကိုအောင်ဘုန်း ကလည်းတမျိုး။ သူက ငယ်ငယ်ကတည်းက ဉာဏ်ကအားကြီးကောင်းတာ။
  သူ ၄နှစ်သားလောက်ဘဲရှိအုးမယ်ထင်တယ်။ အဲဒီအချိန်တွေတုံးက အောက်စက်လို့ခေါ် တဲ့ တိတ်ခွေခေတ်ဘဲရှိသေးတာ။ သူတို့ ၅လမ်းမှာ နေတုံးကပေါ့။သူတို့အိမ်ရောက်လို့  ဇတ်လမ်းကြည့်ကခြင်ရင် " ကဲ ကိုအောင်ဘုန်း၊ ဘာဇတ်လမ်းကြည့်ရအောင်၊
 ဖွင့်ပါအုံးကွ၊" ဆိုလိုက်ရင် သူကဖွင့်ပြတတ်တယ်။ ဒီတုံးက သူက စာလဲ မဖတ်တတ်သေးဘူး။တိတ်ခွေတွေကလည်း တီဗီကနေကူးထား
တာတွေဆိုတော့ အပေါ် မှာ ဓာတ်ပုံတွေဘာတွေ ပါတာမဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုမှတ်ထားတယ်မသိဘူး။ ဖွင့်လိုက်ရင် ဟုတ်လို့။
                                                  ကဲ.....ကိုအောင်ဘုန်း၊ ဘ်ာလိုမှတ်ထားတာလဲ ဆိုတာ မှတ်မိရင်ပြောပါအုံး။
                                                     နောက်တခုပြောရအုံးမယ်။ တနေ့သားပေါ့။ သူတို့အိမ်ရောက်တော့ ဘာလဲမသိဘူး။ မိတ္တူ
ကူးစရာရှိလို့  မနှင်းကို ငါလမ်းထိပ်မိတ္တူ သွားကူးလိုက်အုံးမယ်ဆိုတော့၊ ကိုအောင်ဘုန်းက သူလဲလိုက်ခဲ့မယ်ဆိုပြီး လိုက်လာခဲ့တယ်။ မိတ္တူကူးပြီးပြန်ထွက်လာတော့ " ဒီဆိုင် ၀င်ကြည့်ရအောင်" ဆိုပြီးနောက်တဆိုင်ကို ၀င်ဘို့ခေါ်တယ်။ " အေး...ကြည့်လေ"  ဆိုပြီး အဲဒီဆိုင်ထဲဝင်ကြတာပေါ့။ ဆိုင်ထဲရောက်တော့ အရုပ်တခုကို လက်ညိုး ထိုးပြပြီး အဲဒိအ၇ုပ် ၀ယ်ပေးဆိုပြီးပူစာတော့တာပါဘဲ။
 ဈေးနှုန်းကိုကြည့်လိုက်တော့ ကျပ် ၁၀၀ကျော်တယ်။ လဘက်ရည်တခွက်မှ တမတ်၊ ပြား၃၀လောက်ပေးရတဲ့ခေတ်မှာ ၁၀၀ကျော် အရုပ်ဆိုတော့ ဘယ်ဝယ်နိုင်ပါ့မလဲ။
                                                       နေအုံးကွ ပိုက်ဆံမပါသေးဘူး။အိမ်ပြန်ယူရအောင် ဆိုလဲ " ဟင်"ဆိုပြီး ဆိုင်ရှေ့မှာ ငုတ်တုတ်
ထိုင်ချလိုက်တယ်။ ခုဝယ်ပေးဆိုပြီး မထတော့ဘူး။ ဘယ်လိုမှချော့လို့မရဘူး။ဒီအချိန်က ရန်ကုန်မှာ ခလေးတွေဖမ်းဖမ်းသွားတတ်လို့ 
ခလေးပျောက်တဲ့ သတင်းတွေကလဲ ပြန့် နေတဲ့အချိန်ဆိုတော့၊ လမ်းသွားလမ်းလာတွေက တို့ နှစ်ယောက်ကို စေါင်းစေါင်းကြည့်
သွားကြတယ်။
                                                         ငါ့လဲ အသေးလေးတို့များ ဈေးကပြန်လာတာ တွေ့ရမလား။တခြားအသိတွေ ရောတွေ့မ
လားနဲ့ ၊ စိတ်ထဲက တယောက်ယာက် လာပါစေလို့  ဆုတောင်းနေပေမဲ့ ဘယ်သူမှမလာဘူး။ နောက်တော့ သူပူစာလို့မရနိုင်တော့မှန်း သိသွားတယ်နဲ့တူတယ်။ အဲဒီကြမှ ပြန်မယ်ဆိုပြီး ထပြန်လာတော့တယ်။
                                                        ကိုအောင်ဘုန်း....မှတ်မိသေးလား။
                                        ကိုအောင်ဘုန်း  ဒီအရွယ်တောင်မရှိသေးဘူးထင်တယ်။
                                                            နောက်တယောက်က ဘုမ အကြောင်းပြောခြင်သေးတယ်။သူ့  ကို သူ့  အမေက ရန်ကုန်မှာ
လာမွေးတာ။ မွေးပြီးရက်ပိုင်းရှိသေးတယ် ပြန်သွားလို့  သူ့ ကိုငယ်ငယ်ကအမှတ်ရစရာမတွေ့  ရဘူး။ ဘယ်အချိန်မှပြန်တွေ့ရလဲ
 ဆိုတော့ သူ့  အဖေ ကိုတင့်လွင် ဗိုက်ရောဂါဖြစ်ပြီး ရန်ကုန်ပြန်ပြတဲ့ အချိန်မှပြန်တွေ့  ရတာပါ။  သူ့သတင်းတွေတော့ကြားရပါတယ်
လေ။ သူ့အကိုက အရပ်ရှည်သလောက် သူကပုတုတုလေးဖြစ်နေလို့  သူ့ဦးလေး ကိုကျော်လွင်က ချစ်စနိုးနဲ့  ပုတုမ လို့နံမည်ပေးထား
တယ်တဲ့။
                                                             ကိုတင့်လွင် ဆရာဝန်လာပြတဲ့ အချိန်က ၅လမ်း မနှင်းတို့အိမ် ကန်ထရိုက်တိုက်ဆောက်နေတဲ့ အချိန်။ သမီးနွယ်မာကလည်း ၁၀တန်းရောက်နေတဲ့ အချိန်ပေါ့။ တို့   ကလည်း  ၇လမ်းမှာ ရေမလုံလောက်တဲ့ ပြဿနာရှိတော့ မနှင်း တို့ ငှားနေတဲ့ ၁၀လမ်း အိမ်မှာ သွားရေချိုးရတယ်။ ၁၀လမ်း အိမ်က ဆောက်ပြီးစ အခန်းမဖွဲ့  ရသေးတာမို့  ၂၅ပေအဖွင့်၊ ရှေ့နောက်က ပေ၄၀ပေါ့။ ကိုတင့်လွင်တို့  မိသားစုရဲ့ ကုတင်က ဘယ်ဘက်နံရံ နားမှာ။မနွယ်မာ ကုတင်က ညာဘက်နံရံမှာကပ်ရက်။ မီးဖိုက နွယ်မာ့ ကုတင်ရဲ့
 ခြေရင်းဘက်မှာ။
                                                      တနေ့သား  တို့ရောက်နေတုံး မနွယ်မာက ကျူရှင်က ပြန်လာတယ်။မနှင်းက ညစာဟင်း
ချက်နေတယ်။ အ၀င်းက အ၀တ်လျှော်နေတဲ့ အချိန်ဆိုတော့ မီးဖိုနဲ့ မလှမ်းမကမ်း မှာရှိတဲ့ ထမင်းစားပွဲမှာထိုင်နေတာပေါ့။ နွယ်မာက ကျူရှင်က
 ပြန်ရောက်တော့ လွယ်အိပ်ချပြီး ကုတင်ပေါ်  တက်အိပ်နေတယ်။ ဒီတော့ မနှင်းက ဟင်းချက်နေရင်း သူ့သမီးကို စာမကြိုးစားဘူး၊ အိပ်ဘဲနေတယ်၊ ၁၀တန်းမအောင်ရင်တော့ ညီး ဘဘ ကို ပြောရမှာဘဲ၊ ဘာဘဲ၊ ညာဘဲနဲ့ မြည်တွန်တောက်တီးနေတာပေါ့။
                                                         ဒီအချိန်မှာ ဘယ်ဘက်နံရံနားမှာ သူ့  အမေရဲ့ ရင်ခွင်ထဲမှာထိုင်နေတဲ့ ပုတုမက ဗြုံးဆိုထပြေးလာပြီး မနွယ်မာရဲ့ ကုတင်ခြေရင်းကနေ မနွယ်မာကိုချောင်းကြည့်တယ်။  ပြီးတော့ မီးဖိုဘက်လှဲ့  ပြီး " နှင်းနှင်း၊ နှင်းနှင်း" နဲ့  ခေါ်လိုက်တယ်။
မနှင်း ကလည်း သမီးအပေါ် စိတ်တိုနေတဲ့ အချိန်၊ ဟင်းကလည်းချက်နေရတဲ့အချိန်ဆိုတော့ " ဘာတုံး"ဆိုပြီး အသံပြတ်နဲ့
 ပြန်ထူးလိုက်တာပေါ့။ ဒီတော့ ပုတုမက နွယ်မာအောင်ကို လက်ညိုးထိုးပြီး " သူတကယ်အိပ်ခြင်လို့  နေမှာပါ" ဆိုပြီး ပြောလိုက်တယ်။  ဒီမှာတင် မနှင်း က ဒေါပွပြီး " အံမယ်၊ ညီးကလက်တောက်လောက်ရှိသေးတယ်၊ ငါ့ကိုဆရာလာလုပ်တယ်ပေါ့လေ" ဆိုပြီးခါးထေါက်
ရန်တွေ့တော့တာဘဲ။ ပုတုမလဲ ဗြုံးဆို သူ့  အမေရင်ခွင်ထဲ ပြန်ပြေးပြီး ပုနေတော့တာဘဲ။
                                                             သဘောကြလွန်းလို့ ဒီအဖြစ်အပျက်ကို ဘယ်တော့မှမမေ့နိုင်တော့ဘူး။ မှန်တယ်ထင်တာကို ပွင့်ပွင့်လင်းလင်းပြောရဲလို့  ဗိုလ်ချုပ်အောင်ဆန်းသွေးဘဲဟလို့  ဒီကတည်းကသူ့ အပေါ် ဂုဏ်ယူလေးစားတဲ့စိတ်နဲ့  ငါ့သမီးလေးလို့
ချစ်ခင်မိတော့တယ်။
                                                            ကဲ....ကဲ....စာလည်းရှည်သွားပြီ။ ကျောင်းစာတွေနဲ့ အလုပ်ရှုတ်နေမှာမို့ သမီးလေးရော ဒီစာတွေဖတ်မိပါ့မလား။ ဖတ်မိတဲ့ သူတွေကလည်း ရေးသူ အားရှိအောင် မှတ်ချက်ကလေးတွေနဲ့ အားပေးကြပါအုံးလေ။
                               အားလုံး မင်္ဂလာပါ။
                              သုစံ
                              ဇူလိုင်လ၊ ၁၄ရက်၊ ၂၀၁၂ခု