မြို့  ပြ၏ မွန်းကျပ်ခြင်း မှ
နံနက် အိပ်ယာက ထပြီး အရှေ့ ကို ကြည့် မလား၊ အနောက်ကိုကြည့်မလား၊ ပါတ်ဝန်းကျင် ဘယ်ကိုဘဲ ကြည့်ကြည့် အိမ်တွေ အိမ်တွေ၊ တိုက်တွေတိုက်တွေနဲ့။ လမ်းပေါ်မှာ ကြည့်လိုက်ပါအုံးလား။ ကားတွေ ကားတွေ ဟိုကိုသွား ။ ဒီကိုလာနဲ့။ တနေ့လာလည်း ဒါဘဲတွေ့ရ၊ နောက်နေ့ လာလည်း ဒါဘဲတွေ့ရနဲ့။
ကောင်းကင်ပြာပြာ၊ ပင်လယ်ပြာပြာတွေ ဘယ်မှာလဲ။ ညှင်းညှင်းညံ့ညံ့ ရေစီးသံလေးတွေနဲ့ ချောင်းကွေ့ကွေ့ ကောက်ကောက်လေးတွေ ဘယ်မှလဲ။ လေလာတိုင်း ယိမ်းနွဲ့ နေတဲ့ မြက်ပင်လေးတွေ၊ ကိုင်းပင်လေးတွေ၊ မညီမညာ မြင့်မြင့် မို့မို့ တောင်ကုန်းလေးတွေရော ဘယ်မှာပါလဲ။ ရေစီးသံ ချို ချို လေးတွေ နားထောင်ချင်ပါရဲ့။ ယိမ်းနွဲ့ နေတဲ့ ကိုင်းပင်လေးတွေက ထွက်လာတဲ့ လေတိုးသံ စူးရှရှလေးတွေကိုလည်း နားဆင်ချင်ပါရဲ့။ လေထဲမှာ ဝေ့ဝေ့၀ဲပြီး ရေစပ်မှာ ငါးရှာနေတဲ့ ဗျိုင်းဖြူဖြူ လေးတွေကိုလည်း ကြည့်ချင်ပါရဲ့။
မြို့ ထဲမှာဘဲ သံသရာလည်နေရတော့ ကြာတော့လေ မြို့ ပြရေစုံဝဲထဲမှာ နစ်မွန်းသလို မွန်းကျပ်လာတော့တယ်။
ဒီနေ့ ၊ နိုဝင်ဘာလ၊ ၂၈ရက်၊ ၂၀၁၅ခုကတော့ အခွင့် အရေးတခုရလိုက်တယ်။ ကျေးဇူးတော်နေ့ အပြီးမှာ ရုံးပိတ်ရက်တွေ ထပ်နေလို့ အားလုံးအားကြတာနဲ့ ဖရီးမောင့် မြို့ နားက Coyote Hill ဆိုတဲ့ အပန်းဖြေနေရာကိုသွားကြတယ်။ မိသားစုလိုက်ပေါ့။ ဒီနေရာက ဖရီးမောင့် မြို့ နဲ့ Bay လို့ ခေါ်တဲ့ ပင်လယ်အော် အကြား၊ ကမ်းစပ်မှာရှိတာပါ။ တောင်ကုန်းလေးတွေ အစီအရီနဲ့ မြို့ ပြနဲ့ ခပ်လှမ်းလှမ်းမှာပေါ့။ တောင်ကုန်းတွေကတော့ အမြင့်ကြီးမဟုတ်ပေမဲ့ ပခုက္ကူ အနောက်ဘက်က တောင်ကုန်းတွေထက်တော့ ၃ဆ-၄ဆ လောက်မြင့်ပါတယ်။ ထုံးစံအတိုင်း ဒီက အပန်းဖြေအနားယူတဲ့ နေရာတွေမှာ လမ်းလျှောက်ဘို့၊ စက်ဘီးစီးဘို့ လမ်းကောင်းကောင်းလုပ်ပေးထားတာပါ။ ကျန်းမာရေးအတွက် လမ်းလျှောက်သူ၊ စက်ဘီးလာစီးကြသူတွေလည်း ရှိပါတယ်။
ဒီတောင်ကုန်းကိုရောက်တော့ ညနေ ၃နာရီလောက် ရှိပြီထင်တယ်။ ဆောင်းတွင်းမို့ နေရောင်က တောက်ပလှပေမဲ့ အအေးဓာတ်ကို ပူနွေးနိုင်စွမ်း မရှိပါဘူး။ ခု ပုံ(၁) က တောင်ကုန်းကို စပြီး တက်နေကြတာပါ။ နေရောင်ကို တောင်ကုန်းက ကွယ်ထားလို့ အရိပ်ကျတဲ့ ဘက်မှာ ပိုပြီး အေးမြလှပါတယ်။
တောင်ကုန်းပေါ်မှာ ဒီလို ကျောက်ဆိုင် ကျောက်ခဲတွေက အများသားကလား။
ဒါ လမ်းခုလတ် မှာ ရိုက်ခဲ့တဲ့ပုံပါ။ နောက်မှာ တွေ့ နေရတဲ့ လမ်းကြောင်းအတိုင်းတက် ရအုံးမယ်။
နောက်က တောင်ကုန်းလေးအပေါ် ရောက်ပြီဆိုတာနဲ့ တွေ့ ရတဲ့ မြင်ကွင်းပါ။ ဟိုတဖက်က တောင်ကုန်းတခုပေါ့။
ဒီတောင်ကုန်းကိုမြင်တော့ သမီးနွယ်မာတို့ ပုပ္ပါးတောင်မကြီးတက်ခဲ့တာကို သတိရမိတယ်။ ရွှေမုဌောဘုရားကနေမြင်မြင်နေရတဲ့ ပုပ္ပါးတောင်မကြီးကို ငယ်ငယ်က တအားတက်ချင်မိခဲ့တယ်။ ဘယ်သူမှစိတ်မ၀င်စားကြလို့ အဖေါ်မရှိတာနဲ့ မတက်ဖြစ်ခဲ့ပါဘူး။ ခုတော့ ဒီတောင်ကုန်းလေးကို ဖရီးမောင့် တောင်မကြီးနဲ့ တောင်ကလာပ်လေးလို့ဘဲ စိတ်ထဲက မှတ်လိုက်တော့ မယ်။ တောင်ကုန်းရဲ့ အမြင့်ကိုသိချင်ရင်တော့ တောင်ခြေမှာ ခွေးကျောင်းနေသူ နဲ့ နိုင်းယှဉ်ကြည့်ပါ။
ရှေ့ ဆက်သွားရင်း စောစောကတောင်ကုန်းလေးရဲ့ မြင်ကွင်းပြောင်းသွားတာကို တွေ့လို့ ထပ်ရိုက်ခဲ့ တာပါ။
ဒီတောင်ကုန်းလေး ရှုခင်းကလှလို့ နောက်ခံထားပြီး တပုံ ရိုက်ခဲ့ ပါသေးတယ်။
ကိုယ်သွားနေတဲ့ တောင်ကုန်းလေးကို ကျော်လိုက်ရင်ဘဲ ပြာလဲ့ ရွှန်းစိုနေတဲ့ ပင်လယ်အော် ရေပြင်ကို ဘွားကနဲ တွေ့လိုက်ရပါတော့တယ်။ ဒီနေ့ ကောင်းကင်မှာ တိမ်ဆိုလို့ ကြက်မ တ၀ပ်စာတောင်မရှိဘူး။ တိမ်ဆိုင် တိမ်ဆုတ်ကြီးတွေရှိလျှင်တော့ ကောင်းကင်က ဓာတ်ပုံရိုက်လို့ ဒီထက်လှနေမှာပါ။
ဒီနားလေးမှာဘဲ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါသေးတယ်။
ခုလာတဲ့ လမ်းက တောင်ကုန်းတခုကို ကျော်ဖြတ်လာလို့ ဖြတ်လမ်းသဘောမျိုးဖြစ်ပြီး
တောင်ကုန်းတခုပေါ်ရောက်နေတာပါ။ တောင်ကုန်းပေါ်ကနေမြင်ရတဲ့ တောင်ခြေပါတ်လမ်းလေးကိုလည်း ရှုခင်းလှလို့ ရိုက်ယူခဲ့ပါသေးတယ်။ လမ်းပေါ်မှာလည်း လူအုပ်စု တစု လမ်းလျှောက်နေကြပါတယ်။
နားစရာ ခုန်တန်းလေး တခုတွေ့ လို့ ခဏ နားကြပါသေးတယ်။ ဒီကနေကြည့်လျှင် ပင်လယ်အော်ကြီး တခုလုံးနီးပါ မြင်ရတယ်ပေါ့။ ခဏ နားပြီးတော့ အပြန်လမ်းအတွက် ဆက်လျှောက်ခဲ့ ကြပါတယ်။
ဟိုး မိုးကုတ်စက်ဝိုင်းစီကို လှမ်းကြည့်လိုက်စမ်းပါ။ ထိုးထိုးထောင်ထောင် အဆောက်အဦးလေးတွေမြင်ရမှာပါ။ အဲဒီမြို့ ကတော့ စံဖရန်စစ်စကိုနဲ့ မျက်နှာခြင်းဆိုင် အရပ်က အုတ်ကလန်မြို့ ပေါ့။ ကိုဖိုးသူ အလုပ်သွားလုပ်ရတဲ့ နေရာလေ။ မြန်မာဆန်ဆန် ခေါ်ချင်လျှင်တော့ ဥက္ကလာပမြို့ ပေါ့။
အပြန်ခရီးကို မြှော် ကြည့်မိတဲ့ပုံပါ။
ပြန်ချိန်ကြတော့ နေတောင် အတော်စေါင်းနေပြီဘဲ။ ဟိုး တောင်တန်းကြီးတွေ နောက်ခံနဲ့ မြို့ ကတော့ ဖရီးမောင့် မြို့ ပါဘဲ။ ရှေ့ လမ်းဆုံ ကနေ ညာဘက်ကွေ့ပြီး လျှောက်လိုက်ရင် ကားထားခဲ့တဲ့ နေရာရောက်ပြီပေါ့။
ဒီနေ့ တော့ စမ်းရေစီးသံ မကြားရပေမဲ့ ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာကြီးကို မငြီးငွေ့ တမ်းကြည့်ရပြီး မြို့ပြရဲ့ မွန်းကျပ်မှုမှ ခဏ ထွက်လာနိုင်ခဲ့ကြောင်းပါဗျာ။
သမီး နွယ်မာတို့ ပုပ္ပါးတောင်မကြီးကို တက်ခဲ့၊ ဆင်းခဲ့ကြတဲ့ ဓာတ်ပုံ ဇတ်လမ်းလေးရှိလျှင်လည်း ကြည့် ရအောင် တင်ပေးပါလားကွယ်။
သုစံ
နိုဝင်ဘာလ၊ ၃၀ရက်၊ ၂၀၁၅ခု။