ကောလိပ်ဂျင်ဘ၀ တခဏ (ပဉ္စမ ပိုင်း)
မနက် လင်းပြီလေ။ ညကအိပ်ရေးပျက်ခဲ့လို့ ရီဝေေ၀နဲ့ မထခြင် ထခြင်နဲ့ အိပ်ယာက လူးလဲထပြီး ကျောင်းသွားခဲ့ ရတယ်။ ဒီနေ့ အလုပ်များမယ် မဟုတ်လား။
ဒီနေ့ တော့ Zoology နဲ့ Botany လက်တွေ့ ခန်းဝင်ရမှာပါ။ ခုပျက်စီးသွားပြီ၊ မရှိတော့ ပြီဖြစ်တဲ့ လိပ်ခုံး ရှိရာ စာသင်ကျောင်းကိုပေါ့။ လက်တွေ့ ခန်းကိုဆောက်ထားထားတာ အင်မတန်ကောင်းပါတယ်။
ဒါကတော့ တို့ လက်တွေ့ သင်ခန်းစာတွေ သင်ခဲ့ ရတဲ့ နေရာပေါ့။ တို့ ခေတ် တုံးကပုံတော့ မဟုတ်ဘူး။ အောက်ဆုံးထပ်က သံဇကာတွေ တို့ တုံးကမရှိပါဘူး။ ခုပုံက တောင်ဘက်စာကြည့်တိုက် အောက်က ရိုက်ထားတဲ့ပုံပါ။ ဒီကျောင်းဆောင်က
တောင်နဲ့ မြောက်နဲ့ တန်းနေတဲ့ အဆောက်အဦပါ။ ဒါရဲ့ အရှေ့ ဘက် အရပ်မှာလဲ အဆောက်အဦ မြင့်မြင့် မရှိဘူး။ အနောက်ဘက်မှာ လဲကွက်လပ်။ အလင်းရောင်ကို ကွယ်နေတာ ဘာမှမရှိဘူး။ လက်တွေ့ ခန်းတခုလုံးရဲ့ အရှေ့ ဘက် အနောက်ဘက် နံရံ တွေက မှန် အထူကြီးတွေနဲံ့ ဘဲကာထားတာ။ အမြဲတန်း လင်းခြင်းနေတာဘဲ။ ဖားခွဲ၊ ၀က်ခွဲ၊ ပိုးဟပ်ခွဲ၊ တီကောင်ရဲ့ ဦးဏှောက်ရှာ ဒီမှာ အကုန်လုပ်ရ တယ်။ ပန်းပွင့် ကလေးတွေကို တစစီ ခွဲပြီးကြည့်မလား။ မြက်ရွက် ကလေးတွေထဲကကလာပ်စီးလေးတွေထဲမှာ " ဆိုက်တိုပလဆမ် "
လေးတွေ လည်ပတ်နေတာကို မိုက်ကရိုစကုတ်နဲ့ ကြည့်မလား။ ခြင်ကောင်လေးရဲ့ အစာအိမ် ဘေးမှာ ငှက်ဖျားပိုးတွေ တွယ်နေတာကို မှန်ဘီလူးနဲ့ အကြီးချဲ့ ကြည့်မလား။ ဒီအခန်းမှာ လက်တွေ့ လုပ်ရတာပေါ့။
ဒီအဆောက်အဦမှာ ခေတ်ပေါ် ပန်းပုရုပ်တွေလဲ ရှိတယ်။ သုံးထပ်တိုက်လောက်မြင့်တဲ့ နံရံ ပေါ်မှာ ကြွေပြားတွေနဲ့ သရုပ်ဖေါ်ထားတဲ့ ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေ ခြောက်ခုလောက် ရှိတယ်။ ထောက်ထားတဲ့ တိုင်မပါဘဲ လေထဲကို ထိုးထွက်နေတဲ့ တဆစ်ချိုး လှေခါးနဲ့ ဒုတိယထပ်ကို တက်ရတဲ့ လှေခါးလဲရှိတယ်။ အလယ်ခေါင်က မွေးမြူထားတဲ့ မြက်ခင်း စိမ်းစိမ်း နုနု လေးတွေ
စိုက်ထားတဲ့ ကွင်းပြင်။ မြက်ရိုင်းကြမ်းကြမ်းထော်ထော်ကြီးတွေ မဟုတ်ဘူး။ ဘိုင်အိုလက်တွေ့ ခန်းကနေကြည့် ရင် စိမ်းစိမ်းမြမြ နဲ့ လွင်နေတာဘဲ။ ပြည်လမ်းမနဲ့ ကပ်ရက်ကလည်း ကြွေပြားခင်း ရေကန်လုပ်ထားသေးတယ်။ အလယ်မှာရေပန်းရှိတယ်။ အဆောက်အဦက
တော်တော်ခေတ်မှီပါတယ်။ ခုခေတ် ရေကြောင်းတက္ကသိုလ်က ကိုဖိုးပါတို့ ၊ မကွေးဆေးတက္ကသိုလ်တို့ မှာတော့ ဘာတွေ ထူးထူးခြားခြားရှိလဲ မသိဘူး။ ရေကျောင်းသားကြီး ကိုဖိုးပါနဲ့ ဆေးကျောင်းသူ ကောလိပ်ဂျင်မလေး တို့ ရေးမှ ဖတ်ရ၊ သိရမှာပေါ့။
လက်တွေ့ တန်းက နေ့ လည် ၁၁နာရီခွဲလောက်မှပြီးတယ်။ တကသ မှာ စ မှာက နေ့  လည် ၂နာရီဆိုတော့ အချိန်နည်းနည်းရတယ်။ ဒါနဲ့ အခန်းပြန် ။ ကျောင်းစာအုပ်တွေပြန်ထားပြီး အိပ်ခြင်ပြေ သူငယ်ခြင်းတွေနဲ့ အတူ ဦးချစ်ဆိုင်မှာ လဘက်ရည်သွားသောက် ကြတယ်။
တကသ အဆောက်အဦမှာတော့ ကျောင်းသားအလံ။ ခွပ်ဒေါင်းအလံ တွေတလူလူပေါ့။ တကသ သီချင်းတွေကိုလဲ
လောက်စပီကာနဲ့ အရပ်လေးမျက်နှာက ကြားရအောင် ဖွင့်ထားတာ အကျယ်ကြီး။ ကိုမြတ်လေးစပ်ခဲ့တဲ့ သီချင်းတွေ အများကြီးကြား
ရတယ်။ ခုတော့ ဒီသီချင်းတွေ ဘယ်ပြန်ရှာရမယ်တောင် မသိတော့ ပါဘူး။
ဦးချစ်ဆိုင်ကနေ အမရ၊ မန္တလေးဆောင်ဘက်က တကသ ကိုမသွားဘဲ အခြေအနေကြည့် ရအောင် လှည်းတန်းဘက်
ထွက်ပြီးမှ တက္ကသိုလ်ရိပ်သာ လမ်းအတိုင်း တကသ ဘက်ကိုလျှောက်လာဖြစ်တယ်။ ရိပ်သာလမ်းပေါ်မှာတော့ ၃-၄ယောက်လောက် စု စု နေတဲ့ အသက်ခပ်ကြီးကြီး လူအုပ်စုတွေတွေ့ ရတယ်။ ထောက်လှန်းရေးတွေနေမှာပေါ့။ အချိန်နီးပြိဆိုတော့ အဲဒီကနေ တကသကို အဓိပတိလမ်းကနေ တဆင့် ၀င်လိုက်တော့ တယ်။
ဒါက တကသ အမှုဆောင်တွေပါ။ တို့ နှစ်ကတော့ မဟုတ်ဘူး။ စစ်မဖြစ်ခင် ဟိုရှေးတုံးကပုံပါ။ အကြီးချဲ့ ကြည့်လျှင် Gift of U Nyo ဆိုတာတွေ့ ရမှာပါ။ သူဌေး ဦးညိုက ဆောက်ပေးထားတာပါ။ ဒီကနေ မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းတွေ မွေးဖွါးပေးခဲ့တာပေါ့။ အပြင်က ရိုက်ထားတဲ့ ပုံတွေက ၀ါးနေလို့ ဒီပုံကိုတင်ပေးလိုက်တာပါ။
တကသ ထဲ ရောက်တော့ ကျောင်းသားတော်တော်များများ ရောက်နေပါပြီ။ တို့ အုပ်စုလည်း ချောင်တဲ့ နေရာရှာပြီး ၀င်ထိုင်လိုက်ကြတယ်။ ခဏနေတော့ အခန်းအနားစတယ်။ အခန်းအနား သဘာပတိ ကတော့ တကသ ဥက္ကဌ ကိုဗဆွေလေး ပေါ့။ တက္ကသိုလ် ကောင်စီမှာ ကျောင်းသားကိုယ်စားလှယ်တွေကို စစ်အစိုးရက ဖြုတ်ပစ်ပြီး မတရားတဲ့ အချက်တွေကို စည်းကမ်းလုပ်ပြီးချမှတ်ထားကြောင်း။ တက္ကသိုလ်ကျောင်းကို သူတို့ စစ်တပ် ဘားတိုက် တွေလို အတင်းအကျပ် ချုပ်ချယ်တဲ့ အမိန့်တွေချထားတာကို ရှုတ်ချကြောင်း။ ကျောင်းသားကိုယ်စားလှယ်တွေ ပြန်ခန့် ဘို့ ၊ အဆောင်စည်းကမ်းတွေ ကို အရင်လိုဘဲ ပြန်ပြင်ပေးဘို့ တောင်းဆိုချက်တွေ တင်ပြပြီး ကျောင်းသားထုရဲ့ သဘောတူညီချက် တောင်းခံခဲ့ပါတယ်။ တို့ တတွေကလည်း ၊ အားလုံးကလည်း ထောက်ခံကြောင်း ဆန္ဒပြုကြတယ်။ နောက်ဆုံးကြတော့ ကိုသာဘန်းထင်တယ်။ သူကတခုတောင်းဆိုတယ်။ ဒီအစည်းအဝေးပြီးလျှင် ဖိနှိပ်ချုပ်ချယ်မှုတွေကို ဆန့် ကျင်ကန့် ကွက်တဲ့ အနေနဲ့ ကျောင်းသားတွေ ကျောင်းဝန်းအတွင်းမှာဘဲ အဓိပတိ လမ်းတလျှောက် ချီတက် ဆန္ဒပြဘို့ တင်ပြတယ်။ တက်လာတဲ့ ကျောင်းသားတွေ ကိုဆန္ဒတောင်းခံတဲ့ အခါ အားလုံးက သဘောတူတဲ့ အတွက် တကသ က ဦးဆောင်ပြီး တို့ တတွေ အဓိပတိ လမ်းတလျှောက်ချီတက်ဆန္ဒပြကြပါတယ်။
ဒါက တကသ အဆောက်အဦက ထွက်လာတဲ့ ပုံပေါ့။
ဒါက ဘွဲ့ နှင်းသဘင် အဆောက်အဦ ရှေ့ ကနေပြန် ထွက်လာတဲ့ ပုံပါ။ အချိန်သိပ်မကြာပါဘူး။ ညနေ ၄နာရီလောက်ဆို ပြီးတယ်နဲ့ တူပါတယ်။ ပြီးပြီဆိုတော့ ကျောင်းသားတွေလဲ ကိုယ့် အဆောင်ကိုယ်ပြန်ကြပေါ့။ တကသ က အမှုဆောင်တွေဘဲ တကသ မှကျန်ခဲ့ တာပါ။ တကသ က ၂ထပ်အဆောင်။ အစည်းအဝေးကအပေါ်ထပ်ခမ်းမကြီးမှာ လုပ်တာ။
အောက်ထပ်မှာက လဘက်ရည်ဆိုင်၊ ဆံသဆိုင်တွေရှိတယ်။ ငါကတော့ ကိုယ့် အဆောင်ကိုယ်မပြန်သေးဘဲ စစ်ကိုင်းဆောင်က သူငယ်ချင်း သက်တင် အခန်းကို လိုက်သွားတယ်။ သူနဲ ကိုရဲမြင့် နဲ့ ကတခန်းထဲ။ ၂ယောက်လုံးနဲ့ သိတော့သူတို့ နှင့်စကားသွားပြောနေတာပါ။
အေးအေးဆေးဆေးပါဘဲ။
မကြာပါဘူး။ အဓိပတိလမ်းတလျှောက်မှာ ကျောင်းသားတွေ အော်ပြီးပြေးလာကြလို့ ဘာဖြစ်တာလဲဆိုပြီး အခန်းထဲကထွက်၊ ၀ရန်တာကနေ ကြည့်ဖြစ်တယ်။ တကသမှာ ပုလိပ်တွေ ၀င်ဖမ်းနေပြီ။ ရဲဘော်တို့ ဆင်းခဲ့ကြ လို့ အော်ပြီး အဆောင်က ကျောင်းသားတွေကို လိုက်ခေါ်နေတာကိုး။ ချက်ခြင်း ဗြုံးဆို အဓိပတိလမ်းပေါ် ရောက်သွားတယ်။ ကျောင်းသားတွေ နည်းနည်းဘဲ ရှိသေးတယ်။ တကသ နဲ့ မျက်နှာခြင်းဆိုင်ကအဆောင်က မန္တလေးဆောင်မို့ အဲဒီအဆောင်ရှေ့ မှာတော့ ကျောင်းသားတွေ နည်းနည်းရှိတယ်။ သူတို့ က တကသ ဘက်မှာ ရှိနေတဲ့ ပုလိပ်တွေကို တွေ့ တဲ့ ခဲလုံးတွေနဲ့ ပေါက်နေတာကိုး။
တို့ ကျောင်းဝန်းထဲကို ကျူးကျော်ဝင်ရောက်ပြီး တို့ ခေါင်းဆောင်တွေကို မတရားဖမ်းစီးတာ တို့ ကျောင်းသားထုကို
စော်ကားတာ၊ တို့ ပြန်ပြီး ခုခံရမယ် ဆိုတဲ့ အတွေးက ရင်ထဲ နှလုံးထဲ ဗြုံးဆို ၀င်လာတယ်။ ဒီတော့ တွေ့ တဲ့ ကျောင်းသားတွေနဲ့
ပေါင်းပြီး တွေ့ တဲ့ ခဲ နဲ့ ကောက်ပေါက်ဖြစ်တယ်။ နောက် အဓိပတိလမ်းပေါ်ကနေ ပေါက်ရတာ အားမရတာနဲ့ မန္တလေးဆောင်ဘက် သွားပြီး မန္တလေးဆောင် ရှေ့ က ကျောင်းသားအုပ်စုနဲ့ ပေါင်းပြီး ပြန်လည် ခုခံခဲ့ပါတယ်။
တဖြည်းဖြည်း ကျောင်းသားတွေ များလာတယ်။ သူငယ်ချင်းရဲထွတ်ကိုလဲ ဒီနေရာမှာတွေ့ ခဲ့တယ်။ အဲဒီကနေ ပထမ အဓိပတိလမ်းမဘက် ပြန်သွားမယ်ဆိုပြီး အမရဆောင်ဘက်ပြန်ထွက်လာတယ်။ ဒီမှာ ကျောင်းသား ပခုက္ကူအသင်း က အတွင်းရေးမှူး ကိုအောင်မြင့်သိန်းနဲ့ တွေ့ လို့ သူက မင်းတို့ နက်ဖန် "Fresher welcome " လာဘို့ မမေ့နဲ့ နော် လို့ သတိပေးတာ ခံရပါသေးတယ်။ အဲဒီနှစ်က တက္ကသိုလ် ကျောင်းသားပခုက္ကူအသင်းဥက္ကဌကအင်ဂျင်နီယာကျောင်းသား ကိုစိုးမြင့်၊ အတွင်းရေးမှူးက ကိုအောင်မြင့်သိန်း။
ကျောင်းသားသစ်တွေ ကြိုဆိုမဲ့ ပွဲကို ဇူလိုင် ၈ရက်နေ့ နေ့ လည်မှာ တကသအဆောက်အဦကခန်းမကိုငှားပြီးလုပ်မှာပါ။ သူ့ ကို
"လာမှာပါ။ စိတ်ချပါ။ " လို့ ပြောခဲ့ ရသေးတယ်။ နောက် အဓိပတိ လမ်းပေါ် ပြန်ရောက်တော့ သထုံဆောင်က ကိုညွန့် စံ၊ ကိုရဲ တို့ ကိုလဲတွေ့ လို့ သူတို့ နဲ့ ပေါင်းပြီး ပုလိပ်တွေကို ခုခံဖြစ်ပါတယ်။
တကသ ရှေ့ ကနေ ပုလိပ်တွေထဲကနေ ခြောက်လုံးပြူးနဲ့ ပစ်ခတ်ပါသေးတယ်။ ဒါပေမဲ့ ကျည်ဆံ ထိပ်ဖူး ဖြုတ်ထားတဲ့ အတွက် အသံဘဲ မည်တာဘဲ လို့ သိကြတဲ့ အတွက် ကျောင်းသားအုပ် ကွဲ မသွားပါဘူး။ ဒီတော့ ပုလိပ်တွေက မျက်ရည်ယိုဗုံးတွေကို ထုတ်သုံးလာတယ်။ ငါတို့ အတွက်တော့ ဒါ ပထမဆုံးအတွေ့ အကြုံဘဲ။ ပစ်လိုက်တဲ့ ဗုံးက ရောက်လာရင် နဲနဲတော့ ပူတယ်။ မီးခိုးတွေထွက်လာပါတယ်။ ဒါပေမဲ့ ထူပစ်နေလောက်အောင် မထွက်ပါဘူး။ မီးလောင်တာလဲ မရှိပါဘူး။ ဒါပေမဲ့ မျက်စိတွေ အရမ်းစပ်ပြီး မျက်စိဖွင့် လို့ မရလောက်အောင်ကို ဖြစ်လာတတ်ပါတယ်။ ဒီ မျက်ရည်ယို ဗုံးတွေ လောက်တော့ ကျောင်းသားတွေက ပျင်းတောင် ပျင်းပါသေးတယ်။ အတွေ့ အကြုံ ကများပြီလေ။ မကြာခဏ မျက်ရည်ယိုဗုံးဒဏ် ခံရဘူးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေကြတယ်။ အဆောင်ကနေ ရေပုံးတွေနဲ့ ရေတွေ သယ်လာကြတယ်။ အဲဒီရေနဲ့ မျက်နှာသစ်လိုက်တယ်ဆိုတာနဲ့ မျက်စိ ပူစပ်နေတဲ့ ဝေဒနာ ဟာ ချက်ခြင်းပျောက်သွားပါတယ်။
တချို့ ကျောင်းသားတွေက ကျလာတဲ့ ဗုံးကို ကောက်ပြီး ပြန်ပစ်တာ၊ ရေပုံးထဲ ကောက်ထည့်တာ တွေ လုပ်တော့ သူတို့ မျက်ရည်ယို ဗုံးဟာ ဘာမှ ထိရောက်မှု မရှိတော့ ပါဘူး။
နောက် သိပ်မကြာပါဘူး။ ပုလိပ်တွေလဲ တကသ အဆောက်အဦ ထဲကဆုတ်ပြီးထွက်သွားကြပါတယ်။
ကျောင်းသားတွေက လဲ ဟေး ဟေး ဆိုပြီး အော်ဟစ်ရင်း အဓိပတိလမ်းထိပ် အထိ လိုက်ကြတယ်။ အဓိပတိ လမ်းထိပ်ရောက်တော့
နောက်ထပ် မ၀င်နိုင်အောင်ဆိုပြီး အဓိပတိ လမ်းထိပ်က တံခါးကို ပိတ်လိုက်ကြပါတယ်။
နောက် ကျောင်းသားတွေက တို့ ကျောင်းထဲဝင်ပြီး တို့ ခေါင်းဆောင် ကျောင်းသားတွေ အဖမ်းခံရတာ ပါမောက္ခချုပ် အသစ်ဖြစ်တဲ့ ဦးကာ ညံ့ဖြင်းလို့ ဆိုပြီး ဦးကာကို စိတ်ဆိုးဒေါသထွက်ကြပါတယ်။ ဦးကာ ကိုဆန့် ကျင်ပြီး ကြွေးကြော်သံတွေ
အော်ဟစ်လာတယ်။ နောက် ဦးကာ ဘယ်မှာတုံးဆိုတော့ မဝေးပါဘူး။ တကသ အဆောက်အဦ နဲ့ ကပ်ရက် ခြံဝိုင်းက အိမ်မှာ ဦးကာက နေတာကိုး။ ဒီလိုကပ်ရက် နေ နေပြီး ကျောင်းသားတွေ အဖမ်းခံရတာ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခံရတာ ဦးကာ က ဘာမှဝင်မပြောဘူး။ ၀င်မတားဘူး။ သူအသုံးမကျလို့ ဆိုပြီး ဦးကာ အိမ်ကိုဝိုင်း ဆန္ဒပြကြပါပြီ။
ဒီအချိန်မှာ တက္ကသိုလ်ရိပ်သာလမ်း နဲ့ နီးတဲ့ ဘက်က ကျောင်းသားတွေက ပြောလို့ တက္ကသိုလ် ၀န်း တခုလုံးကို စစ်တပ်က ၀ိုင်းထားပြီဖြစ်ကြောင်းကိုသိလိုက်ရပါသည်။
ကဲ...ကဲ စာလဲ အတော် ရှည်သွားပြီ။ ဒီမှာ တပိုင်းရပ်လိုက်အုံးမှ တော်မည်ထင်ပါတယ်။
နောက်တပိုင်းကို စောင့် မျှော် ဖတ်ရှုကြပါရန်။
အားလုံး အဆင်ပြေကြပါစေ။
သုစံ
ဧပြီလ၊ ၁၄ရက်၊ ၂၀၁၃ခု