ဒုလ္လဘ၊ ကြုံသမျှ
အသစ် တင်လိုက်ပါပြီ။ ဒီအကြောင်း ရေးမယ်လို့ တခါသား(၂) မှာ အစလေးဖေါ်ခဲ့ ပေမဲ့ ဘယ်သူမှ မတွေ့ ဘူး။ စာရေးသူရေးပုံရေးနည်း
ညံ့တာကြောင့် နေမှာပေါ့နော်။ ဆွဲ ဘို့ တင်လိုက်တဲ့ အစလေးက "သားလှ ရတနာ " ဆိုတဲ့ စကားလေးပါ။ ဒါပေမဲ့ ဆွဲကြတဲ့ သူတွေက ရှင်ပြု နားသ ပုံတွေ ကြည့်မရဘူးဆိုတော့ ဟ ငါဘယ်လိုများရေးမိလို့ ပါလိမ့် ဆိုပြီး ပြန်ဖတ်ရသေးတယ်။ တကယ်တော့ ရှင်ပြု နားသ မင်္ဂလာပွဲ အပြီးမှာရိုက်ခဲ့တဲ့ ပုံလို့ ဆိုလိုတာပါ။ မင်္ဂလာပွဲမှာရိုက်ခဲ့တဲ့ပုံ လို့ မဆိုလိုပါဘူး။
အင်း ...ဒါကလည်း မြန်မာစာကို တက္ကသိုလ်မှာ လေးနှစ်လောက် မသင်ခဲ့ ရလို့ မြန်မာစာဝိဇ္ဇာ ၊ မြန်မာစာဇော်ဂျီ၊ မြန်မာစာတပသီ မဖြစ်ခဲ့ရတဲ့ မြန်မာစာ မှင်စာလေးရဲ့ အရေးအသားကြောင့် ဖြစ်မှာပါ။ ရေးကတည်းက ဖတ်လိုက်တဲ့သူ ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းရှင်းလင်းလင်း ရေးပေမဲ့ ရှင်းရှင်းလင်းလင်း ဖြစ်မသွားတဲ့ အတွက် ပြန်ပြီး ရှင်းလင်းပြရတဲ့ ရှင်းလင်းချက်ပါ။ ( ဘာရယ်မဟုတ်ပါဘူး။ "ရှင်း" ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် ထပ်သုံးပြီး ၀ါကျ တကြောင်း ရေးဖွဲ့ ကြည့်တာပါ။) ဓာတ်ပုံကိစ္စ ဖြစ်သလို ရေခဲစက်ပို့ တာကို ဆားစက်ပို့ တယ်လို့ ထင်သွားအောင် ဖတ်ပြနိုင်ခဲ့တာလဲ ဒီမှင်စာလေး ရဲ့ အရေးအသားကြောင့်လား မသိပါဘူး။ ထားတော့။
ဒီအကြောင်းတွေကို အ၀င်းနဲ့ ပြန်ပြောရင်းနဲ့ မေ့နေတဲ့ အကြောင်းတခုကို သူပြောမှ ပြန်သတိရမိတယ်။ ဒါကတော့ ရေခဲချောင်းစက်ဖွင့် တဲ့နှစ်မှာဘဲ အဲဒီရှင်ပြုနားသပွဲ လုပ်တာပါတဲ့။ ဒီပွဲမှာ လာတဲ့ ဧည့်ပရိဿတ်ကို ကျွေးမွေးဘို့ ကူဖီးလ် လုပ်ပြီးဧည့်ခံခဲ့တာတဲ့။
ရှင်ပြုပွဲ ကိုသိသလောက် လေးကြိမ်လောက်လုပ်ဖူးတယ်။ ပထမဆုံးအကြိမ်ကတော့ ကိုရဲတို့ အဖွဲ့ ရှင်ပြုပြီး အ၀င်းတို့ အဖွဲ့ နားသတာပါ။ နောက်နှစ်တော်တော်ကြာတော့မှ ကိုတင့်လွင်တို့ အဖွဲ့ ရှင်ပြုပြီး မချိုတို့ အဖွဲ့ နားသတာပါ။ ဒါ ဒုတိယအကြိမ်ပေါ့။ တတိယကြတော့ ဦးပညာစာရကို ရဟန်းဘောင် တင်တဲ့ ပွဲပေါ့။ စတုတ္ထကြတော့ ကိုဖိုးသူတို့ ရှင်ပြု၊ မလွင်မာဦးတို့ နားသတဲ့ပွဲပါ။ ဒီနောက်တော့ ကိုချစ်ခိုင်၊ ကိုမောင်မောင်၊ ကိုနေမျိုးတင့် တို့ မကြာခဏ ရဟန်းခံကြတယ်လို့ သိရပါတယ်။ နောက်ဆုံးကတော့ကိုအောင်ကြည်မင်း၊
ကိုကျော်လွင်၊ ကိုမောင်မောင်တို့ ဗုဒ္ဓဂယာမှာ ၀တ်ကြတာနဲ့တူပါတယ်။
ကဲ...ပထမဆုံးပွဲ ကို စလိုက်ကြရအောင်လား။
ဒီပွဲက ကြာပြီဖြစ်တော့ အမှတ်ရတာလေး နည်းနည်းပါးပါးဘဲ ရှိပါတယ်။ ရှင်လောင်းနဲ့ နားသမဲ့ သူတွေကို ဒီတုံးက စလွန်းကားတွေနဲ့ အလယ်တိုက်ကြီးကိုသွားပြီးလုပ်တာပါ။ ကားတွေ တော်တော်များတယ်။ အိမ်ကနေတန်းစီပြီးထွက်တာ။ မှတ်တမ်းဓာတ်ပုံတွေရှိသေးလား၊ မီးထဲပါသွားပြီလားတော့ မသိတော့ဘူး။ ပုံ အကြီးအတွက်တော့ ဒီတုံးက ရိုက်နေကြ စိန်ဓာတ်ပုံတိုက်မှာ ရိုက်ခဲ့ တာပါ။ နားသတဲ့ အ၀င်း၊ သန်းသန်းတင့် ၊ မနှင်းတို့ ကိုပြင်ဆင်မိတ်ကပ်လိမ်းပေးတဲ့သူက ကြေးဆိုင်က မမြရွှေ ပေါ့။ စိန်ဓာတ်ပုံတိုက်မှာ ဓာတ်ပုံရိုက်မယ်လုပ်နေတုံး သူကဘေးကနေ၀င်ပြီးပြင်လိုက်တဲ့ အတွက် သူ့ ပုံပါဓာတ်ပုံထဲပါလာလို့ မှတ်မိနေတာပါ။ ဒီတုံးက ပထမဆုံးပွဲဆိုတော့ ကြီးကြီးကျယ်ကျယ်
လုပ်ဖြစ်ပါတယ်။ ၀ိုင်းအလယ်မှာမဏ္ဍပ်ကြီးထိုးပြီး လုပ်ခဲ့တာပါ။ကျွန်းထဲက လာကူကြသူတွေလဲ အများကြီးဘဲ။ အချက်အပြုတ်ကိုတော့ ဘကြီး သဲ ကဦးဆောင်လုပ်တယ်လို့ မှတ်မိတယ်။ ဘကြီးသဲ ဆိုတာ ဒေါ်ဝက်ရဲ့ ခင်ပွန်းပေါ့။ ရှင်ပြုနားသပွဲ ပြီးတဲ့ ညမှာ လာကူတဲ့ သူတွေကို ပစ္စည်းတွေမဲဖေါက်ပြီး လက်ဆောင်ပေးခဲ့တယ်။ အပျော်ပေါ့။ ပစ္စည်းကလည်းအစုံဘဲ။ ဒီတုံးက ကလေးတွေသိပ်တဲ့ ကြိမ်နဲ့လုပ်ထားတဲ့
ဆောင်ပန်း ( ပုခက်) ကြီးတခုလဲပါတယ်။ ကျွန်းထဲက လာကူတဲ့ အပျိုလေးတယောက်မဲ နိုက်လိုက်တာ ပေါက်မဲက မွေးစ ကလေးတိုက်တဲ့ နို့ ဗူးပေါက်လို့ အားလုံး ၀ါးကနဲ ရီလိုက်ကြတာကို မှတ်မိနေသေးတယ်။
ဒုတိယပွဲကတော့ " တခါသား(၂) " မှာ အစဖေါ်ခဲ့တဲ့ပွဲပေါ့။ ဒီပွဲ အကြောင်းမရေးခင် နိဒါန်းလေးတော့ ပျိုးလိုက်ပါရစေဦး။ ဆန်းသိရိ ရုပ်ရှင်ရုံနားမှာနေတဲ့ ဘဘဦးဘသန်းရဲ့ ညီမ " ဖွါးလေး" ဆိုတာရှိတယ်။ သူ့ ခါးကိုတို့လိုက်ရင် သူက ယောင်ယောင်ပြီး အော်တတ်တယ်။ ကိုချစ်လှိုင်ဆို သူအိမ်ကိုလာပြိဆိုရင် သူ့ ခါးကိုတို့လိုက်ပြီး ဘေးက ပါးစပ်ဆိုင်း တီးပေးတတ်တယ်။ လက်က လက်ခုပ်တီးပေးတယ်။ အဲဒါဆို ဖွါးလေးက ကွေးနေအောင် ကတော့တာဘဲ။လက်တကွေး နှစ်ကွေးလောက်ကပြီးမှ"ဟာဒီကောင်လေးကလဲ"ဆိုပြီးအကရပ်သွားတာ။
အဲသူငယ်ငယ်က ယောင်ယောင်ပြီး အော်တာက" ကျော်တင့် စောလှိုင်ညီလေး"လို့ အော်တတ်တယ်တဲ့။ငါကတော့မကြားဘူးပါဘူး။
သူများတွေပြောလို့ သိတာပါ။
အဲ... အဲဒီ ဦးညီလေးက ပျောက်သွားတာကြာပြီ။ ဘယ်မှာနေလို့ နေမှန်းလဲမသိဘူး။ နှစ်ပေါင်း အများကြီးကိုကြာခဲ့တာပါ။ နောက်တော့ ဘဘဦးကျော်တင့်တို့ က လိပ်စာဘယ်လိုရလဲမသိဘူး။ ရန်ကုန်ရောက်တော့အဲ ဒီလိပ်စာနဲ့ ရှာပြီး သွားတွေ့ ကြတယ်။
တောင်ဥက္ကလာမှာနေတာ။ တွေ့ တော့ ရှေးဖြစ်နောက်ကြောင်းတွေ ပြောကြဆိုကြနဲ့ ပေါ့။ ပြီးတော့ " ဒီနှစ်သင်္ကြန်မှာ ငါ့သားတွေရှင်ပြုမှာ။
မင်းပခုက္ကူလာခဲ့။ သူတို့လဲလာမှာဆိုပြီး" တို့နဲ့ ချိတ်ပေးတယ်။ သူကလည်းလာမယ်ပေါ့။ ဒီတော့ ဘယ်နေ့ သွားဖြစ်မယ်။ ရထားနဲ့ ပေါ့။ အဲဒီ ဦးညီလေးက အဲဒီနေ့ မင်းတို့ အိမ်ကစေါင့်နေ။ ငါကားငှားလာပြီး မင်းတို့ ကိုပါခေါ်မယ် လို့ ပြောတယ်။ တို့ ကလည်း အိုကေ ပေါ့။
ဘူတာဆင်းတဲ့ နေ့ ကြတော့၊ ကိုချစ်လှိုင်ရော ကိုရဲပါ လိုက်မှာမို့ လူများနေတာနဲ့ ငါက ပစ္စည်းတွေနဲ့ စောစောဆင်းလာခဲ့တယ်။ ရထားက ညနေ လေးနာရီခွဲ ထွက်တာပါ။ လေးနာရီသာသာလောက်ကြတော့ တွဲထိုးပြီ။ ဒီအချိန်ထိ ဘယ်သူမှာပေါ်မလာကြသေးလို့ ငါတယောက်ထဲ ပစ္စည်းတွေတင်ရတယ်။ ပစ္စည်းတွေ ရထားပေါ် ရောက်တော့မှ အေးအေးဆေးဆေးထိုင်ရင်း သူတို့ အလာကိုမျှော်နေမိတာပေါ့။ လေးနာရီ
ကလည်းခွဲ ကာနီးလာတော့ ပစ္စည်းတွေပြန်ချရမလား၊ တယောက်တည်းဘဲလိုက်သွားရကောင်းမလားနဲ့ ဘာလုပ်ရမှန်းမသိဘူး။ လည်တဆန့် ဆန့်နဲ့ ပေါ့။ခေါင်းတွဲကလည်း လာမဆက်သေးတော့ရထားမထွက်ပါစေနဲ့ ဦးလို့ ဘဲ ဆုတောင်းနေရတာပေါ့။သူတို့တတွေ၅နာရီ
ထိုးကာနီးမှ ပေါ်လာကြတယ်။ ရထားသာအချိန်မှန်ရင် ဘယ်မှီမလဲ။ ဘာလို့ နောက်ကျနေလဲ ဆိုတော့ ဦးညီလေး လာတာနောက်ကျလို့တဲ့။ ကိုရဲက မစောင့်တော့ဘူး၊ ကိုယ့်ဖာသာ ကားငှားသွားရအောင်ဆိုပြီး အိမ်ကအထွက်ကြတော့မှ ရောက်လာတယ်တဲ့။ သူတို့ ရောက်လာတော့မှ ငါလည်း စိတ်အမောပြေသွားတယ်။ ရထား ထွက်နိုး၊ ထွက်နိုးနဲ့ စောင့်လိုက်ရတာ အဲဒီနေ့ ညနေ ခြောက်နာရီခွဲ လောက်မှ ရန်ကုန်ဘူတာ
ကထွက်ဖြစ်တယ်။ ဒါကတော့ ဒီပွဲမှာ ဦးညီလေးပါလာရတဲ့ အကြောင်းပါ။
တို့ ပခုက္ကူ ရောက်တော့ မှ ဖိတ်စာကို ဖတ်ဖြစ်တယ်။ ပြောခဲ့ တဲ့ အတိုင်းပေါ့။ သားလှရတနာ မောင်တင့်လွင်တင့်၊ မောင်ကျော်လွင်တင့် စသည်ဖြင့်ပေါ့။ အဲဒီ ဖိတ်စာကို ဖတ်ပြီး ကိုကျော်လွင်က ကလေးချင်းဘာပြောသလဲဆိုတော့ " တင့်လွင်က အသားဖြူလို့ သားလှရတနာ လို့ ရေးတာနေမှာ ။တို့ ကြတော့ မပါဘူး" လို့ ပြောသံကြားတယ်လို့ သူ့ သားပြောတာကို သဘောကြပြီး ဘဘဦးကျော်တင့်က တို့ ကိုပြန်ပြောပြတယ်။ ဒီအစလေးကို ထုတ်ခဲ့ တာ ဘယ်သူမှမဆွဲ ကြဘူး။ ကဲ...ထားတော့။
ဒါကတော့ ပန်းစွာတိုက် ဆွမ်းစားဆောင်မှာ သင်္ကန်းတောင်းပြီး ကိုရင်ဝတ်နေတုံးကပေါ့။
သူတို့ ကိုရင်ဝတ်ပြီးတဲ့ အချိန်မှာ ဆရာဦးလှမြင့်က နားဖေါက်ပေးတယ်။ အငယ်ဆုံး မဥမ္မာက စပြီးနားဖေါက်ပါတယ်။ လှခြင်လွန်းလို့ လားမသိဘူး။ မဥမ္မာဖြင့် တစက်လေးတွန့် သွားတယ်မရှိဘူး။
မဥမ္မာ ပြီးတော့ မချိုကိုနားဖေါက်တယ်။ နည်းနည်းတော့ ကြောက်တဲ့ ပုံပေါ်တယ်။
တတိယဖေါက်တာကတော့ မိထား။ သူကတော့ ပိုပြီးကြောက်နေသလိုဘဲ။ ချွေးတွေကိုပြန်လို့ ။ မသီတာကြတော့ ကြောက်လို့ ငိုပြီး ရုံးနေတာနဲ့ ၀ိုင်းကိုင်ပြီး ဖေါက်ရတော့ ဓာတ်ပုံတောင်ရိုက်လို့မရဘူး။ ဒါကြောင့် သူ့ ဓာတ်ပုံ မပါတာ။
ဒါကတော့ ကိုရင်ဝတ်ပြီး ၊ တရားပွဲ မစခင် ကျောင်း ခေါင်းရင်းက ရေကန်ကြီးဘေးနားမှာ ရိုက်ထားတဲ့ ပုံတွေပါ။ ဒီအချိန်မှာ နားမဖေါက်ရသေးပါဘူး။
အလှူတရားပွဲ စကာနီးအချိန်မှာ ရိုက်ထားတဲ့ပုံပါ။
သူတို့တတွေ ကိုရင်က ထွက်လာကြပြီး တို့ တတွေ ရန်ကုန် မပြန်ခင် အမှတ်တရ အားလုံးစုပြီး ဓာတ်ပုံရိုက်ဖြစ်ပါတယ်။
အဲဒီပုံမှာ လူတော်တော်စုံတယ်။ အားလုံး ၂၉ ယောက်ရှိတယ်။ ဒီထဲက တ၀က်လောက် ခု မရှိကြတော့ဘူး။ နောက်ဆုံးတန်း ဦးလေးသိန်းက အစ ကိုရဲ အဆုံး ၇ယောက်မှာ ကိုရဲ တယောက်ဘဲကျန်တော့တယ်။ ( ဦးညီလေး အကြောင်း ဘာမှမကြားရတော့ပေမဲ့ မရှိလောက်တော့ ဘူးလို့ ယူဆပြီးပြောတာပါ။) နောက် သုစံ အစ ကိုရဲဆွေ အဆုံး၈ယောက်ရှိတဲ့ အထဲမှာတော့ ၅ယောက်ဘဲကျန်တော့တယ်။ ထိုင်နေတဲ့ မစောမြင့်လှိုင်အစ မနှင်းအဆုံးမှာတော့၇ ယောက်ရှိတာမှာ၂ ယောက်ဘဲကျန်တော့တယ်။ ရှေ့ ဆုံးတန်း ဖျာပေါ်မှာထိုင်နေကြတဲ့ ကိုကျော်လွင်အစ ကိုတင့်လွင် အဆုံး၇ ယောက်ကတော့ အားလုံးရှိကြပါတယ်။ တနေ့ တော့ ခွဲ ခွါ ကြရမှာမို့ ရှိကြတုံးမှာ တယောက်နဲ့ တယောက် သည်းခံပြီး ချစ်ချစ် ခင်ခင် နေကြဘို့ လိုအပ်တယ်လို့ ထင်မိကြောင်းပါဗျာ။
သုစံ
သြဂုတ်လ၊ ၂၄ရက်၊ ၂၀၁၂ခု